သားဥအိမ် ဖြတ်ထုတ်ခြင်း
အမျိုးသမီးတွေမှာ သားအိမ် တစ်ဖက်တစ်ချက်ရှိ သားဥအိမ် 2 လုံးအနက် 1 လုံးကိုဖြစ်စေ၊ 2 လုံးလုံးကိုဖြစ်စေ ဖြတ်တောက်ထုတ်ပစ်ခြင်း ဖြစ်ပါတယ်။ သားဥအိမ်ကင်ဆာနဲ့ သားအိမ်အလွှာ နေရာလွဲမှားခြင်း စတဲ့ ရောဂါအခြေအနေတွေကို ကာကွယ်ဖို့၊ ကုသဖို့ လုပ်လေ့ရှိပေမယ့် သူ့မှာလည်း သူ့အကျိုးအပြစ်တွေ ရှိတာကြောင့် မဖြတ်တောက် မခွဲစိတ်ခင် ဆရာဝန်နဲ့ သေချာတိုင်ပင် ဆောင်ရွက်သင့်ပါတယ်။
ခွဲစိတ်ဖြတ်တောက်တာဟာ နာရီပိုင်းလောက်ပဲ ကြာတာဖြစ်ပြီး နာလန်ပြန်ထူဖို့ ကြာချိန်ကတော့ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ပါဘူး။ ဒီလိုနာလန်ထူချိန်မှာ ကိုယ့်ကိုယ်ကို သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်တာကြောင့် မလိုလားအပ်တဲ့ ဘေးဥပါဒ်တွေ မဖြစ်ရလေအောင် ဆရာဝန်ကို ကြိုတင်ပြီး တိုင်ပင်မေးမြန်းထားသင့်ပါတယ်။
သားဥအိမ် ဖြတ်တောက်ရတဲ့ အကြောင်းအရင်းတွေကတော့ -
● သားအိမ်အလွှာ နေရာလွဲမှားခြင်းကို ကုသရန်
● နေရာလွဲမှား သနေ္ဓတည်ခြင်းကို လျော့နည်းရန်
● အမျိုးသမီး မျိုးပွားအင်္ဂါစု ပိုးဝင်ခြင်းကို ကုသရန်
● သားဥအိမ်တွင်း အရည်အိတ်၊ ပြည်တည်နာနဲ့ ကင်ဆာဆဲလ်များကို ဖယ်ရှားရန်
● ရင်သားကင်ဆာကဲ့သို့ ကင်ဆာအချို့ကို အားပေးတဲ့ Estrogen ထုတ်လုပ်မှုကို ဟန့်တားဖယ်ရှားရန်
BRCA1 ၊ BRCA2 စတဲ့ မျိုးရိုးဗီဇ gene တွေကို သယ်ဆောင်ထားတဲ့ အမျိုးသမီးတွေမှာ ကြိုတင်ကာကွယ်မှုအနေနဲ့ သားဥအိမ် ဖြတ်တောက်ထားလေ့ ရှိပါတယ်။
>> ဘာတွေ ကြိုတွေးထားရမလဲ?
