အရက်နာကျခြင်းကို ကာကွယ်နိုင်ဖို့ အချက် (7) ချက်
အရက်သောက်တာမှာလည်း ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။ ဒီထဲက အဆိုးဆုံးအချက်ကတော့ ညဘက်မှာ လွန်သွားရင် နောက်တစ်နေ့ မနက်ထတဲ့အခါမှာ အရက်နာကျတာပါ။
ခန္ဓာကိုယ်ထဲမှာ အရက်မရှိတော့ပေမယ့် အရမ်းခံရခက်တဲ့ လက္ခဏာတွေကို ခံစားနေရတာက ဆိုးလွန်းပါတယ်။ ခေါင်းကိုက်ခြင်း၊ နုံးချိခြင်း၊ ရေငတ်ခြင်း၊ မူးဝေခြင်း၊ ပျို့ခြင်းနဲ့ အစာ မစားချင်တာတွေက အရက်နာကျတဲ့ ခံစားချက်တွေပါ။ ဒီလက္ခဏာတွေရဲ့ ပြင်းထန်မှုကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြပေမယ့် အများစုကတော့ ခံစားရတာ အရမ်းဆိုးပါတယ်။
ဒီအရက်နာကျတာကို ကုသတဲ့နည်းလမ်းတွေ ရှိပါတယ်။ အရက်နာမကျအောင် ကာကွယ်နိုင်ဖို့ (သို့) လက္ခဏာတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ဖို့အတွက် အခိုင်အမာ သက်သေထူထားတဲ့အချက် (7) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
1. အရက်ကို အတန်အသင့်သာ သောက်ခြင်း (သို့) လုံးဝမသောက်ခြင်း
အရက်နာကျတဲ့ ပြင်းထန်မှုက သောက်လိုက်တဲ့အရက်ပမာဏနဲ့ တိုက်ရိုက်အချိုးကျတဲ့အတွက် အရက်နာမကျစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတန်အသင့်သာ သောက်ခြင်း (သို့) လုံးဝမသောက်ခြင်းပါ။
2. Congeners ဆိုတဲ့ အရက်ထုတ်လုပ်ရာကနေ ထွက်လာတဲ့အဆိပ်ရှိတဲ့ ဓာတ်တစ်မျိုးပါတဲ့ အရက်ကို မသောက်ပါနဲ့။
Congeners ပါဝင်မှုနည်းတဲ့ Vodka, Gin, Rum စတဲ့ အရက်တွေက အရက်နာကျတာကို လျော့နည်းစေပါတယ်။
3. အရက်နာကျတဲ့မနက်မှာ အရက်ထပ်သောက်ခြင်း
အရက်နာကျတဲ့မနက်မှာ အရက်ထပ်သောက်တာက လူတိုင်းသိကြတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းက မကောင်းပေမယ့် အရက်နာကျတာကိုတော့ သိသိသာသာ သက်သာစေပါတယ်။
4. ရေများများ သောက်ပါ။
ရေများများ သောက်ခြင်းဖြင့် ရေငတ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့လက္ခဏာတွေ အပါအဝင် အရက်နာကျတဲ့ လက္ခဏာအချို့ကို သက်သာစေနိုင်ပါတယ်။
5. အိပ်ရေးဝဝအိပ်ပါ။
အရက်က အိပ်စက်ခြင်းကို အနှောင့်အယှက် ပေးနိုင်ပါတယ်။ ဒါကြောင့် ပွဲခံပြီး အရက်သောက်လာပြီးနောက်မှာ အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။
6. ကျန်းမာစေတဲ့ မနက်စာကို စားပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာ စားသုံးခြင်းကလည်း အရက်နာကျခြင်းကို ကုသနိုင်တဲ့ လူသိများတဲ့ နည်းတစ်နည်းပါ။ မနက်စာ ကောင်းကောင်းစားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို တက်လာစေပြီး လက္ခဏာအချို့ကို သက်သာပျောက်ကင်းသွားစေပါတယ်။
7. အားဖြည့်ဆေးများ
အရက်နာကျတဲ့ လက္ခဏာ တော်တော်များများက ခန္ဓာကိုယ်ထဲမှာ အနည်းငယ် ရောင်ရမ်းခြင်းတွေ ဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဆေးတွေကလည်း အရက်နာကျတာကို သက်သာစေနိုင်ပါတယ်။ အပင်ရကနေရတဲ့ အစားအစာ အတော်များများနဲ့ ဆေးဖက်ဝင် အပင်တွေကလည်း ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အတွက် အရက်နာကျခြင်းအတွက် အထောက်အကူ ဖြစ်ပါတယ်။ အရက်နာကျခြင်းကို သက်သာစေတဲ့ အရာတွေကတော့ ဂျင်စင်းအနီ၊ ဂျင်းနဲ့ Prickly Pear တို့ ဖြစ်ကြပါတယ်။
ဒီအချက်တွေက အရက်နာကျတာကို လုံးဝပျောက်ကင်းသွားအောင် မလုပ်ပေးနိုင်ရင်တောင်မှ ခံစားနေရတာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















