/
news/အမျိုးသားများနှင့်ကျန်းမာရေး/ဖခင်နှင့်-ရင်သွေးကြား-ဆက်ဆံရေးကောင်းမွန်ဖို့

ဖခင်နှင့် ရင်သွေးကြား ဆက်ဆံရေးကောင်းမွန်ဖို့

Category
အမျိုးသားများနှင့်ကျန်းမာရေး

        ဖခင်တို့အနေဖြင့် မိမိတို့၏ရင်သွေးငယ်များအတွက် မိမိအသက်ကိုပင် ပေးအပ်လိုသည့်မေတ္တာများ ထားရှိတတ်သော်လည်း ရံဖန်ရံခါမိမိတို့ကလေးငယ်များနှင့်အနေစိမ်းကာ လိုအပ်သော ရင်းနှီးနွေးထွေးတွယ်တာမှုများ ပျောက်ဆုံးသွားသကဲ့သို့ ခံစားရတတ်ပါတယ်။ မိဘနှင့်သားသမီးကြား ဆက်ဆံရေးမှာ ရှုပ်ထွေးတတ်သည့်အလျောက် ရင်းနှီးနွေးထွေးတွယ်တာမှုများအတွက် အချိန်ယူရန်လိုအပ်ပါတယ်။ အချို့သောဖခင်များအနေဖြင့် မိမိရင်သွေးငယ်မွေးဖွားပြီးပြီးချင်း မျက်နှာလေးကိုတွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရင်းနှီးချစ်ခင်တွယ်တာမှုများ ဖြစ်ပေါ်တတ်သော်လည်း အချို့သူများတွင် အချိန်အနည်းငယ်ယူရတတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ခုသာ ဖြစ်ပါတယ်။

         မိမိတို့ရင်သွေးငယ်များနှင့် ခိုင်မြဲသော ရင်းနှီးချစ်ကြည်တွယ်တာမှုများ တည်ဆောက်ရန် အတွက် မွေးကင်းစရက်အနည်းငယ်အတွင်း ရင်သွေးငယ်နှင့် လက်ပွန်းတတီးအနီးကပ်နေထိုင်ခဲ့ရန် အရေးကြီးသည်ဟု ယခင်ကသုတေသီတို့က ယူဆယုံကြည်ခဲ့ကြပါတယ်။ ယခုအခါတွင် အမှန်တကယ် ရင်းနှီးချစ်ကြည်မှု၊ တွယ်တာမှုများအတွက် ရင်းနှီးစွာနေထိုင်သည့်အချိန်ကြာမြင့်မှုပေါ်တွင်သာ မူတည်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ မွေးကင်းစတွင် ကျန်းမာရေးပြဿနာများကြောင့် မိဘနှင့်ခေတ္တခွဲခွာနေခဲ့ရသော ကလေးငယ်များဟာလည်း နောက်ပိုင်းမိဘနှင့် အတူတကွနေထိုင်ချိန်တွင် အလွန်ချစ်ခင်ရင်းနှီးသော မေတ္တာတံတားကို တည်ဆောက်နိုင်ကြောင်း၊ ကလေးမွေးစားသောမိဘများ ဆိုလျှင်လည်း မွေးစားသောကလေး မွေးကင်းစအရွယ်တွင် အတူတကွမနေထိုင်ခဲ့ရသော်လည်း  ရင်းနှီးနွေးထွေးတွယ်တာမှုအပြည့်အဝရရှိကြောင်းတွေ့ရှိရပါတယ်။

        စစ်မှန်သော သားအဖဆက်ဆံရေးအတွက် တိကျသောဆေးနည်းကောင်း မရှိသော်လည်း နေ့စဉ် ဂရုစိုက်ပြုစုယုယပိုက်ထွေးမှုဖြင့်သာ ကောင်းမွန်သောမိဘနှင့်သားသမီးကြား ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကလေးငယ်အား အသားချင်းထိ၍ ပွတ်သပ်ချော့မြူခြင်း၊ ပွေ့ချီခြင်း များများ လုပ်ဆောင်ပေးခြင်းဖြင့် ကလေးငယ်နှင့် ဖခင်နှစ်ဦးလုံး ရင်းနှီးနွေးထွေးမှုကို ပိုမိုတိုးပွားလာစေပါတယ်။ ရင်သွေးငယ်နှင့် အမြဲပုံမှန် မျက်လုံးချင်းဆုံ၍စကားပြောခြင်း၊ သီချင်းဆိုပြခြင်းတို့ကိုလည်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ သေးငယ်သောကြင်နာနွေးထွေးမှုများမှစတင်ကာ ပုံမှန်အချိန်ပေး လုပ်ဆောင်သွားလျှင် အချိန်ကြာမြင့်လာသည်နှင့်အမျှ ရင်သွေးငယ်၏အကြောင်းနှင့် ၄င်း၏စိတ်နှလုံးကို အပြည့်အဝနားလည်လာပြီး ဖခင်နှင့် ရင်သွေးငယ်အကြား ခိုင်မာသောချစ်ခင်တွယ်တာမှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

 

Dr. Thanda Lin

www.drmyanmar.com