ဗီတာမင် D က အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားစေနိုင်သလား
ဗီတာမင် D ဓာတ်က အမျိုးသားများရဲ့ စွမ်းဆောင်ရည်ကို မြင့်မားစေပြီး အိမ်ထောင်ရေးသုခနဲ့ ပြည့်စုံစေ တယ်လို့ အီတာလျှံ သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်တက္ကသိုလ်မှ Dr. Alessandra Barassi ဆိုသူနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်များက အမျိုးသား ၁၄၃ ယောက်ကို လေ့လာမှုပြုလုပ်ခဲ့ ရာ ပန်းသေ ပန်းညှိုး ရောဂါခံစားနေရတဲ့ အမျိုးသားတွေမှာ ဗီတာမင် D ဓာတ်ချို့တဲ့နေတာကို တွေ့ရပါတယ်။
အထူးသဖြင့် ဗီတာမင် D ဓာတ် 20 ng/dL ထက် နည်းသူတွေမှာ သွေးကြော ဆိုင်ရာ ပြဿနာများကြောင့်ဖြစ်တဲ့ ပန်းသေ ပန်းညှိုးရောဂါ အဖြစ်များလေ့ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဗီတာမင် D ဓာတ်လျော့နည်းခြင်းက Endothelial ဆဲလ်များရဲ့ လုပ်ဆောင်ချက်ချို့ယွင်းမှုများကို ပိုမိုအားပေးခြင်းဖြင့် ပန်းသေပန်းညှိုးရောဂါ ခံစားရ နှုန်းကို မြင့်တက်စေပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးရောဂါခံစားနေရတဲ့ အမျိုးသားတွေအနေနဲ့ ဗီတာမင် D ဓာတ်ကို ပုံမှန်စစ်ဆေးမှုပြုလုပ်ပြီး လိုအပ်ပါက ဖြည့်စွက်မှု ပြုလုပ်သင့်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။
ဗီတာမင် D ကို မနက်ခင်း နေပူဆာလှုံပေးခြင်းဖြင့်လည်းကောင်း၊ အစားအသောက်များမှတဆင့် လည်းကောင်း (ဥပမာ- ဗီတာမင် D ဓာတ် ဖြည့်တင်းထားသော နွားနို့၊ ဗီတာမင် D ဓာတ် ဖြည့်တင်းထားတဲ့ ဒိန်ချဉ်၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးရှဥ့်၊ အမဲအသည်း၊ ကြက်ဥအနှစ်)၊ ဗီတာမင် D အားဖြည့်ဆေး များမှီ၀ဲခြင်းဖြင့်လည်းကောင်း ရယူနိုင်ပါတယ်။ တစ်နေ့တာ ဗီတာမင် D လိုအပ်ချက်မှာ အသက် 4 နှစ်မှ 70 နှစ် အထိ အမျိုးသားများအတွက် 600 IU ( 15 mcg ) နဲ့ အသက် 70 ကျော် အမျိုးသားများအတွက် 800 IU (20 mcg) တို့ ဖြစ်ပါတယ်။
Dr. Htet Htet Aung
















