တိရစၧာန်ကိုက်ခံရခြင်းအတွက် အရေးပေါ်ကုသမှု
၁။ အရေးပေါ်အခြေအနေကိုဂရုပြုပါ။
- ဒဏ်ရာပြင်းထန်လျှင်
- သွေးမတိတ်လျှင်
- သွေးထွက်အလွန်များလျှင်
- သွေးပန်းထွက်လျှင် အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ပြီးဆေးရုံသို့ အမြန်ဆုံးသွားပါ။
၂။ သွေးတိတ်အောင်ပြုလုပ်ပါ။
သွေးထွက်နေတဲ့နေရာကို အ၀တ်သန့်သန့်နဲ့ဖိထားပေးပြီးသွေးတိတ်အောင်ထိန်းချုပ်ပါ။
၃။ ဒဏ်ရာကိုသန့်ရှင်းပါ။
အပေါ်ယံအရေပြားကိုပဲကုတ်ခြစ်မိတယ်ဆိုရင် ဒဏ်ရာကိုဆပ်ပြာနှင့် ရေနွေးနွေးကို အသုံးပြုပြီး ဆေးကြောပါ။ ထို့နောက် မိနစ်တော်တော်ကြာအောင် ရေနွေးနွေးနှင့် ဆက်လက်ဆေးကြောပါ။
Antibiotic Cream (ပဋိဇီ၀လိမ်းဆေး)တစ်ခုခုလိမ်းပြီးပတ်တီးစသန့်သန့်ဖြင့် ပတ်ထားပေးပါ။
၄။ ဆေးရုံ (သို့) ဆေးခန်းသို့သွားပါ။
အပေါ်ယံပဲကုတ်ခြစ်မိတာမျိုးမဟုတ်ရင် ချက်ချင်းဆေးဝါးကုသမှုခံယူသင့်ပါတယ်။ တောရိုင်းတိရစၧာန် များ၊ ခွေးလေခွေးလွင့်များရဲ့ကုတ်ခြစ်ကိုက်ဖဲ့မှုကို ခံရပါကဒဏ်ရာအနေအထားတိမ်သည်ဖြစ်စေ၊ နက်သည် ဖြစ်စေ အရေးပေါ်အခြေအနေလို့သဘောထားပြီးဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားရောက်ရပါမယ်။
အိမ်မွေးတိရစ ၦာန်ဖြစ်ပါကခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထားခြင်းရှိ၊ မရှိပိုင်ရှင်ကိုမေးမြန်းစုံစမ်းပါ။
၅။ ဆရာ၀န်၏ကုသပေးမှုကိုခံယူပါ။
- အနာကိုသေချာသန့်စင်ဆေးကြောပြီးလိုအပ်ပါက ချုပ်ရပါလိမ့်မယ်။
- လိုအပ်ပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးရပါမယ်။
- မေးခိုင်ရောဂါကာကွယ်ဆေးထိုးဖို့လည်းလိုအပ်ပါတယ်။
- နာကျင်ကိုက်ခဲတာသက်သာဖို့အတွက် Paracetamol လို အကိုက်အခဲပျောက်ဆေးတွေ သောက်ရ ပါမယ်။
















