အမျိုးသားများ ဘယ်တော့မှ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာ 2 ခု
ဆရာဝန်ဆီသွားပြီး ပုံမှန်ဆေးစစ်ဖို့ (သို့) ကျန်းမာရေးပြသနာတစ်ခုခုအကြောင်းဆွေးနွေးဖို့ကို ဘယ်တော့မှမနှောင့်နှေးပါနဲ့။ အချို့ရောဂါလက္ခဏာတွေက အသေးစားကုသမှုခံယူသင့်သလို အချို့လက္ခဏာတွေက ကင်ဆာရောဂါရဲ့ ကနဦး လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ စောစောမပြဖြစ်လို့ ဒီလက္ခဏာတွေကိုလွတ်သွားခဲ့မယ်ဆိုရင် ကင်ဆာလို့အသိနောက်ကျပြီး စောစောမကုသနိုင်ဘဲဖြစ်သွားနိုင်ပါတယ်။
အမျိုးသားတွေမှာ အဖြစ်များဆုံးကင်ဆာတွေဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ ဆီးအိမ်ကင်ဆာန့ဲ ကျောက်ကပ်ကင်ဆာတွေကို ဆရာဝန်တွေကဖော်ထုတ်ပါလိမ့်မယ်။ အချို့ရောဂါလက္ခဏာတွေက ကင်ဆာဖြစ်နိုင်ပြီး အချို့ကတော့ အခြားအခြေအနေတစ်ခုကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် ဆီးကျိတ်ကင်ဆာမှာ အများအားဖြင့် ရောဂါလက္ခဏာပြလေ့မရှိဘဲ သွေးထဲမှာရှိတဲ့ PSA ဆိုတဲ့ ဓာတ်တစ်မျိုးကိုစစ်ကြည့်မှ သိနိုင်ပါတယ်။
ဒီလက္ခာဏာ 2 မျိုး ခံစားရရင်တော့ ဆရာဝန်ကိုပြသဖို့လိုပါတယ်။
1. ဝှေးစေ့တွင် အပြောင်းအလဲရှိခြင်းနှင့် နာခြင်း
ဝှေးစေ့ကင်ဆာဟာ အသက် 15-35 နှစ်ကြား အမျိုးသားတွေမှာအဖြစ်များပေမယ့် ကလေးတွေနဲ့အသက်ကြီးတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ နာခြင်း၊ ရောင်ခြင်း၊ မာလာခြင်းနဲ့ အလုံးအကြိတ်ထွက်လာခြင်းတို့ဖြစ်ပါတယ်။ ဒါတွေအကုန်လုံးက ကိုယ့်ဟာကိုစမ်းကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
ဝှေးစေ့နှစ်ခုအနက် တစ်ခုခုမှာ ဒီလိုလက္ခဏာတွေတွေ့ပြီဆိုရင်တော့ ဆရာဝန်ဆီသွားပြပါ။
2. ဆီးထဲတွင်သွေးပါခြင်း
ထိခိုက်မှုမရှိဘဲ ဆီးထဲမှာသွေးပါခြင်းက ဆီးကျိတ်ကြီးလာခြင်း၊ ကျောက်ကပ် (သို့) ဆီးအိမ်မှာကျောက်တည်ခြင်း စတဲ့ကင်ဆာမဟုတ်တဲ့အခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးထဲမှာသွေးပါရင် ဆရာဝန်ကိုသွားပြသင့်ပါတယ်။
ဒီရောဂါလက္ခဏာတွေတွေ့ပြီဆိုရင် ဘာတွေဖြစ်နိုင်သလဲ
ဒီလက္ခဏာနှစ်ခုအနက်က တစ်ခုခုတွေ့ပြီဆိုရင်တော့ ဆရာဝန်ဆီသွားပြီးရောဂါရှာကြည့်ရပါမယ်။ ဆရာဝန်ကလိုအပ်ရင် ပိုပြီးတိကျတဲ့စမ်းသပ်မှုတွေလုပ်ဖို့ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းအထူးကုဆရာဝန်ဆီကို လွှဲပေးပါလိမ့်မယ်။
စမ်းသပ်စစ်ဆေးမှုများ
စမး်သပ်စစ်ဆေးမှုတွေကတော့
- Ultrasound - ဝှေးစေ့မှာ အပြောင်းအလဲတစ်ခုခုတွေ့ခဲ့ရင်တော့ ပထမဆုံးအနေနဲ့ ဝှေးစေ့ကို အာလ်ထရာစောင်း ရိုက်ကြည့်ရပါမယ်။ ဒီအဖြေပေါ်မူတည်ပြီးမှ လိုအပ်တာတွေကိုဆက်ပြီးစစ်ဆေးရပါမယ်။
- ဆီးထဲမှာ သွေးပါရင်တော့ Urine culture and cytology ( ဆီးထဲမှာပါတဲ့ပစ္စည်းများကို စစ်ဆေးခြင်း)၊ CT urogram ( ဆီးလမ်းကြောင်း ဓာတ်မှန်ရိုက်ခြင်း)၊ cystoscopy ( ဆီးအိမ်ကို မှန်ပြောင်းထည့်ပြီးစစ်ဆေးခြင်း) တွေပြုလုပ်ရပါမယ်။
ဆီးကျိတ်ကင်ဆာကို စောစီးစွာတွေ့ရှိဖို့ သွေးစစ်ဆေးခြင်း
ဆီးကျိတ်ကင်ဆာ - အမျိုးသားတွေမှာ အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး အများစုကရောဂါလက္ခဏာမပြတတ်ပါဘူး။
prostate-specific antigen (PSA) လို့ခေါ်တဲ့ ဆီးကျိတ်ဂလင်းကနေထုတ်ပေးတဲ့ ပရိုတင်းဓာတ်တစ်မျိုးရဲ့ ပမာဏကိုသိဖို့ သွေးစစ်ဆေးခြင်းဖြင့် ရောဂါဖော်ထုတ်နိုင်ပါတယ်။
အသက် 50 အရွယ်မှာစပြီး PSA ကို စစ်ကြည့်သင့်ပါတယ်။ အဖြေပေါ်မူတည်ပြီးမှ နောက်ထပ်ဘယ်အချိန်မှာ ထပ်ပြီးစစ်ရမယ်ဆိုတာကိုပြောနိုင်ပါတယ်။ အဖြေက ပုံမှန်ရှိသင့်တဲ့အတွင်းမှာ (သို့) ပုံမှန်ထက်နည်းနေမယ်ဆိုရင် 5 နှစ်ကြာရင် နောက်တစ်ခေါက်ထပ်စစ်ရပါမယ်။ ပုံမှန်ထက်များနေရင်တော့ 2 နှစ်ကို တစ်ခါစစ်ဖို့လိုပါတယ်။
အသက်ငယ်တဲ့အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ဝှေးစေ့ကိုတစ်လတစ်ခါစစ်ကြည့်ပြီး ပြောင်းလဲမှုတွေ၊ အလုံးအကြိတ်တွေ ရှိ/မရှိ သတိထားနေရပါမယ်။ ရောဂါလက္ခဏာတွေကို စောစောသတိထားမိပြီး ဆရာဝန်နဲ့စောစောပြနိုင်မယ်ဆိုရင် ကင်ဆာကိုစောစီးစွာဖော်ထုတ်နိုင်ပြီး လိုအပ်တဲ့ကုသမှုတွေကိုရရှိမှာဖြစ်ပါတယ်။
Dr. Mya Myo Myo Swe
















