လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်းရဲ့ ကောင်းကျိုးအထွေထွေ
အမျိုးသားတွေမှာ လိင်တံထိပ်အရေပြား ဖြတ်တောက်သင့်၊ မဖြတ်တောက်သင့်ဆိုတဲ့ ပြဿနာဟာ ဆေးပညာမှာရော၊ အမျိုးသားတွေကြားထဲမှာပါ အခုချိန်ထိ ဒွိဟဖြစ်ဆဲ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဒွိဟဖြစ်နေရတာလဲ? အကြောင်းရင်းတစ်ချက်ကတော့ အရေပြား ဖြတ်တောက်ထားခြင်းနဲ့ မဖြတ်တောက်ထားခြင်းမှာ ဘယ်ဟာက ပိုကောင်းတယ်ဆိုတာ သေချာရေရာတဲ့ သက်သေသကာရ မရှိတာကြောင့်ဘဲ ဖြစ်ပါတယ်။ ဒီလို အရေပြားကို ခွဲစိတ်မှု အသေးစားလေး ပြုလုပ်ပြီး ဖယ်ရှားခြင်းကို ဘာကြောင့်လုပ်ကြတယ်ဆိုတဲ့ အကြောင်းရင်းကတော့ -
● အရေပြားထိပ် ဖြတ်တောက်ခြင်းဟာ လိင်မှုစိတ်ဆန္ဒနဲ့ လုပ်ဆောင်နိုင်စွမ်းကို မထိခိုက်စေနိုင်ပါဘူး။
● အရေပြားထိပ် မဖြတ်တောက်ထားသူတွေမှာ အရေပြားနဲ့ လိင်တံထိပ်ကြားမှာ အစိုဓာတ်လေး ရှိနေပြီး ပိုးမွှားတွေ ပွားလာနိုင်စေပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း ပိုးမွှားဝင်ရောက်မှု များသလို သူတစ်ပါးတွေကိုလည်း ဗိုင်းရပ်စ်ပိုးတွေ ကူးစက်နိုင်ပါတယ်။
● ဒီလိုပိုးမွှားတွေအကြိုက် စိုစွတ်ထိုင်းမှိုင်းတဲ့ နေရာတစ်ခု မဖြစ်ရလေအောင် အရေပြားထိပ်ကို ဖြတ်တောက်ထားခြင်းကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV ပိုး၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဆစ်ဖလစ်၊ ရေယုန်အနာတွေ ကူးစက်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။
● ဇနီးမှာလည်း သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်ရလေအောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။
● အရေပြားထိပ် လှိီးဖြတ်ခြင်းဖြင့် HIV နဲ့ အခြားလိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ကိုယ်ကိုယ်တိုင် ရှောင်ကြဉ်နိုင်သလို ဇနီးဆီကို မကူးစက်အောင်လည်း ကာကွယ်ပေးပါတယ်။
● အရေပြား မဖြတ်တောက်ထားသူတွေမှာ လိင်တံထိပ်ကို အခါခပ်သိမ်း သန့်ရှင်းနေအောင်ထားဖို့ ခဲယဉ်းတတ်ပါတယ်။ အရေပြားထိပ် ဖြတ်တောက်ခြင်းဖြင့် အမြဲသန့်ရှင်းနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေပါတယ်။
● အချို့အမျိုးသမီးတွေဟာလည်း လိင်တံထိပ် ဖြတ်တောက်ထားခြင်းကို ပိုကြိုက်တတ်ကြပါတယ်။
>> ဘယ်လိုဖြတ်တောက်ရသလဲ? ဘယ်လောက်ကြာတဲ့အခါ အနာကျက်နိုင်သလဲ?
အရေပြားထိပ် ဖြတ်တောက်ခြင်းဟာ နာရီဝက်လောက်မျှသာ ကြာတတ်ပြီး ထုံဆေးထိုး လုပ်ရပါတယ်။ အရေပြားကို လှီးဖြတ်လိုက်ပြီး အနာကို ပြန်ချုပ်လိုက်ရပါတယ်။ အနာကျက်တာနဲ့ ချုပ်ရိုးဟာ သူ့အလိုလို ပြုတ်သွားပါလိမ့်မယ်။
တစ်ရက်၊ နှစ်ရက်လောက်တော့ နေမထိ ထိုင်မသာ ဖြစ်တတ်ပေမယ့် အရမ်းကြီး နာတာမျိုးတော့ မဟုတ်ပါဘူး။ 2 ပတ်၊ 3 ပတ်လောက် ကြာချိန်မှာ အရောင်ကျပြီး 4 ပတ်နဲ့ 6 ပတ် ဝန်းကျင်လောက်မှာ လုံးဝအရှင်း သက်သာသွားပါလိမ့်မယ်။
Dr. Emerald (www.drmyanmar.com)
















