PCOS လို့ခေါ်တဲ့ သားဥအိမ်အရည်အိတ်တည်ရောဂါစုအကြောင်း
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းမညီမျှတဲ့ရောဂါတစ်မျိုးပါ။ ဒီရောဂါရှိတဲ့အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တာ၊ အမျိုးသားဟော်မုန်းတွေ များနေတာမျိုး ဖြစ်တတ်ပါတယ်။ သားဥအိမ်မှာ အရည်အိတ်ငယ်လေးတွေ အများကြီးဖြစ်လာပြီး သားဥမကြွေနိုင်တော့မျိုး ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရေရေရာရာမသိသေးပေမယ့် စောစောသိပြီး စောစောကုတဲ့အခါ ဆီးချို၊ နှလုံးလိုမျိုး ရောဂါတွေကနေ ကာကွယ်နိုင်ပါတယ်။
Dolfenal 1

>> ရောဂါလက္ခဏာများ
အပျိုဖော်ဝင်ခါစအချိန်မှာ ဖြစ်လေ့ရှိပေမယ့် တချို့မှာတော့ ဖြစ်တာနောက်ကျတတ်တာမျိုးလည်း ရှိပါတယ်။
အောက်ပါလက္ခဏာ ၃ ချက်ထဲက ၂ ချက်ရှိရင် ဒီရောဂါရှိတယ်လို့ ဆိုနိုင်ပါတယ်။
● ဓမ္မတာမမှန်ခြင်း (ဥပမာအားဖြင့် တစ်နှစ်ကို ဓမ္မတာ ၉ ကြိမ်နဲ့အောက်သာလာပြီး တစ်ခါနဲ့တစ်ခါကြား ၃၅ ရက်ကျော်ခြားကာ ပုံမမှန်သွေးဆင်းအရမ်းများတာမျိုး ဖြစ်တတ်ပါတယ်။)
● အမျိုးသားဟော်မုန်းများနေခြင်း (ဥပမာအားဖြင့် မျက်နှာနဲ့ကိုယ်ခန္ဓာမှာ အမွေးတွေ အများကြီးပေါက်လာတာ၊ ဝက်ခြံဆိုးဆိုးရွားရွားပေါက်တာ၊ အမျိုးသားတွေလို ထိပ်ပြောင်လာတာမျိုး ဖြစ်တတ်ပါတယ်။)
● သားဥအိမ်မှာအရည်အိတ်ငယ်များ တည်နေခြင်း
Dolfenal 2

>> နောက်ဆက်တွဲတွေအနေနဲ့
● ကလေးမရနိုင်ခြင်း
● ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်ခြင်း၊ သွေးတိုးခြင်း
● ကလေးပျက်ကျခြင်း၊ စောမွေးခြင်း
● အသည်းအဆီဖုံးခြင်း
● ဆီးချို၊ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရော တက်တတ်တဲ့ ဇီဝကမ္မ ကမောက်ကမရောဂါစုများ ဖြစ်တတ်ခြင်း
● စိတ်ကျရောဂါ၊ စိတ်ပူပန်လွန်ကဲရောဂါများ ဖြစ်တတ်ခြင်း
● ပုံမမှန်သားအိမ်သွေးဆင်းခြင်း
● သားအိမ်ကင်ဆာဖြစ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဓမ္မတာကမောက်ကမဖြစ်နေရင်၊ ကလေးမရနိုင်ရင်၊ အမျိုးသားဟော်မုန်းများတဲ့လက္ခဏာတွေဖြစ်တဲ့ အမွေးများပေါက်လာခြင်း၊ ဝက်ခြံထွက်လာခြင်း၊ အမျိုးသားတွေလို ထိပ်ပြောင်ခြင်း စတာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















