အမျိုးသားတွေမှာ ခါး ဘာကြောင့်နာ
၈၀% သောလူတွေဟာ ခါးနာတဲ့ဝေဒနာကို ခံစားနေရတယ်ဆိုရင် အံ့ဩကြမယ်ထင်တယ်နော်။
စဉ်းစားကြည့်လိုက်ရင် ထတာ၊ ထိုင်တာ၊ လှုပ်ရှားတာ အတော်များများဟာ ခါးကိုသုံးပြီးလုပ်ရတာ သတိထားမိမှာပါ။ လူတွေဆိုတာ အစဉ်သဖြင့် လိမ်ဟယ်၊ ထိုင်ဟယ်၊ လှမ်းဟယ်၊ မဟယ် လုပ်နေကြရတာကိုး။ ဒါကြောင့်လည်း လူအတော်များများမှာ ခါးနာနာနေတတ်ကြတာပေါ့။
ဒါပေမဲ့ ခါးနာတယ်ဆိုတာ လူတိုင်းမလွဲမသွေ ဖြစ်ရမှာလားဆိုရင်တော့ မဟုတ်ပါဘူး။
တစ်ခါတလေကျတော့ ကိုယ် ထိန်းချုပ်လို့မရနိုင်ပေမယ့် တချို့ခါးထိခိုက်မှုတွေကတော့ လေ့ကျင့်ခန်းတွေ၊ မှန်ကန်တဲ့လှုပ်ရှားမှုတွေနဲ့ ကာကွယ်နိုင်ပါသတဲ့နော်။
ဆိုးဆိုးရွားရွား ထိခိုက်မှုကြောင့် ခါးနာနိုင်တယ်ဆိုပေမယ့် များသောအားဖြင့်တော့ ခန္ဓာကိုယ်ထဲကြွက်သားတွေ မညီမျှတာကြောင့် ဖြစ်တာများပါတယ်။
>> ဒီလိုခါးနာစေတဲ့ အကြောင်းရင်းတွေကတော့ -
● တင်ပါးကြွက်သားတွေ တင်းကြပ်ခြင်း
ခုံမှာထိုင်ပြီး အလုပ်လုပ်ရပြီဆိုရင် တင်ပါးကြွက်သားတွေ တင်းကြပ်လာမှာ မလွဲဧကန်ပါ။ တစ်နေ့ကို ၈ နာရီလောက် ထိုင်နေရတာကြောင့်ပေါ့။ ဒါတောင် ကားထဲထိုင်တဲ့အချိန်၊ အိမ်ကဆိုဖာပေါ် အနားယူချိန်တွေ မပါသေးပါဘူး။ ဒီလိုထိုင်နေတဲ့အခါ တင်ပါးဆုံရိုးကို အရှေ့ဘက်ကို ဆွဲသလိုဖြစ်ပြီး တင်ပါးကြွက်သားတွေရဲ့ ညှစ်အားကို ကျစေပါတယ်။ ဒီလိုတင်ပါးဆုံရိုးစောင်းတဲ့အခါ ခါးကို အားသက်ရောက်တာများပြီးတော့ နာတာ၊ ကျင်တာကို ဖြစ်စေနိုင်ပါတယ်။
ကောင်းတဲ့အချက်တစ်ချက်က ဒီလိုကြွက်သားတွေ တင်းကြပ်တာကိုသက်သာစေဖို့ ဖော့လိပ်ခံပြီး ထိုင်တာမျိုး လုပ်ပေးနိုင်ပါတယ်။
● TFL ထိခိုက်မိခြင်း
အပြေးသမားတွေမှာ တင်ပါးဆုံနားပေါင်ရင်းမှာ တင်းတင်းကြီးဖြစ်နေတာမျိုး သတိထားမိတတ်ကြမှာပေါ့။ ဒါဟာ TFL လို့ခေါ်တဲ့ တင်ပါးကြွက်သားအဖုံးလွှာကြောင့်ပါ။ တင်ပါးကို ထိန်းထားပေးတဲ့အရာမို့ TFL အလွှာ တင်းကြပ်လာတဲ့အခါ ခါးအောက်ပိုင်းအပါအဝင် နေရာအတော်များများမှာ နာကျင်မှုဝေဒနာ ခံစားလာရမှာပါ။
ဒီလောက်ဆိုရင် တင်ပါးနဲ့ခါးအောက်ပိုင်းဟာ တစ်ခုပေါ်တစ်ခု အမှီသဟဲပြုနေရတယ်ဆိုတာ သိလာလောက်ပြီပေါ့။ ဒါကြောင့် ခါးနာတာကို ကာကွယ်ဖို့ဆိုရင် တင်ပါးဆုံကို ကောင်းကောင်းထားဖို့လိုတာပေါ့။ ခြေထောက်နှစ်ချောင်းကို လှုပ်ရှားလိုက်တိုင်း တင်ပါးရိုးကို ထိန်းညှိပေးထားတာ TFLပဲပေါ့။ တင်ပါးဆုံကြွက်သားတွေလိုပဲ TFL ကိုလည်း ဖော့လိပ်ခံခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ သတိထားဖို့က ဒီနေရာဟာ အင်မတန် အထိလွယ်တာမို့ ပထမ ၁ ကြိမ်၊ ၂ ကြိမ်လောက်ကတော့ နာမှာပါ။
● အာရုံကြော ထိခိုက်ခြင်း
