အမျိုးသမီးများပြုလုပ်မိနေသော ကျန်းမာရေးစောင့်ရှောက်မှုအလွဲအမှားများ
အမျိုးသမီးအများစုအနေနဲ့ အာဟာရပြည့်၀စွာ စားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းဖြင့် ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်တတ်ကြတာများပါတယ်။ ဒါပေမယ့် ဒီလိုကျန်းမာရေးကိုအစဉ်တစိုက် ဂရုပြုနေသော်ငြားလည်း တခါတရံမှာပင်ပန်းနွမ်းနယ်ခြင်း၊ နုံးခွေခြင်း၊ မောပန်းခြင်းတို့ကို ခံစားရလေ့ ရှိတတ်ပါတယ်။ ဒီလိုခံစားရတဲ့အခါ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ကြုံတွေ့နေရတဲ့ အသေးအဖွဲကျန်းမာရေးပြဿနာဟု သဘောထားကာ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေခြင်းမရှိဘဲအမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။
အမျိုးသမီးတွေခံစားရလေ့ရှိတဲ့ သိပ်မပြင်းထန်တဲ့ကျန်းမာရေးချွတ်ယွင်းမှုလေးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လွဲမှားမှုတွေကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်လျော့ ချနေသူ အမျိုးသမီးတွေမှာအဖြစ်များတတ်ပါတယ်။ ဒါကြောင့် လွဲမှားတဲ့ကျန်းမာရေးစောင့်ရှောက်မှုများ မဖြစ်စေဖို့ ဖော်ပြပါ မှားယွင်းတဲ့နေထိုင်စားသောက်မှုပုံစံတွေကို မလုပ်ဆောင်မိစေအောင် အထူးဂရုပြုဖို့လိုအပ်ပါတယ်။
1) ရေလုံလောက်စွာမသောက်ခြင်း
တနေ့မှာရေ 8 ဖန်ခွက်သောက်ရမယ်ဆိုတဲ့ ကျန်းမာရေးတိုက်တွန်းချက်တွေကိုသိထားပေမယ့် လက်တွေ့လုပ်ဖို့ဆိုတာခက်ခဲနေတတ်ပါတယ်။ မည်သူမဆိုရိုးရိုးရေထက် အရသာထည့်ထားတဲ့ ရေမျိုးကို သာသောက်ချင်ကြပါတယ်။ တကယ်လို့ သင့်ဟာရေသောက်ဖို့မေ့လျော့နေတတ်သူ ဒါမှမဟုတ် ရေသောက်ဖို့ အလေ့အကျင့်မရှိသူဖြစ်ပါက သင်သောက်မယ့်ရေထဲမှာ ဘယ်ရီသီးလေးတွေထည့်ပြီး ရေသောက်ချင်စိတ်နိုး ကြားလာအောင် လှု့ံဆော်ပေးသင့်ပါတယ်။ ထို့အပြင်တနေ့တာအစားအစာစာရင်းထဲမှာ အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းချို၊ သီးစုံဟင်းရည် စသဖြင့် ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်တွေ ပါ၀င်စေသင့်ပါတယ်။
ခန္ဓာကိုယ်မှာရေဓာတ်ပြည့်၀နေမှသာ အာခံတွင်းခြောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်မအီမသာဖြစ်ခြင်းတို့ အပြင် ၀မ်းချုပ်ခြင်းမှ ကင်းဝေးစေနိုင်မှာဖြစ်ပါတယ်။ ရေဓာတ်လုံလောက်သောအခါ ဆာလောင်မှုပြေပျောက်စေပြီး အစားအစာလိုစိတ်ကို လျော့နည်းစေတဲ့အတွက် ၀ိတ်မြန်မြန်လျော့ကျစေနိုင်တာကြောင့် ကိုယ်အလေးချိန် လျော့ချသူတွေအနေနဲ့ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်၀အောင် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
2) အစာစားချိန်မမှန်ခြင်း
အစာစားချိန် ပုံမှန်မထားခြင်းအထူးသဖြင့် မနက်စာကိုပုံမှန်စားသောက်ခြင်းမရှိတာကြောင့် ခန္ဓာကိုယ်တွင်း ဇီ၀ဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး အစာကိုပိုစားမိစေကာ ကိုယ်အလေးချိန်တက်လာစေနိုင်တဲ့ အပြင် ရောဂါဖြစ်ဖို့လွယ်ကူစေပါတယ်။
