/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီး-အင်္ဂါနားတစ်၀ိုက်ကို-ထိခိုက်နိုင်တဲ့-အပြုအမူများ

အမျိုးသမီး အင်္ဂါနားတစ်၀ိုက်ကို ထိခိုက်နိုင်တဲ့ အပြုအမူများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

(1)      စက်ဘီးထိုင်ခုံများ

            ဆံနွယ်လေးတွေ လေထဲလွင့်နေတဲ့ ခံစားချက်ကို သဘောကျကြလို့ စက်ဘီးစီးတယ် ဆိုပေမယ့်လည်း စက်ဘီးထိုင်ခုံဟာ အလွန်မာကျောနေပါက (သို့) ကျဉ်းမြောင်းနေပါက အာရုံကြောကို မိဖိပြီး အမျိုးသမီးအင်္ဂါသို့ သွေးစီးဆင်းလည်ပတ်ခြင်းကို ကျဆင်းစေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ထုံခြင်း၊ ကျဉ်ခြင်း ေ၀ဒနာများကို ခံစားရနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ထိတွေ့မှုအာရုံကိုပါ ထိခိုက်လာကာ အမျိုးသားနှင့် ဆက်ဆံရေးကိုပါ အနှောင့်အယှက် ပေးနိုင်ပါတယ်။ အထူးသဖြင့် ထိုင်ခုံအောက်မှာရှိတဲ့ စက်ဘီးတန်းပေါ်မှာ ထိုင်စီးလေ့ရှိတဲ့ အမျိုးသမီးတွေမှာ ပိုဆိုးတာ တွေ့ရပါတယ်။

 

(2)      အတွင်းခံအ၀တ်အစားများ ညစ်ပတ်နေခြင်း

            ချေွးဖြင့် စိုစွတ်နေ၍ မိန်းမကိုယ်မှ အရည်များဖြင့် ပေကျံနေတဲ့ အတွင်းခံဟာ ဘက်တီးရီးယား ပိုးမွှားများနဲ့ မှိုများ ပေါက်ပွားဖို့ရာ အကောင်းဆုံးနေရာ ဖြစ်နေနိုင်ပါတယ်။ ထိုကဲ့သို့ အချိန်ကြာမြင့်စွာ နေ,နေပါက အမျိုးသမီးခန္ဓာကိုယ်ထဲသို့ ပိုးများ၀င်ရောက်ကာ ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပြုလုပ်ပြီးတိုင်း ရေချိုး၍ အတွင်းခံအ၀တ်အစားများကို လဲလှယ်၀တ်ဆင်သင့်ပါတယ်။

 

(3)      ဆပ်ပြာများကို အလွန်အကျွံ အသုံးပြုခြင်း

            အမျိုးသမီးအင်္ဂါနားတစ်၀ိုက်မှာ အရေပြားယားယံတာတွေ ခံစားနေရပြီဆိုပါက ဆပ်ပြာကြောင့် အဓိက ဖြစ်နိုင်ပါတယ်။ မိမိလက်ရှိသုံးနေတဲ့ ဆပ်ပြာဟာ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေအတွက် ဘယ်လောက်ပဲ ပျော့သည်ဖြစ်စေ နူးညံ့လွန်းလှတဲ့ မိန်းမကိုယ်နားတစ်၀ိုက် အတွက်ကတော့ ပြင်းထန်ကောင်း ပြင်းထန်နေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရေမွှေး၊ ဆိုးဆေးတွေပါတဲ့ ဆပ်ပြာတွေကို မသုံးဘဲ သဘာ၀ဆပ်ပြာများကိုသာ အသုံးပြုသင့်ပါတယ်။ ဒါပေမဲ့ အချို့ကျွမ်းကျင်ပညာရှင်တွေကတော့ အမျိုးသမီးအင်္ဂါနားတစ်၀ိုက်ကို ဆပ်ပြာ လုံး၀မသုံးဖို့တောင် အကြံပြုထားပါတယ်။

(4)      အပေါက်ဖောက်ခြင်း

            အမျိုးသမီးအင်္ဂါကို အပေါက်ဖောက်ခြင်းသည် နာကျင်စေရုံသာမက ကျန်းမာရေးအတွက် စိုးရိမ်စရာတစ်ခုလည်း ဖြစ်ပါတယ်။ အမျိုးသမီးအင်္ဂါနားတစ်၀ိုက်က အရေပြားတွေဟာ အန္တရာယ်မရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ အသားကျနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုနေရာမှာ အနာဖြစ်တာနဲ့ တစ်ပြိုင်နက် ဆိုးရွားတဲ့ရောဂါပိုး ၀င်ရောက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ထို့ပြင် အပေါက်ဖောက်ပြီးနောက် ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ အမျိုးသမီးအင်္ဂါတစ်၀ိုက်ကို သန့်ရှင်းအောင် အမြဲနေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး

            အမျိုးသမီး အင်္ဂါအစိတ်အပိုင်းဟာ အမျိုးသမီးတစ်ယောက်အတွက် အလွန်ပင် အရေးကြီးလှပါတယ်။ ဒါကြောင့် ရောဂါပိုး၀င်သည်ဖြစ်စေ၊ ယားယံသည်ဖြစ်စေ (သို့) အခြားရောဂါလက္ခဏာတစ်ခုခု ခံစားနေရသည်ဖြစ်စေ မိမိရဲ့အပြုအမူအချို့ကို ဦးစွာပြန်လည်ဆန်းစစ်သင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)