အန်ကယ်တို့အရွယ်တွေ ဘယ်လို ကျန်းမာဖျတ်လတ်အောင်နေမလဲ
တီရှပ်အပြာနုလေးဝတ် စတိုင်ပင်လေးနဲ့ ဘိုကေလေး တသသနဲ့ လန်းနေတတ်တဲ့ အန်ကယ်တို့အရွယ်မှာ ကျန်းမာရေးပြဿနာ ကင်းဝေးပြီး လူငယ်လေးလို ဖျတ်လတ်နေအောင် ဘယ်လိုကျင့်ကြံနေထိုင်ကြမလဲ?
● အန်ကယ်တွေ စိတ်ပူတာက ယောက်ျားဟော်မုန်း တက်စတိုစတီရုန်းပါ။ ဟော်မုန်းပမာဏ ထိုးကျလာပြီး ယောကျာ်းပီပီသသ မဖြစ်တော့မှာ သိပ်ပူမနေပါနဲ့။ ဖွဲတစ်ဆုပ် မနိုင်သေးတဲ့အထိ သန်မာချင်ရင် ဒါတွေလုပ်ပါ။
1. ဇနီးသည်နဲ့ မကြာခဏ အတူနေပါ။ ထွေးပွေ့ယုယတာတွေ ရပ်မပစ်ပါနဲ့။ အင်ဒိုဖင်ဟော်မုန်း ထွက်စေလို့ ပိုလန်းဆန်းပျော်ရွှင်ရပါလိမ့်မယ်။
2. လေ့ကျင့်ခန်းလုပ်ပါ။ ခေါငိးဖျားကနေ ခြေအဆုံး သန်မာနေချင်ရင်တော့ လမ်းလျှောက်တာ၊ သွေးပူလေ့ကျင့်ခန်း တစ်ခုခုကတော့ ကြိုးစားလုပ်နေရမှာပါ။
3. အိပ်ရေးဝဝအိပ်ပါ။ သိပ်ရိုးရှင်းပေမယ့် အလွန်ထိရောက်ပါတယ်။ ကျားဟော်မုန်းပမာဏကောင်းနေဖို့ အိပ်ရေးဝဖို့ လိုပါတယ်နော်။
● အရိုး ပွ၊ မပွ စစ်ဆေးပါ။ Bone density test ကို ဆေးခန်းမှာ သွားလုပ်ပါ။ နွားနို့သောက်ပါ။ ပင်လယ်ငါး စားပါ။ ဗီတာမင်ဒီနဲ့ ဖော့စဖရပ်ဓာတ်ကို ဖြည့်စွက်ဆေးဝါး အစားအစာတွေနဲ့ ဖြည့်ဆည်းပါ။
● ဆီးကျိတ်ကြီးရောဂါအတွက် သွေးစစ်ချက်တစ်မျိုးမှန်မှန် ပြုလုပ်ပါ။ လိုအပ်ရင် ဆေးသောက်ပါ။ အချိန်မနှောင်းခင် ဆီးခွဲစိတ်ဆရာဝန် ပြသတိုင်ပင်ပါ။
● မတ်မတ်ထိုင်ပါ။ အလေးအပင်တွေ မ,မပါနဲ့။ ကျောပြင်ပြန့်ပြီး ကျောရိုးဒဏ်မဖြစ်ရအောင် အထိုက်အလျောက် ပြန့်ပြူးတောင့်တင်းပြီး နူးညံ့တဲ့အိပ်ရာ ရွေးချယ်ပါ။
● သွေးတိုးဆီးချို သုံးလတစ်ခါ စစ်ဆေးပါ။ မိမိမှာရှိနေရင်လည်း ပုံမှန်စစ်ဆေးကုသနေရင် အသက်ရှည်ရှည် နေနိုင်မှာပါ။
● ရေချိုး ရဲတာ၊ အအေးကြိုက်တာတွေ သိပ်မလုပ်ပါနဲ့။ ဖျားပြီး အဆုတ်အအေးပတ်ရင် ကိုယ့်အသက်အရွယ်နဲ့ သူများထက် ပိုခံရတတ်ပါတယ်။
● သက်တူရွယ်တူတွေနဲ့ ပေါင်းသလို လူငယ်တွေနဲ့လည်း မကြာခဏ စကားဝိုင်းဖွဲ့ပါ။ ငြင်းခုံပါ။ မိန်းမချောလေးတွေနဲ့ စကားပြောပါ။ အပေါင်းအသင်းမိတ်ဆွေ၊ အသိုင်းအဝိုင်းကို ဆက်တိုက်ချဲ့ထွင်ပါ။ ဆုံးဖြတ်ချက်တွေ၊ စီစဉ်တာတွေ နေ့စဉ်လုပ်ဆောင်ပါ။ ဦးနှောက်ကြွက်သားတွေ လန်းဆန်းသန်မာစေဖို့ ဖြစ်ပါတယ်။
● နေ့စဉ် စာရေးတဲ့အကျင့် လုပ်ပါ။ ဘောပင်နဲ့ စာရေးတာဟာ ဦးနှောက်ကို ပိုမိုလန်းဆန်းစေလို့ အသက်ရလာပေမယ့် စိတ်ကူးစိတ်သန်းတွေ၊ အတွေးအခေါ်တွေ ထက်မြက်နေမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















