ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်လေ့ရှိတဲ့ သွေးကြောဖောင်းခြင်းပြဿနာကို ရှောင်ရှားနိုင်စေဖို့ ...
>> နေထိုင်မှုပုံစံထိန်းညှိမှုတွေ လုပ်ပါ။
1. လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဒီသွေးကြောဖောင်းတာတွေက ကိုယ်ဝန်ရင့်လာတဲ့အခါမှာ ကလေးရဲ့ အလေးချိန်က မိခင်ရဲ့ဗိုက်ပေါ်ကို တွန်းတဲ့အတွက်ကြောင့် ဖြစ်တတ်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေဖို့နဲ့ သွေးကြောဖောင်းတာတွေကို ကာကွယ်နိုင်ဖို့အတွက် ကိုယ်ဝန်စဆောင်ကတည်းက သင့်တော်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဘယ်လေ့ကျင့်ခန်းတွေက သင့်တော်လဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
● ရေကူးတာနဲ့ လမ်းလျှောက်တာက သင့်တော်တဲ့ အားကစားနည်းတွေ ဖြစ်ပါတယ်။ စနစ်တကျ ပြပေးတဲ့ဆရာရဲ့ ညွှန်ကြားမှုအောက်မှာ ထိုက်ချိကစားတာ၊ ယောဂကျင့်တာတွေ လုပ်ပေးလို့လည်း ရပါတယ်။
● ခြေကျင်းဝတ်ကနေ ကွေးပြီးတော့ ခြေထောက်တွေကို လှည့်ပေးတဲ့ ခြေထောက် လေ့ကျင့်ခန်းလည်း လုပ်လို့ရပါတယ်။ သွေးလှည့်ပတ်မှု ကောင်းစေဖို့အတွက် ခြေဖျားတွေကို ကွေးလိုက်၊ ဆန့်လိုက်၊ လှည့်လိုက် တစ်နေ့လုံး လုပ်ပေးပါ။
2. တစ်ပုံစံတည်း အကြာကြီး မထိုင်ပါနဲ့။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါမှာ သွေးကြောတွေကို ပိုဖောင်းစေပါတယ်။ ဒါက ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီး ထိုင်တာ၊ လှုပ်ရှားမှုနည်းတဲ့အခါတွေမှာ ဖြစ်တတ်တဲ့အတွက် မတ်တပ်ရပ်လိုက်၊ ပုံစံမကြာခဏ ပြောင်းပေးလိုက်လုပ်ခြင်းဖြင့် သွေးလှည့်ပတ်မှု ကောင်းအောင် လုပ်ပေးပါ။ ထိုင်တဲ့အခါမှာ ခြေထောက် တစ်ချောင်းနဲ့တစ်ချောင်းကို ဖိထိုင်ခြင်းကလည်း သွေးလှည့်ပတ်မှုကို နှေးစေတဲ့အတွက် ဒီလိုမထိုင်ပါနဲ့။
3. ခြေထောက်တွေကို မြှောက်ပေးထားပါ။ ပုံစံတစ်မျိုးတည်းနဲ့ ထိုင်တာကြာလာရင် ခြေထောက်တွေကို မကြာခဏ မြှောက်ပေးပါ။ ဥပမာ - ထိုင်ခုံပေါ်မှာထိုင်တဲ့အခါ ခြေထောက်ကို ခွေးခြေ (သို့) ခုံပုလေးပေါ်တင်ပြီး ထိုင်ခြင်းက ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေပေါ် သက်ရောက်တဲ့ဖိအားတွေကို လျော့နည်းစေပါတယ်။ တတ်နိုင်ရင် ခြေထောက် မမြှောက်ခင်မှာ မတ်တပ်ရပ်ပြီးတော့ လမ်းနည်းနည်း လျှောက်လိုက်ရင် သွေးလှည့်ပတ်မှုကို ပိုကောင်းစေပါတယ်။ ခြေထောက်တွေ မြှောက်တာ သက်သောင့်သက်သာ ဖြစ်စေဖို့အတွက် ခြေထောက်နဲ့ ဒူးခေါင်းတွေအောက်မှာ ခေါင်းအုံးများများ ခံထားပေးပါ။
4. အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်တဲ့ လေ့ကျင့်ခန်း လုပ်ပါ။ အသက်ပြင်းပြင်း ရှူတာက သွေးလှည့်ပတ်မှုကို ကောင်းစေရုံသာမကဘဲ စိတ်ပြေလျော့စေပြီး သွေးကြောဖောင်းခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ခြေထောက်အောက်မှာ ခေါင်းအုံးတွေ ခုထားပြီးတော့ ခြေဖျားကို ပေါင်ထက်မြှင့်ပြီးတော့ သက်တောင့်သက်သာထိုင်ပါ။ ရင်ဘတ်ဖောင်းလာတဲ့အထိ ဖြည်းဖြည်းချင်း အသက်ကို ရှူသွင်းပါ။ ဝမ်းဗိုက်ချပ်သွားတဲ့အထိ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ တစ်နေ့ကို ၁၀ မိနစ်လောက် လုပ်ပေးပါ။
5. ဖိနပ်ပါးတွေပဲ စီးပါ။ ဒေါက်မြင့်ဖိနပ်တေ ွစီးတာက သွေးပြန်ကြောတွေအပေါ် ဖိအားသက်ရောက်မှု များစေတဲ့အတွက် သွေးကြောဖောင်းနိုင်ချေ ပိုများပါတယ်။ ဖိနပ်ပါးတွေကတော့ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။
6. ကိုယ်ဝန်ဆောင်အတွက် သင့်တော်တဲ့အတွင်းခံတွေကို ဝတ်ပါ။ ဒီအတွင်းခံတွေက ဝမ်းဗိုက်အပေါ် ဖိအားသက်ရောက်မှုတွေကို လျော့စေပြီးတော့ သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင် အသုံးအဆောင်တွေရောင်းတဲ့ဆိုင်မှာ မေးဝယ်လို့ ရပါတယ်။
