/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးများ-လျစ်လျူမရှုသင့်သော-ကင်ဆာရောဂါလက္ခဏာများ

အမျိုးသမီးများ လျစ်လျူမရှုသင့်သော ကင်ဆာရောဂါလက္ခဏာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        အမျိုးသမီးတွေအနေနဲ့ပိန်တာ၊ ၀တာကြောင့် ခန္ဓာကိုယ်သိသိသာသာ ပြောင်းလဲလာစေနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေကြောင့် ခန္ဓာကိုယ်အပေါ်ယံရုပ်လွှာမှာလည်း ပြောင်းလဲမှုတွေ အစဉ်အမြဲဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့်တခါတရံမှာ ကင်ဆာလက္ခဏာကို သာမန်ခန္ဓာကိုယ်ပြောင်းလဲမှုလို့သာ မှတ်ယူတတ်ကြပြီး အချိန်နှောင်းမှသိရှိခြင်းကြောင့် အသက်ဆုံးရှုံးသွားသူတွေ ရေတွက်လို့မရနိုင်အောင် များပြားနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်ကင်ဆာရောဂါကို သတိမမူမိဘဲအသက်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်အောင် ခန္ဓာကိုယ်ရှိဘယ်လိုပြောင်းလဲမှုတွေက ကင်ဆာဖြစ်နေနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

        ဒါပေမယ့် ဒီလက္ခဏာတွေတွေ့တိုင်းလည်း ကင်ဆာလို့ တစ်ထစ်ချသတ်မှတ်နိုင်တာမဟုတ်ပါဘူး။ ဆရာ၀န်နဲ့တိုင်ပင်ဆွေးနွေးပြီး လိုအပ်သောစစ်ဆေးမှုများကို ခံယူဖို့လိုအပ်ပါတယ်။

 

1.  ရင်သားပြောင်းလဲခြင်း

        ရင်သားအရေပြားရှုံ့နေခြင်း (သို့) ချိုင့်နေခြင်း၊ နို့သီးခေါင်းအတွင်းဘက်သို့၀င်နေခြင်း၊ နို့သီးခေါင်းတွင် အရည်စိုစိုစွတ်စွတ်ဖြစ်နေခြင်း၊  နို့သီးခေါင်း(သို့) ရင်သားနီမြန်းခြင်း၊ အသားစဖတ်လေးများကွာကျလာခြင်း အစရှိတဲ့ရင်သားပြောင်းလဲမှုတွေဟာ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

 

2.  ၀မ်းဗိုက်ဖောရောင်ခြင်း

        တချို့အမျိုးသမီးများအနေနဲ့ ရာသီလာစဉ်အတွင်းဗိုက်နာ၊ ဗိုက်အောင့်ခြင်းဟာ ဆိုးရွားပြင်းထန် လွန်းတာကြောင့် အလုပ်တာ၀န်များကိုပါ အနှောင့်အယှက်ဖြစ်စေတဲ့အထိ အခါအားလျော်စွာ ရင်ဆိုင်ရလေ့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ရောဂါလက္ခဏာကို ယခင်ကမိမိခံစားရတဲ့အချိန်ထက် လွန်ပြီးခံစားခြင်း၊ အစားအသောက်ပုံစံပြောင်းလဲစားသောက်ခြင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်း၊ ရာသီလာချိန်ပြောင်းလဲခြင်း၊ အမြဲတစေဒါမှမဟုတ်မကြာခဏ ဗိုက်နာ၊ ဗိုက်အောင့်၊ ၀မ်းဗိုက်ဖောရောင်ခြင်း တို့ဟာ သားအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ ရောဂါလက္ခဏာများဖြစ်ပါတယ်။

 

3.  သွေးဆုံးချိန်တွင် မီးယပ်ပေါ်ခြင်း

        လစဉ်ရာသီစက်၀န်းအတွင်းမဟုတ်ဘဲ ရာသီသွေးပေါ်ခြင်း၊ သွေးဆုံးပြီးချိန်သွေးဆင်းခြင်းတို့ဟာ သားအိမ်ကင်ဆာဖြစ်စေနိုင်တာကြောင့် ယင်းကဲ့သို့လက္ခဏာများတွေ့ရှိပါက ဆရာ၀န်နဲ့စောလျင်စွာပြသဖို့ လိုအပ်ပါတယ်။

 

4.  မှဲ့အရောင်ပြောင်းခြင်း

        မှဲ့အရောင်၊ ပုံသဏ္ဌာန်၊ အရွယ်အစားပြောင်းလာခြင်း (သို့) အရေပြားပေါ်မှာအနီဖု၊ အစက်အပြောက်များ ဖြစ်ပေါ်လာခြင်းဟာ အရေပြားကင်ဆာဖြစ်စေနိုင်တာကြောင့် အရေပြားပေါ်မှာတစ်စုံတစ်ခုပေါ်လာခြင်း၊ မှဲ့ပုံစံပြောင်းလဲခြင်းတို့သိရှိပါက ဆရာ၀န်နဲ့ပြသင့်ပါတယ်။

 

5.  ဆီး၊ ၀မ်းတွင်သွေးပါခြင်း

        ၀မ်းသွားတဲ့အခါ သွေးပါခြင်းဟာ လိပ်ခေါင်းရောဂါကြောင့်ဖြစ်စေနိုင်သလို အူမကြီးကင်ဆာဖြစ်စေနိုင် တဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ ထို့အတူဆီးထဲသွေးပါခြင်းဟာ ဆီးအိတ် (သို့)ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

