အမျိုးသားတွင် သားကြောဖြတ်ခြင်း
ကလေးမရအောင် တားဖို့အတွက် အမျိုးသမီးတွေမှာ နည်းအမျိုးမျိုးနဲ့ သနေ္ဓတားနိုင်သလို အမျိုးသားတွေမှာလည်း သားကြောဖြတ်လို့ ရပါတယ်။
>> အမျိုးသားမှာ သားကြောဖြတ်တယ်ဆိုတာ ဘာလဲ?
ဒါကတော့ သုတ်ပိုးတွေကို ေ၀ှးစေ့ကနေပြီးတော့ လိင်တံဆီကို ပို့ဆောင်ပေးတဲ့ ပြွန်လေးကို ဖြတ်လိုက်ပြီးတော့ တစ်ဖက်စီ ပြန်ချည်ထားတာပါ။ ဒါက ယာယီ မဟုတ်ဘဲ အမြဲတမ်း သနေ္ဓတားနည်းပါ။ သြစတြေးလျနိုင်ငံမှာတော့ သားကြောဖြတ်တဲ့ အမျိုးသားပေါင်း တစ်နှစ်ကို ၁၅၀၀၀ လောက် ရှိပါသတဲ့။
>> အမျိုးသားတွေမှာ သားကြောဖြတ်လိုက်ရင် ဘယ်လိုဖြစ်မလဲ?
သားကြောဖြတ်လိုက်တဲ့အခါမှာ သုတ်ပိုးတွေက သုတ်ရည်ထဲကို မရောက်နိုင်တော့ပါဘူး။ ဒီတော့ သုတ်လွှတ်တဲ့အထဲမှာ သုတ်ပိုးမပါသွားတော့ ကိုယ်၀န်မရနိုင်တော့ဘူးပေါ့။
>> ဒီနည်းလမ်းက ဘယ်လောက်ထိရောက်မှုရှိသလဲ?
ဒီနည်းလမ်းက ကိုယ်၀န်မရအောင် တားနိုင်ဖို့အတွက် ၉၉% အထက် ထိရောက်မှု ရှိပါတယ်။
>> အမျိုးသားတွေမှာ သားကြော ဘယ်လိုဖြတ်သလဲ?
ဒါက အသေးစားခွဲစိတ်မှု ဖြစ်ပြီးတော့ ခွဲစိတ်ဆရာ၀န် (သို့) ဆီးလမ်းကြောင်း ခွဲစိတ်အထူးကုဆရာ၀န် (သို့) လေ့ကျင့်သင်ကြားပေးထားတဲ့ အထွေထွေရောဂါကု ဆရာ၀န်တွေက ထုံဆေးပေးပြီး ခွဲစိတ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းမှာ တစ်ရက်ပဲ နေရတဲ့ ခွဲစိတ်မှုပါ။
သုတ်ပိုးပြွန် တစ်ဖက်စီက သုတ်ပိုးတွေ ကင်းစင်သွားဖို့ကတော့ ၂-၃ လ (၁၆-၂၀ ကြိမ်လောက် သုတ်လွှတ်) ကြာချိန် လိုပါတယ်။ ဒီခွဲစိတ်မှုလုပ်ပြီး ၃ လကြာတဲ့အခါမှာတော့ သုတ်ရည်ထဲမှာ သုတ်ပိုး ပါ၊ မပါဆိုတာကို ပြန်စစ်ဖို့ လိုပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာရင် တစ်ကြိမ် ပြန်စစ်ဖို့ လိုပါတယ်။ သုတ်ရည်စစ်ကြည့်တဲ့အခါမှာ သုတ်ပိုး လုံး၀မတွေ့တော့တဲ့အထိ တခြားသနေ္ဓတားနည်းကို တွဲသုံးပေးဖို့ လိုပါတယ်။
>> သားကြောဖြတ်လိုက်ပြီးမှ စိတ်ပြောင်းသွားလို့ရလား?