ခါးနာပြီး ခြေထောက်တစ်ခြမ်းပါ ထုံထုံကျဉ်ကျဉ်ကြီး ဖြစ်နေမယ်ဆိုရင် sciaticaလို့ခေါ်တဲ့ ခြေထောက်အာရုံကြောမကြီး ထိမိတာဖြစ်နိုင်ပါတယ်။ Piriformis syndrome ဆိုတာ တင်ပါးမှာရှိတဲ့ ကြွက်သားကြောင့် ခြေထောက်အာရုံကြောမကြီးကို ဖိမိလို့ဖြစ်တဲ့ရောဂါစုတစ်မျိုးပေါ့။ ဒီနှစ်မျိုးကို ကုသပုံကလည်း မတူညီပါဘူး။
ရောဂါလက္ခဏာတွေ သက်သာအောင်တော့ ဖော့လုံး ဒါမှမဟုတ် အကြောလျော့နည်းမျိုးစုံနဲ့ ကုစားနိုင်ပါတယ်။ တစ်ခါတလေ သူ့အလိုလိုတောင် နာတာ သက်သာသွားတတ်ပါသေးတယ်။
ထုံကျဉ်တာ ရက်ပိုင်းကျော်လာပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြပြီး ကျောဆစ်ရိုးကျွံတာ ဟုတ်၊ မဟုတ်ကို ရှာကြည့်ဖို့ လိုပါတယ်။
● စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများခြင်းဟာ စိတ်ရောကိုယ်ပါလ ုံးဝအကျဉ်းချပစ်တတ်တဲ့ အမျိုးသားတွေမှာ ပိုဆိုးတတ်ပါတယ်။ လူမှုအသိုင်းအဝိုင်းကနေ ရှောင်ဖယ်ပြီး အအိပ်အနေ မမှန်တာ၊ အစားကို ဂရုမစိုက်တာ၊ လေ့ကျင့်ခန်း မလုပ်တာ စတဲ့အပြုအမူဆိုးတွေ ပြုလုပ်လာပြီး ဒါတွေအားလုံးက ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကြွက်သားတွေ တင်းကြပ်လာပြီး ခါးမှာမလိုလားအပ်တဲ့ ဖိစီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။
● အအိပ်ပုံစံ
လူတွေဟာ လူ့သက်တမ်းရဲ့ပျမ်းမျှ ၃ ပုံ ၁ ပုံကို အိပ်ရာထဲ ကုန်ဆုံးတတ်ကြပါသတဲ့။ တစ်နေ့ကို ၈ နာရီလောက် ထိုင်ခုံမှာ ထိုင်နေတဲ့အခါ ပြဿနာပေါင်းစုံဖြစ်လာနိုင်သလိုပဲ အချိန်အတန်ကြာ အိပ်တဲ့ပုံစံ မမှန်တာကလည်း ပြဿနာပေါင်းစုံကို သယ်ဆောင်လာနိုင်တာပေါ့။
အိပ်တဲ့ပုံစံလို့ဆိုတဲ့အခါ မှောက်လျက်အိပ်တာက လုံးဝမကောင်းပါဘူးနော်။ ခါးဆစ်ရိုးကွေးသွားပြီး ပံ့ပိုးနိုင်မှု အားနည်းသွားတာကြောင့် နောက်တစ်နေ့မှာ နာကျင်နေပါလိမ့်မယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ပိုဟောက်တတ်တာမို့ မှောက်လျက်အိပ်တာဟာ ဟောက်တာကို သက်သာစေပေမယ့် ခါးကတော့ ပြဿနာတက်တတ်ပါတယ်။
ဒါ့အပြင် ခါးနဲ့ ဒူးကို ထောက်ထားပေးတာမရှိဘဲ ပက်လက်အိပ်တဲ့အခါမှာလည်း ပြဿနာတွေဖြစ်လာတတ်တာမို့ ဘေးစောင်း၊ ဖက်လုံးခွပြီး အိပ်ရင်အိပ်၊ ဒူးအောက်မှာ တစ်ခုခုခံပြီး ပက်လက် အိပ်ရင်အိပ်ပါ။
ခါးနာစေတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါ။ ဘာကြောင့်ခါးနာရသလဲဆိုတာ ရှာရလည်း အင်မတန်ခက်ပါတယ်။ ကိုယ့်ခါးနာတာဟာ အပေါ်မှာ ပြောခဲ့တာတွေနဲ့ ကိုက်မကိုက်ကြည့်ကြည့်ပါ။ အဖြေဆိုတာ ရှာရင်ထွက်ပါတယ်နော်။ ခါးနာနေတာ လုံးလုံးမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ ဝန်မလေးသင့်ပါဘူး။
Dr. Mya Phoo Ngon (www.drmyanmar.com)
















