လေဖြတ်ခြင်းအတွက် ရှေးဦးကုသမှု
- မျက်နှာ၊ လက် (သို့)ခြေထောက်များထုံကျင်ခြင်း၊ အထူးသဖြင့် ခန္ဓာကိုယ်တစ်ခြမ်းလှုပ်ရှားလို့ မရတော့ခြင်း၊
- စကားကိုသဲကွဲစွာမပြောနိုင်ခြင်း၊ကယောင်ချောက်ချားမရေမရာစကားများပြောနေခြင်း၊
- အမြင်အာရုံထိခိုက်ခြင်း၊
- အားအင်ချိနဲ့၍လမ်းမလျှောက်နိုင်ခြင်း၊ မူးေ၀ခြင်း (သို့) ခန္ဓာကိုယ်ကိုမထိန်းနိုင်တော့ခြင်း၊
- ရုတ်တရက်စိတ်ရှုပ်ထွေးခြင်း
- အလွန်အမင်းခေါင်းကိုက်လာခြင်းစတဲ့လက္ခဏာတွေဟာအရေးပေါ်အခြေအနေဖြစ်တာကြောင့် ဆရာ၀န်နှင့်ချက်ချင်းပြသသင့်ပါတယ်။
၁။ ပထမဆုံးရောဂါလက္ခဏာဖြစ်ပွားတဲ့အချိန်ကိုမှတ်သားထားပါ။
အထက်ပါရောဂါလက္ခဏာတွေ စတင်ခံစားရတဲ့အချိန်တိတိကျကျကို ဆရာ၀န်အားပြောပြပါ။
- လေဖြတ်ပြီး ၄ နာရီခွဲအတွင်း ကုသမှုခံယူနိုင်ဖို့အရေးကြီးပါတယ်။ ဒါမှသာ နောက်ဆက်တွဲဆိုးကျိုး များကိုလျော့ချနိုင်မှာဖြစ်ပါတယ်။
- ဆီးချိုရောဂါသည်ဖြစ်ပါက သွေးတွင်းရှိ သကြားပမာဏကိုစစ်ဆေးပါ။ သကြားဓာတ်ပမာဏ နည်းနေပါက glucose tablet ဆေးပြားတိုက်၍သော်လည်းကောင်း၊ လိမေ္မာ်ရည်ကဲ့သို့သော သကြားဓာတ်ပါ၀င်တဲ့ ဖျော်ရည်ကို လူနာအားတိုက်ကျေွးပါ။ လူနာကအရည်မသောက်နိုင်သည့် အနေအထားတွင် ရှိပါက ဂလူးကာဂွန် (Glu-cagon) ထိုးဆေးအသုံးပြုနိုင်ပါတယ်။
၂။ လိုအပ်ရင် CPR လုပ်ပါ။
အသက်ရှူ ရပ်သွားတယ်ဆိုရင် လူနာကိုမာတဲ့ကြမ်းပြင်မှာ ပက်လက်အိပ်စေပြီးရင်ဘတ်ဖိနည်း CPR ပြုလုပ်ပေးရပါမယ်။
လူကြီးဆိုလျှင် မိမိ၏လက်ဝါးနှစ်ဖက်ကိုထပ်ပြီးရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။
ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကိုလက်နှစ်ချောင်းတင်ပြီးဖိပေးရပါမယ်။
မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီးကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိနိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက် ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာနိမ့်သွားအောင် ဖိပေးရပါမယ်။
နှစ်လက်မခန့်ကျသွားအောင်ဖိပြီးပါကလက်ကိုလုံး၀ကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။
အသက်ရှူပြီလားဆိုတာကိုလည်းအမြဲသတိထားကြည့်ရပါမယ်။
အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။
CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆိုရင်တော့လူနာ၏ခေါင်းကို မော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။ နှာခေါင်းကို လက်နဲ့ ညှစ်ထားပြီး လူနာနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကိုအသက်မရှူ မချင်းပြုလုပ်ပေးရပါမယ်။
၃။ စမ်းသပ်ကုသမှုများကိုဆက်လက်ဆောင်ရွက်ပါ။
- ဆေးရုံတွင် ဆရာ၀န်က လေဖြတ်ခြင်းဟာဦးနှောက်ထဲတွင် သွေးခဲနေခြင်းကြောင့်လား (သို့) သွေးယိုနေမှုကြောင့်လားဆိုတာကို စစ်ဆေးပေးမှာဖြစ်ပါတယ်။စစ်ဆေးခြင်းတွင် MRI (သို့) CT scan လုပ်ခြင်းတို့ ပါ၀င်ပါတယ်။
- ထို့နောက် ရောဂါအခြေအနေပေါ်မူတည်၍ သောက်ဆေးပေးခြင်း၊ လူနာ၏ နေထိုင်စားသောက် ပုံ ပြောင်းလဲပေးခြင်း၊ လိုအပ်လျှင်ခွဲစိတ်ကုသပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
















