/
news/အမျိုးသားများနှင့်ကျန်းမာရေး/ကျန်းမာသန်စွမ်းတဲ့-သုတ်ပိုးလေးတွေ

ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုးလေးတွေ

Category
အမျိုးသားများနှင့်ကျန်းမာရေး

          ယနေ့ခေတ်မှာ သားသမီးမရနိုင်တဲ့ ပြဿနာတွေ များလာပြီးတော့ ဒါက စုံတွဲတွေအတွက် တကယ့်ကို ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နေပါတယ်။ အမျိုးသားတွေရဲ့ မျိုးပွားနိုင်မှုအတွက် ဆိုရင်တော့ သုတ်ပိုးလေးတွေရဲ့ ကျန်းမာရေးက တကယ်ကို အရေးပါ,ပါတယ်။

 

>>    သုတ်ပိုးလေးတွေ ကျန်းမာဖို့ ဘာလို့အရေးကြီးလဲ?

          ကလေးမရဘူးဆိုတာက အမျိုးသမီးတွေရဲ့ ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။ သုံးပုံတစ်ပုံလောက်က အမျိုးသားပြဿနာကြောင့်ပါ။ ဒီတော့ ကျန်းမာတဲ့သုတ်ပိုးတွေဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ ရှင်းပါတယ်။ ကလေးရနိုင်ဖို့အတွက် သုတ်ပိုးလေးတွေ အရည်အသွေး ပြည့်ဝနေဖို့ လိုပါတယ်။

 

>>    ကျန်းမာတဲ့ သုတ်ပိုး ဟုတ်၊ မဟုတ် ဆိုတာကို -

●        သုတ်ပိုးပမာဏ - သုတ်ရည် 1mL မှာ သုတ်ပိုး ၁၅ သန်းနဲ့အထက် ပါဝင်ရပါမယ်။ များလေလေ ဒီထဲက တစ်ကောင်က မမျိုးဥထဲကို ဝင်နိုင်ခြေ များလေလေပါပဲ။

●        သုတ်ပိုး လှုပ်ရှားမှု - သုတ်ပိုးတိုင်းက အကျိုးရှိရှိ မရွေ့လျားနိုင်ပါဘူး။ သုတ်ပိုးတွေရဲ့ 40% နဲ့ အထက်က သနေ္ဓအောင်ဖို့အတွက် အရည်အသွေးပြည့်ပြည့် ရွေ့လျားနိုင်ဖို့ လိုပါတယ်။

●        သုတ်ပိုးရဲ့ပုံသဏ္ဌာန် - ကျန်းမာတဲ့သုတ်ပိုးမှာဆိုရင် လုံးဝိုင်းတဲ့ခေါင်းနဲ့ ရှည်လျားပြီးတော့ သန်မာတဲ့အမြီး ရှိရပါမယ်။ ဒီလိုပုံသဏ္ဌာန်ပြည့်ဝတဲ့ သုတ်ပိုးကသာ မမျိုးဥနဲ့ ပေါင်းစပ်နိုင်ပါတယ်။

 

          ဒီလိုကျန်းမာတဲ့ သုတ်ပိုးလေးတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ထိန်းချုပ်နို်င်တဲ့အချက်တွေ အများကြီး ရှိပါတယ်။

1.      ကောင်းကောင်းစားပါ။

          ကိုယ်စားလိုက်တဲ့အရာတွေက သုတ်ပိုးအပေါ်မှာလည်း သက်ရောက်မှု ရှိစေပါတယ်။ ကျန်းမာတဲ့သုတ်ပိုးလေးတွေ ဖြစ်ဖို့အတွက် ကောင်းတဲ့ အာဟာရဓာတ်တွေ ရှိသလို မကောင်းတဲ့ အာဟာရဓာတ်တွေလည်း ရှိပါတယ်။ ပြုပြင်ထားတဲ့အသားတွေ၊ ကောက်ပဲသီးနှံတွေနဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ သကြားလုံးတွေ၊ သွားရည်စာတွေနဲ့ ပီဇာတွေ ကဲ့သို့သော အနောက်တိုင်းစာတွေ စားတဲ့သူတွေနဲ့  ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြက်သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေနဲ့ ပြုပြင်မထားတဲ့ ကောက်ပဲသီးနှံတွေကို စားတဲ့သူတွေမှာ သုတ်ပိုးရွေ့လျားမှုကို နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ်။

          ဒီတော့ အရမ်းပြုပြင်ထားတဲ့ အစားအစာတွေကို နည်းနည်းပ စားပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အရာတွေကို များများစားပါ။ သုတ်ပိုးလေးတွေ ကျန်းမာစေဖို့ အောက်ပါအစားအစာတွေနဲ့ ဗီတာမင်တွေကို စားကြည့်ပါ။