7. တတ်နိုင်သမျှ ဘယ်ဘက်ကို စောင်းပြီးအိပ်ပါ။ သွေးပြန်ကြောမကြီးက ခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့အတွက် ဒီသွေးကြောကို ဖိအားမသက်ရောက်စေဖို့ဆိုရင် ဘယ်ဘက်ကို စောင်းအိပ်ဖို့ လိုပါတယ်။ ခြေထောက်တွေကို မြှင့်ထားပြီး အိပ်ရင်လည်း အရောင်ကျစေနိုင်ပါတယ်။ အိပ်နေတုန်း ညာဘက်စောင်းသွားရင်လည်း စိတ်မပူပါနဲ့။ အရေးအကြီးဆုံးကတော့ အိပ်ရေးဝဝ အိပ်ပျော်ပြီး သက်သောင့်သက်သာရှိဖို့ပါပဲ။
8. မိန်းမကိုယ် နှုတ်ခမ်းသားပေါ်က သွေးကြောဖောင်းတွေကို ကာကွယ်ဖို့ - သွေးကြောဖောင်းတွေက ခြေထောက်မှာ အဖြစ်များစေပေမယ့် ကိုယ်ဝန်ဆောင်တွေမှာဆိုရင်တော့ မိန်းမကိုယ် နှုတ်ခမ်းသားမှာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မွေးကာနီးသုံးလမှာ ဖြစ်လေ့ရှိပါတယ်။ ဒီနေရာမှာ ဖိအားတစ်ခုခု (သို့) နာသလို ခံစားရတဲ့အခါမှာ တင်ပါးအောက်မှာ ခေါင်းအုံးခံပြီး အိပ်ပါ။ အဲဒီနေရာကို ရေခဲအုံပေးရင်လည်း အရောင်ကျစေနိုင်ပါတယ်။ စူးခနဲ နာရင်၊ ဒီသွေးကြောဖောင်းတာနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်ဆိုရင်တော့ ဆရာဝန်ကို ပြောပြပြီး စစ်ဆေးမှုခံယူပါ။
>> အစားအသောက်ရော ပြောင်းဖို့ လိုသလား?
1. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်တက်လာတဲ့အခါ သွေးပြန်ကြောတွေအပေါ် ဖိအားတွေ ပိုသက်ရောက်စေပါတယ်။ အဝလွန်နေပါက ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုတွေ လုပ်ပါ။ ဆရာဝန်က ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်နဲ့ ကျန်းမာရေးတွေကို သေချာစောင့်ကြည့်နိုင်ဖို့အတွက် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပုံမှန်ခံယူဖို့လည်း အရေးကြီးပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ဆောင်ချိန်မှာ 25-35 ပေါင်လောက် တက်လာနိုင်ပြီးတော့ ပိန်လွန်းတဲ့ အမျိုးသမီးတွေက 28-40 ပေါင်လောက် တက်လာသင့်ပါတယ်။ အဝလွန်တဲ့အမျိုးသမီးတွေက 15-25 ပေါင် တက်သင့်ပါတယ်။
2. လိပ်ခေါင်းမဖြစ်စေဖို့ အမျှင်ဓာတ် များများစားပါ။ နေ့စဉ်စားတဲ့ အစားအစာထဲမှာ အမျှင်ဓာတ် 25-30 g ပါအောင် စားပေးဖို့ လိုပါတယ်။ ဝမ်းချုပ်လို့ ညှစ်ရတဲ့အတွက် လိပ်ခေါင်း ထွက်စေပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကတော့ Whole grain ကောက်ပဲသီးနှံတွေ၊ ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်၊ အစိိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ဘယ်ရီသီးတွေပါ။
3. ရောင်ရမ်းခြင်းတွေကို လျော့ကျစေဖို့အတွက် ဆား လျှော့စားပါ။ ဆားများတဲ့ အစားအစာတွေက ရောင်ရမ်းခြင်းတွေကို ဖြစ်စေတဲ့အတွက် သွေးပြန်ကြောတွေအပေါ်မှာ ဖိအားများစေပါတယ်။ တတ်နိုင်ရင် အိမ်မှာပဲ ကိုယ်တိုင် ချက်ပြုတ်စားပါ။ အပြင်စာတွေက ဆားတွေ ထည့်တာ များပါတယ်။
4. ကိုယ်ဝန်ဆောင်အားဆေး ပုံမှန်သောက်ပါ။ ဆရာဝန်က ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်ဖို့ ညွှန်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်အားဆေးတွေထဲမှာ သွေးကြောတွေကို ကျန်းမာစေတဲ့ ဗီတာမင် A နဲ့ C ပါဝင်သင့်ပါတယ်။ ဒီဗီတာမင်တွေကို အစားအစာတွေကလည်း ရနိုင်ပါတယ်။ ဗီတာမင် A ရဖို့ ကန်စွန်းဥ၊ မုန်လာဥနီနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ ဗီတာမင် C အတွက် လိမေ္မာ်သီး၊ ငရုတ်သီးအနီတောင့်နဲ့ ကိုက်လန်တွေ စားပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























