ရေကျောက်အမြန်ပျောက်ဖို့ရာ
>> အဆင့် 1
ရေကေျာက်ပေါက်တဲ့အခါ အဓိကစိတ်ညစ်ရတာကတော့ ယားယံခြင်း၊ အဖျားဝင်ခြင်းနဲ့ အရေပြားပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ရေပြားပိုးဝင်ခြင်းဟာ ရေကျောက်အရည်ကြည်ဖုတွေကနေသော်လည်းကောင်း၊ ယားလို့ကုတ်ဖဲ့ကနေသော်လည်းကောင်း ဝင်နိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပိုသတ်ဆေးလိမ်းပေးနိုင်ပါတယ်။ ယားယံခြင်းသက်သာစေဖို့ Calamineအယားပျောက်ဆေးလိမ်းခြင်း၊ ရေနွေးစိမ်ခြငး်နဲ့ antihistamine ဆေးသောက်ခြင်းတို့ လုပ်နိုင်ပါတယ်။
1. လက်ဆေးခြင်း - ရေကျောက်ပေါက်သူရော၊ မိသားစုဝင်တွေပါ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။ လက်သေချာဆေးပြီး လက်သည်းတိုတိုညှပ်ထားခြင်းက ကုတ်ဖဲ့ရာက ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
2. အဖျားတိုင်းခြင်း - အဖျားကျဖု့ိအတွက် မိနစ်၂၀ခန့် ရေပတ်တိုက်ပေးခြင်း၊ ပါရာစီတမောသောက်ခြင်း စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။ အဖျားမကျရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
3. ဆေး - ဆေးဆိုင်မှာအလွယ်တကူဝယ်နိုင်တဲ့ အက်စပရင်ဆေးပြားတွေကို ကလေးတွေကို မတိုက်သင့်ပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ ဆေးသောက်ပါ။
4. ကူးစက်မှု - ရေကျောက်ဟာ အသက်ရှူလမ်းကြောင်းနဲ့ တိုက်ရိုက်ထိတွေ့မှုတွေကနေ ကူးစက်နိုင်ပါတယ်။ အနီကွက်တွေမပေါ်ခင် ၁ရက်၂ရက်ကစပြီး အနာဖေးတွေအကုန်ကွာကျချိန်အထိ ကူးစက်နိုင်ခြေ ရှိပါတယ်။
5. မကူးစက်နိုင်စေရန် - ရေကျောက်ပေါက်တဲ့ကလေးကို အနီစက်တွေပေါ်ပြီး ၅ရက်မှ၁၀အတွင်း ကျောင်းမသွားပါစေနဲ့။ ရေကျောက်မပေါက်ဖူးသေးသူတွေနဲ့ ရေကျောက်ကာကွယ်ဆေးမထိုးရသေးသူတွေမှာ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုသတိထားရပါမယ်။
6. မိသားစုဝင်တွေအတွက် - ရောဂါနဲ့ထိတွေ့ပြီး ၃ရက်မှ၅ရက်အတွင်း ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ၅ရက်ကျော်ခဲ့ရင် အသင့်ကာကွယ်ဆေးထိုးသင့် မထိုးသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။
7. ရေဓာတ်မခမ်းခြောက်စေရန် - ရေ၊အအေး၊စွပ်ပြုတ်၊သစ်သီး စသည်ဖြင့် ရေဓာတ်ပြည့်ဝနေပါစေ။
>> အဆင့် 2
အန္တရာယ်လက္ခဏာတွေကိုစောင့်ကြည့်ပြီး ဆရာဝန်နဲ့ ဆက်သွယ်ပါ။
• ပါရာစီတမောနဲ့အဖျားမကျခြင်း
• အရည်ကြည်ဖုတွေကြီးလာပြီး အရေပြားအောက်မှာအဖုကြီးဖြစ်လာခြင်း
• အလွန်နေမကောင်းခြင်း၊ အစားရောရေပါမဝင်ခြင်း
• သတိမကောင်းခြင်း