●        ဗီတာမင် B12 - ဒီဗီတာမင်ကို အသား၊ ငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ ဒါ့အပြင် သုတ်ပိုးတွေ ရောင်ရမ်းခြင်းနဲ့ free radicals တွေကြောင့်ဖြစ်တဲ့ ဓာတ်တိုးဖိစီးမှုတွေမှလည်း ကာကွယ်ပေးပါတယ်။

●        ဗီတာမင် C - လိမေ္မာ်သီး၊ ဘယ်ရီသီး၊ အာလူး၊ ခရမ်းချဉ်သီးနဲ့ ဟင်းနုနွယ်ရွက်တွေ များများပိုစားပေးခြင်းကလည်း သုတ်ပိုးအရေအတွက်ကို မြင့်မားစေပါတယ်။ တစ်ခါတလေဆိုရင် လအတော်ကြာတဲ့အခါမှာ သုတ်ပိုး ၂ ဆတောင် ထွက်စေနိုင်ပါတယ်။

●        အခွံမာသီးများ - လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အကျိုးကျေးဇူး များစေပါတယ်။

●        Lycopene - ခရမ်းချဉ်သီးနဲ့ ဖရဲသီးတွေမှာ အနီရောင်က Lycopene ဓာတ်ကြောင့်ပါ။ ဒီဓာတ်က သုတ်ပိုးတွေကို ထိခိုက်စေတဲ့ ROS ဆိုတဲ့ အရာတွေကို လျော့ကျစေပါတယ်။ တစ်နေ့လျှင် Lycopene 4-8 mg စားပေးခြင်းက သုတ်ပိုးပမာဏနဲ့ ရွေ့လျားနိုင်စွမ်းကို မြင့်မားစေတယ်လို့ တွေ့ရှိရပါတယ်။

 

2.      လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အလွန်အကျွံတော့ မဖြစ်ပါစေနဲ့။

          ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်တာတောင်မှ သုတ်ပိုးအရည်အတွက်၊ လှုပ်ရှားမှုနဲ့ ပုံသဏ္ဌာန်တွေကို ကောင်းမွန်စေပါတယ်။ တစ်နေ့ကို မိနစ် ၂၀ လောက် လမ်းလျှောက်ခြင်း၊ ဒိုက်ထိုးခြင်းတွေ လုပ်ပါ။ ဒီအခါမှာ ထွက်လာတဲ့ endorphins၊ ဟော်မုန်းတွေနဲ့ သွေးစီးဆင်းမှုကောင်းခြင်းတို့ကြောင့် လိင်ဆက်ဆံမှုကို ပိုကောင်းစေပါတယ်။

          ဒါကြောင့် ပျင်းရိမနေဘဲနဲ့ လှုပ်ရှားမှုလုပ်ပါ။ စက်ဘီးနင်းခြင်း၊ ခုန်ခြင်း၊ တောင်တက်ခြင်း စတဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေက သုတ်ရည်အရည်အသွေးကို ကျဆင်းစေမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါက စက်ဘီးဖင်ထိုင်ခုံကြောင့် ဒဏ်ရာရလို့၊ ဝှေးစေ့လှုပ်ရှားမှုကြောင့် (သို့) ဖိစီးမှုဖြစ်လို့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။

 

3.      အောက်ခံဘောင်းဘီ

          ဘယ်လို အောက်ခံဘောင်းဘီ အမျိုးအစားပဲဝတ်ဝတ် သုတ်ပိုးအပေါ် သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

 

4.      အရက်နဲ့ ကဖင်းဓာတ်တွေ မသောက်ခင်မှာ သေချာစဉ်းစားပါ။

          ကော်ဖီ၊ အားဖြည့်အချိုရည်၊ ဆိုဒါ စတဲ့ ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေကို တစ်နေ့ ၃ ခွက်ထက် ပိုသောက်ခြင်းက ကိုယ်ဝန်ပျက်ကျနိုင်ခြေကို များစေပါတယ်။ ဒါက မိဘနှစ်ပါးလုံးနဲ့ သက်ဆိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ကဖင်းဓာတ် ၂ ခွက် သောက်တာက ရပါတယ်။

          အရက်လည်း အတူတူပါပဲ။ လေ့လာမှုတွေအရ တစ်ပတ်ကို အရက် ၅ ယူနစ်နဲ့အထက် သောက်သုံးခြငး်က သုတ်ပိုးပမာဏနဲ့ လှုပ်ရှားမှုကို လျော့ကျစေပါတယ်။ များများသောက်လေ ပိုဆိုးလေလေပါပဲ။

 

