ညအိပ်ရာမ၀င်ခင် မျက်နှာသစ်ကြစို့ ...
ညဘက်မှာ ညဥ့်နက်အောင်နေပြီး အရမ်းအိပ်ချင်နေတဲ့အချိန်မှာ မျက်နှာသစ်ရမယ်ဆိုတော့ နည်းနည်းတော့ ရက်စက်တယ်လို့ ထင်မှာပေါ့။
ဒါပေမဲ့ ညမအိပ်ခင်မှာ လုပ်ရမယ့်စာရင်းရှိတယ်နော်။ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ ညအိပ်ဝတ်စုံလဲတာ၊ နာရီနှိုးစက်ပေးတာ စသဖြင့်ပေါ့။ ဒီစာရင်းကို ပြည့်အောင်လုပ်ဖို့ အားမရှိတော့ဘူး ဆိုရင်တောင် မျက်နှာလေးတော့ သစ်သင့်တယ်နော်။
>> ဘာကြောင့် မဖြစ်မနေ လုပ်ရတာလဲ?
မျက်နှာမသစ်ဘဲ အိပ်တာက ဝက်ခြံတွေ ပေါက်စေတယ်နော်။
ဒါကတော့ ရှင်းပါတယ်။ မျက်နှာကို ပုံမှန်မသစ်ရင် ချွေးပေါက်တွေ ပိတ်ပြီးတော့ ဝက်ခြံထွက်စေတတ်တယ်။ တစ်နေကုန် လိမ်းထားတဲ့မိတ်ကပ်တွေ၊ တစ်နေကုန် ဖုန်း၊ Gym ပစ္စည်းတွေ၊ တခြားလူတွေနဲ့ ထိတွေ့မိတဲ့ အမှိုက်အမှုန်တွေက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားစေတယ်။
ညဘက်မှာ အရေပြားအသစ် ပြန်လည်မွေးဖွားဖို့ အချိန်လိုတယ်။
ညဘက်မှာ ကောင်းကောင်းအိပ်မှ မနက်ခင်းမှာ အသားအရေ လှမယ်ဆိုတာ ၁၈၂၈ ခုနှစ်ကတည်းက သိပြီးသား ဖြစ်မှာပါနော်။ ညဘက်မှာ အိပ်နေနေ၊ မနေနေ အရေပြားဆဲလ်တွေ ပွားနှုန်းအမြန်ဆုံးဖြစ်ပြီး အရေပြားတွေကို ပြုပြင်ပေးတယ်။ ဒီလိုပွားနေ ပြင်နေချိန်မှာ အာဟာရဓာတ်တွေ လိုအပ်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်။
အခုခေတ်ကမ်ဘာကြီးရဲ့ ညစ်ညမ်းလေထုထဲကနေ အရေပြားကို ကာကွယ်ဖို့ လိုတယ်။
နေ့ဘက်မှာ သဘာဝထွက်နေတဲ့ အဆီတွေ၊ ချွဲတွေအပြင် ပတ်ဝန်းကျင်က အမှုန်အမှိုက်တွေ လာစုနေတဲ့အတွက် အရေပြားအပြင်လွှာဟာ ညစ်ပတ်နေတယ်။ အပြင်ဘက်က လေထုကိုပဲ စဉ်းစားကြည့်လိုက်လေ။ ကားမီးခိုးငွေ့တွေ၊ စီးကရက်အငွေ့တွေ၊ မီးခိုချောင်က အငွေ့တွေနဲ့ ပြည့်နှက်နေတယ်။ ညဘက် မျက်နှာမသစ်ဘဲအိပ်ရင် အရေပြားမှာ ထိခိုက်တာ၊ ဓာတ်မတည့်တာနဲ့ တခြားအရေပြားပြဿနာတွေ ဖြစ်စေနိုင်တယ်။
>> အရေပြားခြောက်တာကို ကာကွယ်နိုင်တယ်။
ညဘက်မှာ အရေပြားက သဘာဝအဆီတွေ မထွက်တော့ဘဲ အပူများလာတတ်တယ်။ အဲဒါကြောင့် ညဘက်မှာသုံးတဲ့ အစိုထိန်းခရင်မ်တွေဟာ ပိုပျစ်တတ်တာပါ။ ညဘက်မှာ မျက်နှာသစ်ပြီး အစိုထိန်းခရင်မ် မလိမ်းမိရင် အသားအရေတွေ ခြောက်သွေ့ပြီး နေရထိုင်ရ ခက်တာ၊ နီရဲကြမ်းတမ်းတာတွေ ဖြစ်နိုင်တယ်။