ဒီခွဲစိတ်မှုကတော့ ပြန်ပြင်ဖို့ ခက်ပေမယ့်လည်း လုံး၀မဖြစ်နိုင်ဘူးတော့ မဟုတ်ပါဘူး။ ဖြတ်ထားတဲ့ ပြွန်လေးတွေကို ပြန်ဆက်တဲ့ ခွဲစိတ်မှုလုပ်ထားတဲ့ စုံတွဲတွေမှာ ၅၀-၇၀% လောက် အောင်မြင်မှုနှုန်း ရှိတာ တွေ့ရပါတယ်။ သားကြောဖြတ်ပြီး မကြာခင်မှာ စောစောပြန်ပြင်နိုင်လေ အောင်မြင်နိုင်ခြေ ပိုများလေပါ။
>> အမျိုးသားများတွင် သားကြောဖြတ်ခြင်း၏ ကောင်းကျိုးများ
● ဒါက ယာယီမဟုတ်ဘဲ အမြဲတမ်း ဖြစ်ပြီးတော့ ယုံကြည်လို့ ရပါတယ်။
● အတူနေတဲ့အချိန်မှာ လိင်တံထောင်မတ်ဖို့၊ သုတ်လွှတ်ဖို့တွေမှာ ဘာပြဿနာမှ မရှိစေပါဘူး။
● ဒါက လိင်မှုကိစ္စကို အနှောင့်အယှက် မဖြစ်စေဘဲနဲ့ ရိုးရှင််းမြန်ဆန်တဲ့နည်းလမ်းလေး ဖြစ်ပါတယ်။
>> အမျိုးသားများတွင် သားကြောဖြတ်ခြင်း၏ ဆိုးကျိုးများ
● ဒီနည်းက လုပ်ပြီးပြီးချင်း ချက်ချင်းကြီး မထိရောက်ဘဲနဲ့ သုတ်ပိုးတွေ လုံး၀စင်သွားအောင်အထိ ၂-၃ လလောက် စောင့်ဖို့ လိုပါတယ်။
● ခွဲစိတ်ပြီး ခဏတာမှာတော့ နာကျင်တာ၊ ညိုမည်းစွဲတာ၊ ရောင်ရမ်းတာတွေတော့ ခံစားရမှာပါ။
● သွေးထွက်ခြင်း၊ ရောဂါပိုး၀င်ခြင်း၊ သုတ်ပိုးတွေ ယိုစိမ့်ထွက်သွားတာအတွက် တန်ပြန်ရောင်ရမ်းခြင်း စတဲ့ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။
● ဖြတ်ထားတဲ့ပြွန်စွန်းလေးတွေ ပြန်ဆက်ပြီးတော့ သားသမီး ပြန်ရနိုင်ချေလည်း ရာခိုင်နှုန်း အနည်းငယ် ရှိပါတယ်။ ဖြစ်တော့ ဖြစ်ခဲပါတယ်။ ဒီလိုဆိုရင်တော့ ခွဲစိတ်မှု ပြန်လုပ်ဖို့ လိုပါတယ်။
ပြန်ပြင်ဖို့ခက်တဲ့အတွက် သားကြောမဖြတ်ခင်မှာ သေချာစဉ်းစားပြီး ဆုံးဖြတ်ဖို့ လိုပါတယ်။
>> သားကြောဖြတ်ပြီးရင် ဘယ်လိုဂရုစိုက်မှုတွေ ပေးဖို့လိုလဲ?
ခွဲစိတ်ပြီးနောက် ခံစားရတဲ့ နာကျင်မှုတွေကိုတော့ အကိုက်အခဲပျောက်ဆေးသောက်၊ ရေခဲလေး အုံပေးလို့ ရပါတယ်။ ထောက်ပံ့မှုပေးနိုင်တဲ့ အောက်ခံဘောင်းဘီ ၀တ်ထားရင်လည်း သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။
ခွဲစိတ်မှု ခံယူပြီးရင်တော့ တစ်ရက်၊ နှစ်ရက်လောက် အနားယူသင့်ပါတယ်။ ခွဲစိတ်ပြီး ၇ ရက်လောက်အထိ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့ အလေးမတာတွေကို ရှောင်ရပါမယ်။ လိင်ဆက်ဆံမှု အပါအ၀င် လှုပ်ရှားမှုအားလုံးကို တစ်ပတ်လောက်တော့ ရှောင်ပါ။ သုတ်ရည်ထဲမှာ သုတ်ပိုး လုံး၀မရှိတော့ဘူးလို့ ဆရာ၀န်က အာမခံတဲ့အချိန်အထိ အခြားသားဆက်ခြားနည်းတွေ သုံးပေးဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















