ပန်းသေပန်းညှိုးတာက နှလုံးရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်
လိင်တံ ကောင်းကောင်း မထောင်မတ်နိုင်တာက နှလုံးရောဂါနဲ့ ဆက်စပ်မှုရှိပါတယ်။ ငယ်ရွယ်တဲ့အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာက နှလုံးသွေးကြောရောဂါရဲ့ စဦးလက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်အမျိုးသားတွေမှာ လိင်တံထောင်မတ်ရာမှာ ပြဿနာဖြစ်နေတယ်ဆိုရင် နှလုံးအထူးကုနဲ့ ပြသစစ်ဆေးသင့်ပါတယ်။
>> ပန်းသေပန်းညှိုး ဖြစ်နိုင်ချေများသောအချက်များ
အမေရိကန်အမျိုးသား ၃၀ သန်းလောက် (သို့) သုံးယောက်မှာ တစ်ယောက်လောက်က သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ လိင်တံ မထောင်မတ်နိုင်တဲ့ပြဿနာကို တွေ့ကြုံရတတ်ပါတယ်။ ဒါက အမျိုးသားနဲ့ သူ့ရဲ့ကြင်ဖော်အတွက် ပြဿနာတစ်ခုဖြစ်လို့ အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံလောက် မပွင့်လင်းတဲ့ မြန်မာပြည်မှာတော့ ဒီလိုရောဂါနဲ့ ဆေးခန်းပြသမှုဟာ ရှားပါးပေမယ့် ရောဂါခံစားနေရသူတွေ ရှိနေပါတယ်။ အောက်ပါအချက်တွေကြောင့် ဒီပြဿနာဖြစ်နိုင်ချေကို များစေပါတယ်။
● ဆေးလိပ်သောက်ခြင်း
● သွေးတိုးရောဂါ
● အဝလွန်ခြင်း
● ဆီးချိုရောဂါ
● ရောင်ရမ်းခြင်း
● ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံ
● အထိုင်များခြင်း
● Testosterone (အမျိုးသားဟော်မုန်း) နည်းခြင်း
● အချို့သောဆေးဝါးတွေ - အထူးသဖြင့် သွေးတိုးကျဆေးများ
>> ပန်းသေပန်းညှိုးစေသော အကြောင်းအရင်းများ
လိင်တံဆီကို သွေးတွေရောက်သွားတဲ့အခါမှာ လိင်တံကို ထောင်မတ်စေပါတယ်။ လိင်တံဆီသွားတဲ့ သွေးကြောတွေမှာ အကြောင်းတစ်ခုခုကြောင့် ပိတ်ဆို့ပြီးတော့ သွေးစီးဆင်းမှုနည်းတဲ့အခါမှာ လိင်တံ မထောင်မတ်နိုင်ဖြစ်စေပါတယ်။
Plaque လို့ခေါ်တဲ့ ကယ်ဆီယမ်၊ အဆီ၊ ကိုလက်စရော၊ စွန့်ပစ်ပစ္စည်းတွေနဲ့ သွေးခဲစေတဲ့ ဓာတုပစ္စည်းတွေ အနည်ကျပြီး စုပုံလာတဲ့အခါမှာ နှလုံးနဲ့ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေကို ကျဉ်းသွားစေပြီးတော့ အောက်ဆီဂျင်ပါတဲ့သွေးတွေ စီးဆင်းမှုနည်းသွားစေပြီးတော့ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်နိုင်ချေကို များစေပါတယ်။
လိင်တံဆီကိုသွားတဲ့ သွေးကြောလေးတွေက အရမ်းသေးငယ်တဲ့အတွက်ကြောင့် တခြားနှလုံးသွေးကြောရောဂါလက္ခဏာတွေ မပေါ်လာခင်မှာ ဒီလိင်တံ မထောင်မတ်နိုင်တဲ့ပြဿနာက အရင်ပေါ်လာပါတယ်။
တခြားအကြောင်းအရာတွေကတော့ -
● စိတ်ဖိစီးမှု
● စိုးရိမ်ပူပန်မှုတွေ
● အရက် အလွန်အကျွံ သောက်သုံးခြင်း
● တချို့သောဆေးတွေကြောင့်လည်း လိင်တံမထောင်မတ်နိုင်တဲ့ပြဿနာကို ဖြစ်စေနိုင်ပါတယ်။
ဒီပြဿနာအတွက် မိသားစုနဲ့ စိတ်ပိုင်းဆိုင်ရာရာဇဝင်တွေ၊ သွေးတိုးနဲ့ တခြားခန္ဓာကိုယ် အခြေအနေတွေနဲ့ ဟော်မုန်းပမာဏတွေကိုပါ စစ်ဖို့လိုပါတယ်။
သောက်ဆေးနဲ့ကုလို့ရသလို သောက်ဆေးနဲ့ မသက်သာရင်တော့ ထိုးဆေး၊ vacuum erection devices၊ ခွဲစိတ်ကုသမှုတွေ လုပ်လို့ရပါတယ်။ ဒါကြောင့် ဒီလို ဝေဒနာခံစားနေရရင် ရှက်ကြောက်မနေဘဲ သက်ဆိုင်ရာပညာရှင်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)