• အားနည်းပျော့ခွေနေခြင်း
• လည်ပင်းတောင့်နေခြင်း
• မကြာခဏအန်ခြင်း
• အသက်ရှူကျပ်ခြင်း
• ချောင်းအလွန်ဆိုးခြင်း
• ဗိုက်အရမ်းနာခြင်း
• အနီကွက်ပေါ်ခြင်း၊ သွေးထွက်ခြင်း၊ သွေးခြည်ဥခြင်း။
တစ်ချို့လူတွေမှာ ရေကျောက်ဟာ အောက်ပါပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
• အရေပြားပိုးဝင်ခြင်း
• ရေဓာတ်ခမ်းခြောက်ခြင်း
• အဆုတ်ပွခြင်း
• ဦးနှောက်ပိုးဝင်ခြင်း
>> အဆင့် 3
ရှောင်ကြဉ်ရမယ့်ကိစ္စတွေကို မှတ်သားထားပါ။
• ဆရာဝန်နဲ့မတိုင်ပင်ပဲ အက်စပရင်နဲ့အခြားဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။
• လူထူထပ်တဲ့နေရာတွေကို မသွားပါနဲ့။
• အိမ်လုပ်အစားအစာတွေကိုမရှောင်ပါနဲ့။
• အန္တရာယ်လက္ခဏာတွေကိုမမေ့ပါနဲ့။
• ဖျားနေစဉ်အားစိုက်လုပ်ကိုင်ခြင်းကိုရှောင်ကြဉ်ပါ။
• အဆီများ၊ ငန်၊ စပ်တ့ဲအစားအသောက်တွေကို ရှောင်ပါ။
• ပါးစပ်ထဲမှာအရည်ကြည်ဖုတွေရှိခဲ့ရင် အချဉ်ဓာတ်ပါတဲ့အသီးတွေကိုရှောင်ပါ။
• အသင့်စားအစားအသောက်တွေကိုရှောင်ပါ။
>> အဆင့် 4
ကိုယ်ခံစွမ်းအားတက်လာစေမယ့် အစားအသောက်တွေကို ရွေးချယ်ကျေွးပါ။
• အိမ်မှာလုပ်တဲ့အစားအသောက်တွေပဲ စားပါ။
• ကယ်လိုရီနဲ့ပရိုတင်းတွေဖြည့်တင်းပေးပြီး အစာကြေလွယ်တဲ့အစားအသောက်တွေကိုစားပါ။
• ပဲပင်ပေါက်တွေဟာ ပရိုတင်းဓာတ်ပါပြီး ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေပါတယ်။
• ကြက်သွန်ဖြူ နဲ့ နံနွင်းဟာလည်း ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။
• ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေကို စားသုံးပေးပါ။
• နို့၊ ဂျုံ၊ ပဲ အစရှိတဲ့ ကယ်လ်ဆီယမ်ပြည့်ဝတဲ့အစားအစာတွေကို စားပေးပါ။
• ပဲမျိုးစုံနဲဟင်းသီးဟင်းရွက်တွေမှာ ဇင့်ဓာတ်ပါတာကြောင့် ကိုယ်ခံစွမ်းအားတိုးတက်စေပါတယ်။
• ရေဓာတ်ပြည့်ဝအောင်ရေများများသောက်ပါ။
• ငှက်ပျောသီး၊ ပန်းသီး၊ ဖရဲသီးစတဲ့ အသီးတောများများစားပါ။ ပါးသပ်အနာမရှိရင် စပျစ်သီး၊ လိမေ္မာ်သီးစသည်ဖြင့် ချဉ်တဲ့အသီးတွေလည်း စားပေးနိုင်ပါတယ်။
• မစ်ရှိတ်လိုမျိုးလည်း လုပ်သောက်နိုင်ပါတယ်။
• ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြင်ဆင်ပေးဖို့ လိုအပ်တဲ့အာဟာရဓာတ်တွေကို ဟင်းရွက်စွပ်ပြုတ်တွေကနေရရှိနိုင်ပါတယ်။
• အစာခြေစနစ်ကောင်းမွန်ဖို့၊ အရေပြားအနာကောင်းကောင်းကျက်ဖို့၊ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့ ထောပတ်၊ နို့မလိုင်တွေ စားပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