 

6.  ပြန်ရည်ကြောအကျိတ်များ (Lymph Nodes)ပြောင်းလဲခြင်း

        Lymph nodes ဟာသေးငယ်ပြီး ပဲစေ့ပုံသဏ္ဌာန်ရှိတဲ့ ပြန်ရည်ဆဲလ်ဂလင်းများဖြစ်ပါတယ်။ သွေးဖြူဥကင်ဆာ၊ ပြန်ရည်ဂလင်းကင်ဆာနဲ့ အခြားကင်ဆာရောဂါတို့ကြောင့် Lymph Nodes များရောင်ပြီး ကြီးနေတတ်ပါတယ်။

 

7.  အစာမျိုချရခက်ခြင်း

        ရံဖန်ရံခါအစာမျိုရခက်ခြင်းအတွက် စိုးရိမ်ဖွယ်ရာမရှိပေမယ့် မကြာခဏအစာမျိုချရာမှာ အခက်အခဲဖြစ်ခြင်း၊ အထူးသဖြင့်အန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြင့်တွဲလျက် ခံစားရပါကလည် ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာဖြစ်စေနိုင်တာကြောင့် ဆရာ၀န်ပြသင့်ပါတယ်။

 

8.  နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းမရှိဘဲကိုယ်အလေးချိန်ကျသွားခြင်း

        အမျိုးသမီးအများစုအနေနဲ့ ကိုယ်အလေးချိန်အလိုအလျောက်ကျသွားခြင်းကို လိုချင်တောင့်တ တတ်ကြပါတယ်။ ဒါပေမယ့်ပုံမှန်အတိုင်း နေထိုင်စားသောက်နေလျက်က ကိုယ်အလေးချိန် 10 ပေါင်ကျော်ကျသွားခြင်းဟာ ကင်ဆာရောဂါကြောင့်ဖြစ်နိုင်သလို စိတ်ဖိစီးမှုများခြင်းနဲ့ သိုင်းရွိုက်ဟော်မုန်းများခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

9.  ရင်ပူခြင်း

        အစာလွန်ကဲစွာစားမိခြင်း၊ အရက်သောက်ခြင်းနဲ့ ဖိစီးမှုတွေကြောင့် ရင်ပူနာဖြစ်စေနိုင်ပါတယ်။ ရင်ပူနာအားသက်သာစေရန်အတွက် တစ်ပတ် (သို့) နှစ်ပတ်ခန့်စားသောက်မှုပုံစံ ပြောင်းပေးသင့်ပါတယ်။ အစားအသောက်ပုံစံပြောင်းလဲသော်လည်း ရင်ပူနာသက်သာခြင်းမရှိဘဲ ပိုဆိုးလာပါက အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ (သို့) သားအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ရောဂါလက္ခဏာဖြစ်တာကြောင့် ဆရာ၀န်နဲ့ပြသသင့်ပါတယ်။

 

10. ခံတွင်းတွင်အကွက်ပေါ်ခြင်း

        ဆေးလိပ်သောက်သူဖြစ်ပါက ပါးစပ်တွင်း (သို့) နှုတ်ခမ်းသားပေါ်မှာ အဖြူရောင်အကွက်၊ အနီရောင် အကွက်ပေါ်လာသလားဆိုတာ သတိပြုသင့်ပါတယ်။ ၎င်းအကွက်များဟာ ခံတွင်းကင်ဆာရဲ့လက္ခဏာ ဖြစ်တတ် အတွက် ပေါ့ဆလို့မရပါဘူး။

 

11. ဖျားနာခြင်း

        ဖျားနာခြင်း၊ ကိုယ်ပူခြင်းကို နာတာရှည်ရောဂါကဲ့သို့ ကြာရှည်စွာခံစားနေရပါက သွေးကင်ဆာဖြစ်နေနိုင် တာကြောင့် ဆရာ၀န်နဲ့စောလျင်စွာပြသဖို့လိုအပ်ပါတယ်။

 

12. ပင်ပန်းနွမ်းလျခြင်း

        အမျိုးသမီးအများစုအနေနဲ့ အလုပ်များလွန်းခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့်သာမန်နဲ့မတူဘဲ လွန်မင်းစွာအားအင်ကုန်ခမ်းနေခြင်း၊ အမြဲတစေမောပန်းနေသလိုခံစားရပါက ဆရာ၀န်နဲ့တိုင်ပင်ပြီး Medical Checkup လုပ်သင့်ပါတယ်။

 

13. ချောင်းဆိုးခြင်း

          များသောအားဖြင့် ချောင်းဆိုးခြင်းကိုတစ်ပတ်၊ နှစ်ပတ်လောက်သာ ခံစားရလေ့ရှိတတ်ကြပါတယ်။ အချိန်ကာလတစ်ခုထက်ကြာရှည်စွာ ချောင်းဆိုးနေခြင်းအတွက် လျစ်လျူရှုမထားသင့်ပါဘူး။ အထူးသဖြင့် ဆေးလိပ်သောက်သူတွေ၊ အသက်ရှုကျပ်သူတွေအနေနဲ့ နာတာရှည်ချောင်းဆိုးတဲ့အခါ ပိုပြီးသတိထားသင့်ပါတယ်။ ချောင်းဆိုးပြီးသလိပ်မှာသွေးပါလာပါက အဆုတ်ကင်ဆာဖြစ်နေနိုင်တဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာ၀န်နဲ့အမြန်ဆုံး ပြသင့်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)