ခွဲစိတ်မှုတွေ မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ဘာတွေရှောင်ရ၊ ဆောင်ရမယ် ဆိုတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။
ခွဲစိတ်မှုမတိုင်မီမှာ -
● ခန္ဓာကိုယ် စမ်းသပ်မှု
● သွေးစစ်ခြင်း
● ဆီးစစ်ခြင်း
● ကွန်ပျူတာဓာတ်မှန် CT scan
● တယ်လီဗေးရှင်းဓာတ်မှန် Ultrasound စတဲ့ စမ်းသပ်မှုတွေ ပြုလုပ်ရပါမယ်။
သားဥအိမ်ထုတ်ရာမှာ ဗိုက်ဖွင့်ပြီး ထုတ်တဲ့နည်းလမ်းရှိသလို ဗိုက်မဖွင့်ဘဲ မှန်ပြောင်းနဲ့ထုတ်တဲ့ နည်းလမ်းလည်း ရှိပါသေးတယ်။ နည်းလမ်း 2 မျိုးလုံးဟာ နာရီအနည်းငယ်မျှသာ ကြာပေမယ့် ခွဲစိတ်ပြီးနောက် ဆေးရုံမှာ ဘယ်နှရက် နေရမယ်ဆိုတာကတော့ ပြောရခက်ပါတယ်။ လူနာအခြေအနေ၊ ချုပ်ရိုးအခြေအနေတွေပေါ်မှာ မူတည်ပြီး 1 ရက်ကနေ ရက်ပေါင်းများစွာတိုင်အောင် နေရနိုင်ပါတယ်။
>> ဗိုက်ဖွင့်ပြီး သားဥအိမ်ထုတ်ခြင်း
ဒီနည်းလမ်းမှာ ဗိုက်ခွဲပြီး အထဲက ဝမ်းဗိုက်ကြွက်သားတွေကို သေချာဖယ်ရှားရပါတယ်။ သွေးထိန်းတဲ့အနေနဲ့ သွေးကြောတွေကို ခဏတာ ချည်ထားပြီးမှ သားဥအိမ်ကို ဖယ်ထုတ်ပြီး ဗိုက် ပြန်ပိတ်လိုက်ပါတယ်။
>> မှန်ပြောင်းဖြင့် သားအိမ်ထုတ်ခြင်း
မှန်ပြောင်းဖြင့် သားအိမ်ထုတ်ရာမှာ ချက်နားမှာ ခွဲရာသေးသေးပေးပြီး နန်းကြိုးမျှင်လို ကြိုးလေးကို အထဲထည့်လိုက်ပါတယ်။ ဒီကြိုးမှာပါတဲ့ ကင်မရာသေးသေးလေးက အထဲက ကလီစာတွေကို မြင်တွေ့စေနိုင်ပြီး သားဥအိမ်ကို ဖြတ်တောက်နိုင်ပါတယ်။
ဒီနည်းဟာ ဗိုက်ဖွင့်ထုတ်တဲ့ နည်းထက်စာရင် ချုပ်ရိုးနည်းပြီး နာလန်ထူ မြန်စေနိုင်ပါတယ်။
>> ခွဲစိတ်ပြီးနောက်
ခွဲစိတ်ပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ ပြုစုပေးဖို့ အဖော်တစ်ယောက် လိုအပ်ပါတယ်။
ခွဲစိတ်မှု အများစုဟာ အနည်းဆုံး 2 ပတ်ကနေ 3 ပတ်လောက်ထိ အလုပ်က အနားယူဖို့ လိုပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်း ပုံမှန်ပြန်ပြဖို့လည်း အရေးကြီးပါတယ်။
>> နာလန်ထဖို့ ဘယ်လောက်ကြာမလဲ?
