အမျိုးသမီးတွေ ရာသီသွေးဆင်းများခြင်းကို လျစ်လျူရှုမထားသင့်
လစဉ် ရာသီလာတာက ခါတိုင်းနဲ့မတူဘဲ အရမ်းများတာ၊ ပုံမှန်ထက် ရက်အကြာကြီးလာတာတွေကို သွေးဆုံးခါနီးအချိန်တွေမှာ ကြုံတွေ့ရနိုင်သလို ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေးဆင်း များတာက အရေးပေါ်အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် စောင့်ကြည့်မနေဘဲ အရေးပေါ်ကုသမှု ခံယူဖို့လိုတဲ့ အခြေအနေတွေ ရှိပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ဘ၀မှာ ရာသီလာချိန် 400, 500 ကြိမ်လောက် ကြုံရလေ့ရှိပါတယ်။
ရာသီသွေးဆင်းများရင် လိုက်နာသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
>> ခန္ဓာကိုယ်အပြောင်းအလဲကို သေချာကြည့်ပါ။
ရာသီ ပထမဆုံး စလာတဲ့အချိန်နဲ့ သွေးဆုံးခါနီးအချိန်တွေမှာ အပြောင်းအလဲဖြစ်တာ ပုံမှန်ပါပဲ။ အမြဲတမ်း ပုံမမှန်ဘူးဆိုရင်တော့ ဘာကြောင့်လဲဆိုတာ အဖြေရှာရပါမယ်။ စိတ်ဖိစီးမှုတွေ၊ ဆေးဝါးတွေနဲ့ အခြားအကြောင်းအရာတွေကြောင့် ဓမ္မတာအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အမြဲတမ်း ရာသီသွေးဆင်း များတာကိုတော့ ဒီအတိုင်း မထားသင့်ပါဘူး။ ဆရာ၀န်နဲ့ တိုင်ပင်ပါ။
>> သေချာစောင့်ကြည့်ပါ။
တစ်လလေးပဲ သွေးဆင်းများတာက ပြဿနာမဟုတ်ပါဘူး။ လအတော်ကြာအောင် သွေးဆင်းများရရင်၊ ရာသီပုံမမှန်ရင် ဆရာ၀န်ပြပါ။ ရာသီသွေးဆင်းများတဲ့ အကြောင်းအရင်းတွေကတော့ -
• သားအိမ်အသားလုံး
• ရောဂါပိုး၀င်ခြင်း
• လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ
• သိုင်းရွိုက်ရောဂါများ
• ကင်ဆာ
• သားအိမ်နံရံ အသားလုံး စတာတွေဖြစ်ပြီး ဒါတွေအားလုံးက ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုပါတယ်။
ဒါကြောင့် ဆရာ၀န်နဲ့ သေချာပြပြီး ရောဂါရှာဖွေဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















