ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်စစ်
ကိုယ်၀န်ယူဖို့ရည်ရွယ်ထားချိန်မှာကတည်းကရော၊ ကိုယ်၀န်လွယ်ထားတဲ့ အချိန်မှာပါ ကလေးဉာဏ်ရည်နဲ့ အာရုံကြောမကြီးဖွံ့ဖြိုးဖို့အတွက် ဖောလစ်အက်ဆစ်(Vitamin B9) ကိုမဖြစ်မနေ သောက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်နဲ့ပတ်သက်ပြီး ကိုယ်၀န်ဆောင်မိခင်တွေ သိထားဖို့လိုအပ်တဲ့ အချက်အလက်တွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
1. ဖောလစ်အက်ဆစ်ဟာဘာအတွက်အကျိုးပြုနိုင်သလဲ
ဖောလစ်အက်ဆစ်ဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရာမှာ များစွာအထောက်အကူပြုပြီး ကလေးငယ်ရဲ့ ဉာဏ်ရည်နဲ့ အာရုံကြောမကြီးဖွံ့ဖြိုးဖို့အတွက် အရေးအကြီးဆုံး အခန်းကဏ္ဌမှာပါ၀င်ပါတယ်။
2. ဖောလစ်အက်ဆစ်စတင်မှီ၀ဲသင့်သောအချိန်
ကိုယ်၀န်ယူဖို့ရည်ရွယ်ထားတဲ့ မိခင်လောင်းတွေအနေနဲ့ ကိုယ်၀န်ဆောင်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတဲ့ အချိန်ကစပြီး ကိုယ်၀န်လွယ်ထားတဲ့တလျှောက်လုံး ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်ဖို့လိုအပ်ပါတယ်။ ကလေးရဲ့ဉာဏ်ရည်နဲ့ အာရုံကြောမကြီးဟာ ကိုယ်၀န်စလွယ်ချိန် ကစပြီး ဖွံ့ဖြိုးစပြုတာကြောင့် ဖောလစ်အက်ဆစ်ဟာ သန္ဓေသားအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
3. ဖောလစ်အက်ဆစ် မှီ၀ဲသင့်သောပမာဏ
- ကိုယ်၀န်ဆောင်ဖို့ ရည်ရွယ်ထားချိန်မှာတစ်နေ့လျှင် 400 မိုက်ခရိုဂရမ်
- ကိုယ်၀န်သုံးလအထိ တစ်နေ့လျှင် 400 မိုက်ခရိုဂရမ်
- ကိုယ်၀န်လေးလမှ ကိုးလအထိ တစ်နေ့လျှင် 600 မိုက်ခရိုဂရမ်
- မိခင်နို့တိုက်ကျွေးနေချိန်မှာတစ်နေ့လျှင် 500 မိုက်ခရိုဂရမ် သောက်သုံးရန်လိုအပ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံပါ၀င်တဲ့ Multivitamin ဆေးဝါးတွေပါ မှီ၀ဲနေတယ်ဆိုရင်တော့ ဆရာ၀န်နဲ့သေချာ တိုင်ပင်ပြီး Folic Acid (Vitamin B9) ဆေးပမာဏကိုချိန်ညှိပြီးမှ သောက်သုံးရပါမယ်။
4. မိခင်လောင်းတွေ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းရဲ့ လက္ခဏာရပ်များ
ဖောလစ်အက်ဆစ်ချို့တဲ့တဲ့ မိခင်တွေမှာ ၀မ်းလျှောခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အားနည်းခြင်း၊ လျှာနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်းစတဲ့ လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။
5. ဖောလစ်အက်ဆစ်မှီ၀ဲခြင်းရဲ့ အကျိုးကျေးဇူးများ
ဖောလစ်အက်ဆစ်ဓာတ်ချို့တဲ့ တဲ့မိခင်က မွေးလာတဲ့ ကလေးတွေမှာ အာရုံကြောမကြီးနှင့် ကျောရိုးဆစ်တွေ ပြီးပြည်စုံစွာဖွံ့ဖြိုးမှုမရှိခြင်းကြောင့် ကျောရိုးနှစ်ခွကွဲခြင်းနဲ့ ဦးနှောက်ရဲ့အဓိက အစိတ်အပိုင်းတွေ ဖွံ့ဖြိုးမှု မပြီးစီးခြင်းကြောင့် ဦးခေါင်းခွံမပါလာခြင်းတို့ဖြစ်နိုင်ခြေ အလားအလာရှိပါတယ်။
ဦးခေါင်းခွံမပါဘဲ မွေးလာတဲ့ကလေးကတော့ အသက်ရှင်သန်ရန် အခွင့်အရေးမရှိသလောက် နည်းပါးပြီး မွေးရာပါကျောရိုးကွဲရောဂါရှိတဲ့ ကလေးတွေကတော့ ရာသက်ပန် မသန်မစွမ်း၊ ဒုက္ခိတဘ၀ကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မွေးရာပါချို့ယွင်းချက်မပါတဲ့ ကလေးငယ် တစ်ယောက်မွေးဖွားဖို့ ဖောလစ်အက်ဆစ်ကို လုံလုံလောက်လောက်သောက်သင့်ပါတယ်။
ဒါ့အပြင် ဖောလစ်အက်ဆစ်ကြွယ်၀ပါက မွေးလာမယ့်ကလေးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လမစေ့ဘဲ မွေးခြင်း၊ ပေါင်မပြည့်ဘဲမွေးခြင်း၊ ကိုယ်၀န်ပျက်ကျခြင်း၊ မိခင်၀မ်းဗိုက်အတွင်းမှာ ကလေးငယ်ကြီးထွားနှုန်းနှေးကွေးခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ မိခင်အတွက်လည်း ကိုယ်၀န်ဆောင် အဆိပ်တက်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာရောဂါအချို့နဲ့ အယ်လ်ဇိုင်းမားရောဂါတို့မှ ကာကွယ်တားဆီးပေးနိုင်ပါတယ်။
6. ဖောလစ်အက်ဆစ်ကြွယ်၀တဲ့ အစားအစာရင်းမြစ်များ
ကောက်နှံတစ်ခုလုံးပါ၀င်သော အစားအစာများ၊ အမဲအသဲ၊ ပဲနီကလေး၊ မြင်းခွာရွက်၊ ကြက်ဥခေါက်ဆွဲ၊ ပဲအမျိုးမျိုးစတဲ့ အစားအစာတွေမှာ ဖောလစ်အက်ဆစ်ဓာတ်ကြွယ်၀စွာပါ၀င်တာကြောင့် နေ့စဉ် အစားအသောက်ထဲမှာ ပါ၀င်အောင် စားသုံးသင့်ပါတယ်။
CMS (www.drmyanmar.com)





























