မျက်နှာပေါ်က အရေးအကြောင်းများ
လူတစ်ယောက်အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို မျက်နှာအသားအရေကိုကြည့်ပြီး ခန့်မှန်းလေ့ ရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေ ဖြစ်လာတတ်ပါတယ်။
အရေပြားကို အလွှာ (3) လွှာနဲ့ ဖွဲ့စည်းထားပါတယ်။
1. အပေါ်ဆုံးလွှာ - လူတိုင်းမြင်နိုင်ပါတယ် (Epidermis)
2. အလယ်လွှာ (dermis)
3. အတွင်းလွှာ (subcutaneous)
ငယ်ရွယ်စဉ်မှာ အရေပြားကဆွဲဆန့်မှုကောင်းပြီး အစိုဓာတ်ကိုထိန်းသိမ်းထားနိုင်တဲ့အတွက် အရေးအကြောင်းတွေဖြစ်လေ့မရှိပါဘူး။ အလယ်လွှာမှာ elastin လို့ခေါ်တဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိတဲ့ အမျှင်ဓာတ်နဲ့ ကော်လာဂျင်လို့ခေါ်တဲ့ အသားဓာတ်တွေရှိတဲ့အတွက် အရေပြားကို ငယ်ရွယ်နုပျိုစေပါတယ်။
အိုမင်းလာတာနဲ့အမျှ ဒီ collagen နဲ့ elastin ဓာတ်တွေလျော့နည်းလာပြီး အရေပြားပိုပါးလာကာ အစိုဓာတ်မထိန်းထားနိုင်တော့ပါဘူး။ အတွင်းလွှာမှာရှိတဲ့ အရေပြားဆူဖြိုးစေတဲ့ အဆီတွေလည်းပျောက်ကွယ် သွားတဲ့အတွက် အသားအရေတွေလျော့ကျလာပြီး အရေးအကြောင်းတွေဖြစ်လာပါတော့တယ်။
အသက် 40 အရွယ်ဆိုရင် အရေးအကြောင်းတွေပေါ်လာပါပြီ။ အချို့သောနေရောင်နဲ့ ထိတွေ့မှုများ သူတွေဆိုရင် အသက် 20 လောက်ကတည်းက မျက်လုံးအောက်မှာ အရေးအကြောင်း အနည်းငယ် ကို တွေ့ရတတ်ပါတယ်။ အချို့ကတော့ အသက် 50-60 လောက်အထိ အရေးအကြောင်း သိပ်မရှိသေးပါဘူး။ ဒါက အရေပြားထိန်းသိမ်းမှုကောင်းလို့ (သို့) အရေပြားမှာ သဘာဝအတိုင်းရှိတဲ့ အဆီဓာတ်များလို့ (သို့) မျိုးရိုးဗီဇအရ ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အသက်ကြီးလာရင် အရေးအကြောင်းတွေဖြစ်လာတာကတော့ လောကနိယာမ ပဲဖြစ်ပါတယ်။
အရေးအကြောင်းတွေ စောစောပေါ်ခြင်းမှကာကွယ်နိုင်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
1. နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ အကြာကြီးမနေပါနဲ့။
(အထူးသဖြင့် မနက် 10 နာရီမှ ညနေ 4 နာရီကြားက နေအမြင့်ဆုံးအချိန်) ခရမ်းလွန်ရောင်ခြည်တွေက အရေးအကြောင်းဖြစ်စေပါတယ်။ နေကာခရင်မ်တွေက အထောက်အကူဖြစ်စေပေမယ့် ခရမ်းလွန်ရောင်ခြည်အားလုံးကိုတော့ မကာကွယ်နိုင်ပါဘူး။ အပြင်ထွက်ရင် SPF 15 နှင့် အထက်ပါဝင်တဲ့ နေကာခရင်မ်လိမ်းသွားပါ။ 2 နာရီ 3 နာရီခြားတစ်ခါ ခရင်မ်လိမ်းပေးပါ။ ရေကူးခြင်း၊ အားကစားပြုလုပ်ခြင်း စတဲ့ချေွးထွက်တာတွေလုပ်ပြီးတိုင်း ပြန်လိမ်းပါ။
2. ဆေးလိပ်မသောက်ပါနှင့်။
ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားအစိုဓာတ်လျော့နည်းစေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့အရေးအကြောင်းတွေ ဖြစ်စေပါတယ်။
3. ရေများများသောက်ပါ။
4. အသားအရေခြောက်သွေ့လျှင် အစိုဓာတ်ထိန်းခရင်မ် (moisturizer) လိမ်းပါ။ (အထူးသဖြင့် ခြောက်သွေ့သောအချိန်များတွင်)
Dr. Mya Myo Myo Swe
