ဒီအချက်ဟာ ခွဲစိတ်နည်း အပါအဝင် အခြားအချက်ပေါင်း များစွာတို့အပေါ် မူတည်နေပါတယ်။ မှန်ပြောင်းနဲ့ ထုတ်တဲ့အခါ ဆေးရုံမှာ 1 ရက်တည်းနေရုံနဲ့ ရပေမယ့် ဗိုက်ဖွင့်ထုတ်တဲ့အခါမှာတေ့ာ 2 ရက်နဲ့အထက်တော့ အနည်းဆုံး နေရနိုင်ပါတယ်။
အမြန် ပြန်လည်သက်သာလာအောင် နည်းလမ်းကောင်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပေမယ့် အနည်းငယ်မျှ ဖော်ပြလိုက်ပါတယ်။
● မခွဲစိတ်မီနဲ့ ခွဲစိတ်ပြီး နာလန်ထူကာလတွင် အနားယူခြင်း
● အသက်ရှူ လေကျင့်ခန်း ပြုလုပ်ခြင်း
● အလေးအပင် မခြင်း၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း
● ခင်ပွန်းနဲ့ အတူနေခြင်းကို ရှောင်ကြဉ်ခြင်း
● တန်ပွန် အမျိုးသမီးအသုံးအဆောင်ကို ရှောင်ခြင်း
● ဝမ်းမချုပ်အောင် ကာကွယ်ခြင်း
● အနာ ပိုးမဝင်အောင် ကာကွယ်ခြင်း (ဥပမာ - ရေချိုးခြင်း၊ အဝတ် ကျပ်ကျပ်ဝတ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း)
ဆရာဝန်ကလည်း ချုပ်ရိုးနေရာကို သန့်ရှင်းရေးလုပ်တာ၊ ခြောက်သွေ့အောင်ထားတာ၊ ပိုး ဝင်/မဝင် စောင့်ကြည့်တာ စတဲ့ ဘယ်လိုဂရုစိုက်ရမယ် ဆိုတာတွေကို သေချာရှင်းပြပေးပါလိမ့်မယ်။
>> ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ
အမျိုးသမီးတွေမှာ ရောဂါတွေကို ကာကွယ်ဖို့၊ ကုသဖို့အတွက် သားဥအိမ်ကို ဖြတ်တောက်လေ့ ရှိကြပေမယ့် ဒီလိုဖြတ်တောက်တာကြောင့်လည်း အခြားဆိုးကျိုးတွေ ရစေနိုင်တတ်ပါတယ်။
ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေတော့ ရလေ့မရှိပေမယ့် ဆေးလိပ်သောက်သူတွေ၊ အဝလွန်နေသူတွေနဲ့ ဆီးချိုရှိသူတွေမှာ ခွဲစိတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေ ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အရင်က တင်ပဆုံအောက်ပိုင်း ခွဲစိတ်ဖူးသူတွေနဲ့ ရောဂါပိုးဝ င်ဖူးသူတွေမှာ ဆိုးကျိုးတွေ ပိုခံစားရနိုင်ပါတယ်။
သားဥအိမ် 2 လုံးလုံး ထုတ်လိုက်သူတွေမှာ လုံးဝကိုယ်ဝန်မဆောင်နိုင်တော့ပါဘူး။ ဒါကြောင့် ကလေး လိုချင်သေးသူတွေမှာတေ့ာ အခြားနည်းလမ်းတွေနဲ့ အစားထိုးကုသဖို့ တိုင်ပင်သင့်ပါတယ်။
>> ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
ခွဲစိတ်ခြင်းကြောင့် -
● သွေး အလွန်အကျွံထွက်ခြင်း
● ပိုးဝင်ခြင်း
● အမာရွတ်ဖြစ်ခြင်း
● အာရုံကြော ထိခိုက်ခြင်း
● အကြိတ်ပေါက်ထွက်ခြင်း
● ဆီးလမ်းကြောင်းနဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်မိခြင်း
● ဝမ်းဗိုက်ကြွက်သားတွေ အားနည်းသွားတဲ့အတွက် အူကျွံနိုင်ခြင်း
● ရှားရှားပါးပါး မေ့ဆေးပေးပြီးချိန်မှာ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
>> ဟော်မုန်း အပြောင်းအလဲများ
သွေးဆုံးချိန်မတိုင်မီ သားဥအိမ် ထုတ်ပစ်သူတွေမှာ သွေးဆုံးခြင်းရဲ့လက္ခဏာတွေ မခံစားရလေအောင် ဟော်မုန်းဆေးတွေ သောက်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီဟော်မုန်းဆေးတွေဟာလည်း စိတ်ဓာတ် အတက်အကျမြန်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါသေးတယ်။
