ကလေးတွေကို စာအုပ်ဖတ်ပြပေးပါ
အများအားဖြင့် မိဘတွေက ကလေးတွေကို အိပ်ရာဝင်ပုံပြင်လေးတွေပြောပြီး သိပ်လေ့ရှိကြပါတယ်။ တချို့ကဆိုရင် ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဗိုက်ထဲက ကလေးလေးကို စာဖတ်ပြတတ်ပါတယ်။ ဒီလိုအမူအကျင့်က ကလေးအတွက် ကောင်းကျိုးရှိတယ်ဆိုရင် အံ့သြသွားပါသလား။
လေ့လာမှု အသစ်တစ်ခုအရ ကလေးငယ်တွေကို စာအုပ်တွေ ဖတ်ပြပေးခြင်းဖြင့် ကျောင်းမတက်ခင် လေးနှစ်အရွယ်လောက်ကတည်းက ကလေးရဲ့ စကားလုံးကြွယ်ဝမှုနဲ့ စာဖတ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ကလေးကို စာဖတ်ပြချင်တယ်ဆိုရင် စောသေးတယ်ဆိုတာ မရှိပါဘူး။ ကလေးကို စာဖတ်ပြနေချိန်မှာ ကလေးက ကိုယ့်ရဲ့လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး သက်သောင့်သက်သာ အနေအထားနဲ့ မိခင်အသံကို ကြားနေရတဲ့အတွက် ကလေးနဲ့ မိဘအကြား ချစ်ခင်မှုကို ပိုစေပါတယ်။
>> လေ့လာမှုအကြောင်း တစေ့တစောင်း
သုတေသီတွေက မိခင်နဲ့ အသက် 6 လမှ 4 နှစ်ခွဲအကြား ကလေးစုံတွဲပေါင်း 250 ကို သူတို့ရဲ့ စာဖတ်စွမ်းရည်နဲ့ စကားလုံးတွေကို ဘယ်လောက်ကောင်းကောင်း နားလည်နိုင်စွမ်းရှိသလဲ ဆိုတာကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ကလေးဘဝမှာ စာဖတ်တဲ့အရည်အသွေးက ကလေးရဲ့စာဖတ်စွမ်းရည်ကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တွားသွားတတ်တဲ့ ကလေးအရွယ်ကတည်းက ကောင်းကောင်းနဲ့ စာအုပ်များများ ဖတ်ပြခြင်းက အသက် 4 နှစ်အရွယ်မှာ အမည်ရေးခြင်းကဲ့သို့သော စာတတ်မှုစွမ်းရည်ကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။
ကလေးတွေ မျက်စိပွင့်ပြီး ပတ်ဝန်းကျင်ကို တုံ့ပြန်နိုင်စွမ်းရှိလာတာနဲ့ သူတို့က စာအုပ်တွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ လသားအရွယ်လေးတွေကတောင် သင်ယူလေ့လာနေနိုင်ပါပြီ။
ကလေးငယ်တွေ (အထူးသဖြင့် အသက် 1 နှစ်အောက်ကလေးတွေက) စိတ်ဝင်စားစရာရုပ်ပုံတွေ၊ အရောင်တွေ ပါဝင်တဲ့ စာအုပ်တွေကို နှစ်သက်ကြပါတယ်။ ကလေးတွေက အကြား၊ အမြင်၊ အထိအတွေ့စတဲ့ အာရုံအားလုံးကနေ လေ့လာသင်ယူနေကြပြီး စာအုပ်တွေကရတဲ့ စိတ်ကူး၊ အယူအဆတွေကို ကလေးတွေကို အကျိုးပြုပါတယ်။
အသက်အရွယ်မရွေး ကလေးအားလုံးအတွက် နေ့တိုင်းစာအုပ်ဖတ်ပြီး အပန်းဖြေချိန် ထားရှိဖို့ လိုပါတယ်။ စာဖတ်ပြီး ဦးနှောက်ကို သွေးနေလေလေ ကျောင်းတက်တဲ့အခါမှာ အောင်မြင်မှု ပိုရဖို့ များလေလေပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)