စားသုံးရာမှာလည်း ဖြူစင်အောင်ဖွပ်မထားတဲ့ ဂျုံကြမ်း၊ ဆန်ကြမ်း၊ ပဲမျိုးစုံ၊ အခွံမာသီး၊ အစေ့အဆန်၊ သစ်သီး၊ ဟင်းသီးဟင်းရွက် စတဲ့ အစားအစာတွေပါ၀င်အောင် စားပေးမှသာ အစာချေဖျက်မှု စွမ်းအားကောင်းစေနိုင်တဲ့အပြင် ကိုယ်ခံအားကောင်းစေကာ အာဟာရလည်းဖြစ်စေပြီး ဆာလောင်ခြင်းမှကင်းဝေးစေပါတယ်။ ဒါကြောင့် စိတ်နဲ့ခန္ဓာလန်းဆန်းတက်ကြွနေစေဖို့အတွက် တနေ့တာအစားအစာတွေထဲမှာ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက် မပါမဖြစ်ပါ၀င်အောင်စားပေးသင့်ပါတယ်။
3) အသားဓာတ်လုံလောက်စွာမစားခြင်း
ခန္ဓာကိုယ်မှာအသားဓာတ်လုံလောက်နေမှသာ သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ပြီး ဆာလောင်မှုကိုပြေပျောက်စေနိုင်ပါတယ်။ ထို့အပြင် ကြွက်သားတွေကို သန်မာအားကောင်းစေကာ မလိုအပ်တဲ့အဆီပိုတွေကို ခန္ဓာကိုယ်တွင်းသိုလှောင်စေမှုမရှိတာကြောင့် ကိုယ်အလေးချိန်လျော့ကျစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် သင့်တနေ့တာအစားအစာတွေထဲမှာ အသားဓာတ်ပါ၀င်နေဖို့ အရေးကြီးပါတယ်။ အသားဓာတ်စားသုံးရာမှာလည်း အဆီနည်းအသားကိုသာ ရွေးချယ်စားသင့်ပြီး၊ ဥအမျိုးမျိုး၊ အပင် အခြေခံအသားဓာတ်တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး စတဲ့ အစားအစာတွေကို နေ့စဉ်ပါ၀င်အောင် စားပေးသင့်ပါတယ်။
4) ကာဗိုဟိုက်ဒရိတ်ညီမျှစွာမစားသုံးခြင်း
ကာဗိုဟိုက်ဒရိတ်လုံလောက်စွာမစားသုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ၀မ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်စားသုံးဖို့ သင့်လျော်တဲ့ ကာဗိုဟိုက်ဒရိတ် (ဥပမာ - ကန်စွန်းဥ၊ ဆန်လုံးညို၊ အခွံချွတ်မထားတဲ့ကောက်နှံနဲ့ လုပ်ထားတဲ့ ကွေကာ၊ အညိုရောင်ပေါင်မုန့်) ကိုရွေးချယ်စားသင့်ပြီး ကိတ်မုန့်၊ ခရက်ကာ၊ သစ်သီးခြောက်၊ ပေါင်မုန့်ဖြူ၊ ချိုတဲ့ကွေကာ၊ ပြောင်းမှုန့်ကွေကာ၊ အာလူးချောင်းကြော်၊ အာလူးထောင်းစတဲ့ ကာဗိုဟိုက်ဒရိတ်ကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။
5) အဆီများကိုဖယ်စားခြင်း
၀လာမှာစိုးလို့ အဆီလုံး၀မစားဘဲမနေသင့်ပါဘူး။ ခန္ဓာကိုယ်ကောင်းစွာအလုပ်လုပ်ဖို့ အဆီဓာတ်လိုအပ်ပါတယ်။ အဆီချို့တဲ့ပါကလည်း ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ ပဲပုပ်စေ့ဆီကို ရွေးချယ်သင့်ပြီး အသားမှာပါတဲ့ အဆီတွေကိုတော့ မစားသင့်ပါဘူး။
6) လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအတွက် အဘက်ဘက်မှကောင်းကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းကြောင့် မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ ဒဏ်ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာဖြစ်စေနိုင်တဲ့အပြင် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ခြင်းကြောင့် အစားအစာပိုစားလို့ရတယ်လို့ မှားယွင်းယူဆကြပါတယ်။ တစ်နေ့လျှင် နာရီ၀က် တစ်နာရီကြာလေ့ကျင့်ခန်းလုပ်ပေးသော်လည်း အစားအသောက်မထိန်းလျှင် ကိုယ်အလေးချိန်ထိန်းထားဖို့ မဖြစ်နိုင်ပါဘူး။
Cho Thet (www.drmyanmar.com)
