ဒီလို ဟော်မုန်းဆေးတွေ မသောက်ဘဲ သွေးဆုံးတဲ့အတိုင်း နေလိုက်တဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ ဟော်မုန်းဆေး လို၊ မလို ဆိုတာဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာကြောင့် သားဥအိမ် မဖြတ်ခင်ကတည်းက ဟော်မုန်းဆေးတွေ သောက်သင့်၊ မသောက်သင့်ကို ဆရာဝန်ကို တိုင်ပင်မေးမြန်းသင့်ပါတယ်။
>> အရိုးပွခြင်း
သားဥအိမ် 2 ဖက်လုံး ဖြတ်တောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က Estrogen ဟော်မုန်း မထုတ်နိုင်တော့တဲ့အတွက် အရိုးပွပြီး အရိုးတွေ အားနည်း ကျွတ်ဆတ်လာပြီး အရိုးကျိုးဖို့ ပိုအခွင့်အလမ်း များလာပါတော့တယ်။
>> အသက်ရှင်နှုန်း
အသက် 50 မတိုင်မီ သားဥအိမ် 2 ဖက်လုံး ထုတ်လိုက်တဲ့ အမျိုးသမီးတွေဟာ အသက် 50 အထိ သားဥအိမ် ရှိနေဆဲဖြစ်တဲ့ အမျိုးသမီးတွေထက် ပိုပြီးအသက်တိုနိုင်တယ်လို့ ဆိုပါတယ်။
သားဥအိမ် 2 ဖက်လုံး ဖြတ်တောက်သူတွေမှာ သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေ အဖြစ်နည်းသွားစေပေမယ့် အခြားရောဂါတွေကြောင့် သေနှုန်းကိုတော့ ပိုများစေလာနိုင်တယ်လု့ိ ဆိုပါတယ်။
ဘယ်လိုပဲဆိုဆို BRCA1 ၊ BRCA2 မျိုးရိုးဗီဇကို သယ်ဆောင်ထားသူတွေမှာတော့ ဖြတ်တောက်ခွဲစိတ်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလို ဖြတ်တောက်ထုတ်လိုက်ခြင်းဖြင့် ကင်ဆာရောဂါတွေကြောင့် သေနှုန်း 80% လျော့ကျသွားသလို အခြားအကြောင်းအရာတွေ အားလုံးကြောင့် သေနှုန်း 77% လျော့ကျသွားစေနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အရေးကြီးတာက သားဥအိမ် မဖြတ်တောက်မီမှာ ဆရာဝန်နဲ့ အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုပါတယ်။
>> ရှုမြင်သုံးသပ်ချက်
တချို့အမျိုးသမီးတွေမှာ သားဥအိမ် ဖြတ်တောက်ခြင်းက အသက်ကယ်ဆေးတစ်ခု ဖြစ်နေနိုင်ပေမယ့် သားအိမ်နဲ့ သားဥအိမ် ကျန်းကျန်းမာမာနဲ့ အကောင်းအတိုင်း ရှိနေရင်တော့ ခွဲစိတ်ခြင်းရဲ့ ဆိုးကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။
ခွဲစိတ်ပြီးချိန်မှာလည်း နာလန်ထချိန် တစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်တာကြောင့် သေချာအနားယူပေးဖို့ လိုပါတယ်။ အိမ်ပြန်ရောက်ပြီး ရက်ပိုင်းလောက်ကို အိပ်ရာကထတာ၊ စားတာသောက်တာ ကူညီပေးဖို့ အဖော်တစ်ယောက်တော့ လိုအပ်ပါတယ်။
သားဥအိမ် တစ်ဖက်တည်း ဖြတ်တောက်ထားသူတွေမှာ သားဥအိမ်တစ်ဖက်နဲ့ သားအိမ် အကောင်းအတိုင်း ရှိနေသေးတာကြောင့် ထူးထူးခြားခြား ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်ဖက်လုံး ဖြတ်တောက်ထားသူတွေမှာတော့ ကြီးကြီးမားမား အပြောင်းအလဲတွေကို ကြုံတွေ့ရမှာပါ။
ဒါကြောင့် ခွဲစိတ်ပြီးချိန်မှာ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ဘာလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)















