/
news/အမျိုးသားများနှင့်ကျန်းမာရေး/သတိ-…-ဆူးကျိုးတတ်သည်

သတိ … ဆူးကျိုးတတ်သည်

Category
အမျိုးသားများနှင့်ကျန်းမာရေး

       " ဟေ့ရောင် … မင်းညက ဘယ်သွားနေတာလဲ၊ မင်းအမေ ငါ့ကို ဖုန်းဆက်မေးနေတယ် " သူ့စကားအဆုံးမှာ ဖြိုးကိုက ခေါင်းမော့ကြည့်သည်။ " ငါ … ညက ကလပ်သွားတာကွ၊ စော်တစ်ဗွေနဲ့ အဆင်ပြေသွားလို့ ဟိုတယ် ပါသွားတာ " သူ မျက်လုံးပြူးသွားသည်။

          " မင်းကလည်းကွာ မင်းမှာလည်း ရည်မွန်ရှိသားနဲ့ကို နှမချင်း စာနာပါကွာ " သူ့ပြောစကားကို ဖြိုးကိုက ဆေးလိပ်တစ်ချက်ဖွာရင်း ပြန်ပြောသည်။

          "ဟေ့ရောင် … ငါက ရေအိုးစင်ကရေကို ခြေဆေးတာ မဟုတ်ဘူး။ အိုင်တွေ့လို့ ခြေဆေးတာ၊ ငါ့အစ်မက ဒီလို မိန်းမမျိုး မဟုတ်ဘူး။ နားစမ်းပါကွာ တစ်ညစာပါ သူတို့ကလည်း စာမဖွဲ့ပါဘူး။ သူတို့တောင် မရှောင်သေးတာဘဲ ဖက်ပေါ်ဆူးကျကျ၊ ဆူးပေါ်ဖက်ကျကျ ဖက်ပဲ ပေါက်တာပါ။ ငါတို့က စင်ပေါ်ကပဲ " သူဆက်ပြောချင်စိတ်ကုန်သွားကာ စကားလွှဲလိုက်တော့သည်။ ဒီကောင်တော့ မလွယ်ပါလား ။

          " သားရေ .. ဖြိုးကို လာတယ် " အမေ့အသံနှင့်အတူ တံခါးဖွင့်ကာ ဖြိုးကို ဝင်လာသည်။

          " ဟေ့ရောင် လက်ဖက်ရည်ဆိုင် သွားမလို့လား " မေးတာမဖြေဘဲ မျက်စိ မျက်နာပျက်နေသောကြောင့် သူ လန့်သွားသည် " ဟေ့ရောင် … ဘာဖြစ်လာတာလဲ "

          " ငါကွာ" အခန်းပြင်ကို တစ်ချက်လှမ်းကြည့်ရင်း ဆက်ပြောသည်။

          " ငါကွာ ဆီးကျဉ်နေတာ၊ ညောင်းလည်းကျတယ်၊ ငါတော့ ဒုက္ခပါပဲကွာ "

          " ဟင် ဒါဆို ဆေးခန်း သွားရမှာပေါ့ "

          " မင်း လိုက်ပို့ပါလားကွာ ငါ ဆေးခန်းသွားရမှာ ရှက်လို့ပါ "

          " ခွေးကောင် ဒါကျ ရှက်တတ်တယ် ဟုတ်လား။ မင်းပြောတော့ ဖက်ပဲ ပေါက်တာပါဆို " သူက အငေါ်တူးစကားတော့ ဆိုလိုက်မိသည်။

          " မင်းကလည်းကွာ ငါ စိတ်ညစ်နေရတဲ့ကြားထဲ " မျက်နှာငယ်လေးနှင့် ပြောပုံက သနားဖို့ပင် ကောင်းနေသေးသည်။

          " အခုမှ ကြောက်မနေနဲ့ ဆေးခန်းသွားမယ်လာ " ကံကောင်းစွာနှင့် အမျိုးသား ဆရာဝန်ချိန်ဖြစ်၍ ဖြစ်စဉ်ကို အသေးစိတ် ရှင်းပြရသည်။ ဆရာဝန်က ခေါင်းတစ်ချက်ညိတ်ရင်း " ဒါက ဂနိုဖြစ်မယ် ထင်တယ် သေချာအောင် စစ်ကြည့်မယ်လေ။ ဒါက အရေးမကြီးပါဘူး၊ အနာသိရင် ဆေး ရှိတယ်။ အရေးကြီးတာက HIV "