>> မျက်လုံးကိုတောင် ထိခိုက်နိုင်တယ်။
မနက်ဘက်မှာ မျက်လုံးတစ်ဝိုက်မည်းပြီး နိုးနိုးလာတတ်ရင် ညဘက်မှာ မျက်တောင်ကော့ မာစကာရာ ဖျက်တာ မစင်လို့ပါပဲ။ ဒီလိုမစင်တာက ကြာလာတဲ့အခါ တကယ့်ပြဿနာကြီးကို ဖြစ်စေနိုင်တယ်။ မျက်လုံးထဲ ခိုးလိုးခုလု ဖြစ်လာတာပါပဲ။ သြစထရေးယားက ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်ကို ပြောပြမယ်နော်။ သူလည်း ဒီလိုပဲ မျက်လုံး ခိုးလိုးခုလုဖြစ်လို့ဆိုပြီး မျက်စိဆရာဝန်နဲ့ လာပြတာပါ။ စမ်းသပ်ကြည့်လိုက်တော့ ခိုးလိုးခုလုဖြစ်တာတင်မကဘဲ ညဘက်အိပ်ချိန်မှာ မာစကာရာတွေ မျက်လုံးထဲဝင်ပြီး မျက်ကြည်လွှာကို သွားသွား ခြစ်မိနေတော့တာပါ။ ဒီအပိုင်းအစတွေဟာ မျက်လုံးထဲ မြုပ်နေပြီး ကြာလာတဲ့အခါ အထပ်ထပ် ပုံလာပြီးတော့ မျက်လုံးကို ထိခိုက်လာတယ်။ ဒီလိုပုံလာတဲ့အမှိုက်တွေကို ဖယ်ရှားတဲ့အခါ မိနစ် ၉၀ လောက်ကြာပြီး ခွဲပြီးနောက်မှာတောင် မျက်ကြည်လွှာနဲ့ မျက်ခွံမှာ အမာရွတ်ကြီး ထင်ကျန်ခဲ့ပါတယ်။
>> ညဘက်သုံးတဲ့ skin care တွေကို ပိုအာနိသင် ရှိစေတယ်။
ညဘက်မှာ မျက်နှာမသစ်ရင် skin care အတွက် သုံးထားတဲ့ပိုက်ဆံတွေဟာ အလကားပဲနော်။ ညအိပ်ချိန်မှာ အရေပြားဟာ သူ့ဟာသူ ပြန်ပြုပြင်ပါတယ်။ အပြင်ကနေ သုံးတဲ့ skin careတွေဆိုတာ ဒီလိုပြုပြင်တဲ့ဖြစ်စဉ်ကို ပိုပြီးအားဖြည့်ပေးတဲ့သဘောပဲ။ မျက်နှာမသစ်ဘဲအိပ်ရင် သဘာဝပြင်ဆင်တဲ့ ဖြစ်စဉ်ရော၊ skin care က ရမယ့် အကျိုးအာနိသင်ပါ မရတော့ဘဲ မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်နေလိမ့်မယ်။
>> အိပ်ရာခင်းတွေကိုလည်း သန့်နေစေလိမ့်မယ်နော်။
မိတ်ကပ်လိမ်းရက်ကြီး အိပ်သွားရင် ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေမှာ ပေကျံနေလိမ့်မယ်။ မလိမ်းထားရင်တောင်မှာ မျက်နှာမှာရှိနေတဲ့ အမှုန်အမှိုက်တွေနဲ့ ညစ်ပေသွားလိမ့်မယ်။ ဒီလိုညစ်ပေနေတာကို မလျော်မဖွပ်မလဲမိရင် နောက်နေ့တွေမှာ အထပ်ထပ် ပြန်ထိတွေ့မိနေတတ်တယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)