>>    ၅ ယူနစ် ဆိုတာက -

●        ဘီယာ ၄၀ အောင်စ

●        ဝိုင် ၂၅ အောင်စ

●        အရက်ပြန် ၇.၅ အောင်စနဲ့ ညီမျှပါတယ်။

 

5.      အားဆေးသောက်ပါ။

          သုတ်ပိုးအရည်အသွေးကောင်းဖို့ ကြိုးစားနေတယ် ဆိုရင်တော့ စားတဲ့ အစားအစာတွေကနေပြီးတော့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေကို ရရှိနိုင်ပါတယ်။ ကလေးရ လွယ်စေဖို့အတွက် အားဆေးတွေလည်း သောက်လို့ရပါတယ်။

 

>>    သုတ်ပိုး ကျန်းမာစေဖို့အတွက် အားဆေးများ

●        သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားမှုကောင်းစေဖို့အတွက် ဗီတာမင် C, Ashwagandha root extract

●        Testosterone အားကောင်းစေဖို့အတွက် ဗီတာမင် D

●        သုတ်ပိုးပမာဏနည်းရင် ဇင့်ဓာတ်

●        သုတ်ရည်အရည်အသွေး ပြည့်ဝစေဖို့အတွက် Coenzyme Q10

          ဘယ်ဆေးကို ဘယ်လောက်သောက်ရမယ်ဆိုတာကတော့ ဆရာဝန်ကို မေးမြန်းပါ။

 

6.      အချို့သော ဓာတုပစ္စည်းတွေနဲ့ ထုတ်ကုန်တွေကို ရှောင်ဖို့ လိုပါတယ်။

          ဒါတွေကို မျိုးပွားမှုအတွက် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေလို့ ခေါ်ပါတယ်။ အဓိက ရှောင်ရမှာတွေကတော့ -

●        ခဲဓာတ် - ပိုက်တွေ၊ သုတ်ဆေးတွေ၊ မြေကြီးနဲ့ အမှုန်တွေ အထူးသဖြင့် အိမ်အိုအိမ်ဟောင်းတွေအနားမှာ တွေ့ရတတ်ပါတယ်။

●        Styrene, acetone - ပလတ်စတစ်ပန်းကန်တွေ၊ အိ်တ်တွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေမှာ တွေ့ရတတ်တဲ့ ပလတ်စတစ်

●        ပြဒါးငွေ့များ - စက်ရုံကထွက်တဲ့ ရေငွေ့မှုန်တွေနဲ့ သတ္တုအမှုန်တွေထဲမှာ တွေ့ရပါတယ်။

●        Dibromochloropropane - ပိုးသတ်ဆေးအချို့နဲ့ သုတေသနသုံးပစ္စည်းတွေမှာ တွေ့ရတတ်ပါတယ်။

          ဒီဓာတုပစ္စည်း အများစုကို စက်ရုံနဲ့ အခြားစက်မှုလုပ်ငန်း အလုပ်ရုံတွေမှာ အများကြီး တွေ့ရတတ်ပြီးတော့ အချို့ကိုတော့ အိမ်မှာ၊ ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာရည်တွေနဲ့ ပလတ်စတစ်ပုံးတွေ၊ ခွက်တွေထဲမှာ ပါဝင်ပစ္စည်းအနေနဲ့ တွေ့ရတတ်ပါတယ်။

 

>>    ဒါတွေကို ဘယ်လိုရှောင်မလဲ?

●        ပစ္စည်းတစ်ခုခု မဝယ်ခင်၊ မစားခင်မှာ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။

●        ဒီဓာတုပစ္စည်းတွေ ပါဝင်တဲ့ထုတ်ကုန်တွေကို မသုံးဘဲ သဘာဝပစ္စည်းတွေကို သုံးပါ။

●        ပလတ်စတစ် ပစ္စည်းတွေအစား ဖန်၊ stainless steel, စီလီကွန် စတာတွေနဲ့ ပြုလုပ်ထားတာတွေကို သုံးပါ။

 

>>    ဖန်ပြွန်သနေ္ဓသား

          နေထိုင်မှုပုံစံ အပြောင်းအလဲတွေ၊ ဆေးဝါးတွေနဲ့ ကြိုးစားကြည့်ပြီးလို့မှ ကလေးမရနိုင်သေးဘူး ဆိုရင်တော့ ဖန်ပြွန်သနေ္ဓသားနည်းလမ်း ရှိပါသေးတယ်။

          ဒါကတော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ဆီက သုတ်ပိုး (သို့) အလှူရှင်ဆီကသုတ်ပိုး (သို့) အိမ်ထောင်ဘက်ဆီက (သို့) အလှူရှင်ဆီက မမျိုးဥယူပြီးတော့ အပြင်မှာ သနေ္ဓအောင်ပြီးမှ သားအိမ်ထဲကို ပြန်ထည့်ပေးတာပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)