          " ဟင် … HIV " ဖြိုးကိုနှင့်အတူ သူပါ မျက်လုံးပြူးသွားရသည်။

          " HIV ကို ကြားဖူးတယ်မလား " သူတို့နှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိတ်ပြလိုက်မိသည်။

          " HIV တော့ မဖြစ်နိုင်ပါဘူး ဆရာ၊ ကောင်မလေးက သန့်သန့်လေးပါ" ဖြိုးကို၏ စောဒကတက်စကားကို ဆရာဝန်က ပြုံးလိုက်သည်။ " မြင်ရုံနဲ့ မသိနိုင်ဘူးလေဗျာ၊ အကာအကွယ် မသုံးရင်တော့ ကူးနိုင်တာပဲလေ "

          သူ ဖြိုးကို, ကို လှည့်ကြည့်လိုက်မိသည်။ " မင်း အကာအကွယ် မသုံးဘူးလားကွာ။ ဒီလောက်တောင် ပညာပေးနေတာကိုး "

          " ငါလည်း အရမ်းမူးသွားလို့ပါကွာ။ နောက်ပြီး ကောင်မလေးက အလန်းလေးပါ " ဖြိုးကို မျက်နှာက ဇီးရွက်လောက်သာ ရှိတော့သည်။

          " သူက ယောက်ျားလေး အရှုံးမရှိဘူး ထင်နေတာ ဆရာရဲ့ " သူက ဆရာဝန်ကို တိုင်ပြော ပြောမိသည်။

          " ဘယ်ဟုတ်လိမ့်မလဲကွာ အကာအကွယ်မဲ့ လိင်ဆက်ဆံရင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရနိုင်တယ် သေချာမကုရင် ရောဂါတာရှည်ပြီး နောက်ဆုံး မြုံတဲ့အဆင့်ထိ ဖြစ်သွားနိုင်တယ် "

          " ဗျာ … ကျွန်တော် အခု မြုံသွားပြီလား ဆရာ "

          " မဟုတ်ပါဘူး … ဖြစ်တတ်တာကို ပြောပြတာပါ။ အခုက အချိန်မီ ကုသမှု ခံယူလိုက်တော့ ဒီအန္တရာယ် မရှိတော့ဘူးပေါ့။ တခြား လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်စ်၊ အသည်းရောင် အသားဝါ ဘီ စီ တွေလည်း ကူးနိုင်သေးတယ် "

          " ဘုရား … ဘုရား၊ ကျွန်တော် အခု ကူးပြီလားဟင် " ဖြိုးကိုမျက်နှာက ပြိုတော့မည့် မိုးကဲ့သို့ပင်။

          " ဒါကတော့ သွေးစစ်ကြည့်မှ ရမယ် "

          " ဒါဆို အခု သွေးစစ်ပေးပါ ဆရာ "

          " အခု စစ်တာက ခင်ဗျားရဲ့ လက်ရှိအခြေအနေကိုပဲ သိနိုင်မယ်။ ရောဂါ ကူး၊ မကူးကတော့ အခု မပြောနိုင်သေးပါဘူး။ ရောဂါပိုး ခန္ဓာကိုယ်ထဲ ရှိ၊ မရှိ သိရဖို့ နောက် 3 လ ကြာမှ စစ်ကြည့်ရမယ်။ ဒီကြားထဲမှာလည်း ရောဂါကူးစက်နိုင်တဲ့နည်းလမ်းတွေကို ရှောင်ကြဉ်ရမယ် "

          သွေးစစ်ပြီး ဆေးခန်းမှ အပြန်မှာတော့ ဖြိုးကိုတစ်ယောက် ခေါင်းငိုက်စိုက်ကျနေပြီ။ " ငါ ဘယ်လိုလုပ်ရမလဲကွာ။ ငါ ရည်မွန့်ကို ချစ်တယ် "

          ဒဏ်ရာတွေနှင့် နာကျင်နေသော သူငယ်ချင်းကို သူ ထပ်ပြီးအပြစ်မတင်ရက်တော့ပါ။ ဆူးနဲ့ဖက် တွေ့ရင် တစ်ခါတစ်ရံ ဆူးကျိုးတာလည်း ရှိတတ်ပါတယ် သူငယ်ချင်းရယ် ဟူသော စကားကိုတော့ သူ့ရင်ထဲတွင်သာ ရေရွတ်လိုက်မိပါတော့သည်။

Khin Cho (www.drmyanmar.com)