ကိုယ်ဝန်ဆောင်မေမေတို့သိဖို့
1. မီးဖွားပေးဖို့ ဆရာဝန်သို့မဟုတ် သားဖွားဆရာမ ကောင်းကောင်းတစ်ယောက်ကို ကြိုတင်အပ်ထားပါ။
2. ကိုယ်ကျပ်ဝတ်စုံလေးတွေ (ကိုယ်ခန္ဓာကိုယ် အတင်းဆွဲညှစ်ထားတာမျိုးမဟုတ်တဲ့ ၀တ်စုံမျိုး) ဝတ်သာဝတ်ပါ။ ကိုယ်ဝန်ကြီး တကားကားနဲ့မို့ စိတ်မညစ်ပါနဲ့။ ဗိုက်လုံးလုံးလေးက ပိုချစ်စရာကောင်းပါတယ်။
3. ကိုယ်၀န်ဆောင်ချိိန်မှာ တချို့က နှာခေါင်းမှာရှိတဲ့ အမြှေးပါးတွေရောင်လာတဲ့အတွက် ညအိပ်ရင် ဟောက်တတ်လာပါလိမ့်မယ်။
4. ပုံသွင်းဝိုင်ယာကြိုးတွေပါတဲ့ အတွင်းခံအကျႌတွေက ရင်သားပြောင်းလဲမှုတွေကို ကန့်သတ်ထားသလို ဖြစ်နေတတ်တဲ့အတွက် ရှောင်သင့်ပါတယ်။ သားရေပြားကြီးကြီးနဲ့ ရင်သားကိုထိန်းပေးနိုင်တဲ့ အတွင်းခံမျိုးက ပိုသက်တောင့်သက်သာ ရှိစေနိုင်ပါတယ်။
5. ခြေထောက်တွေဖောလာတတ်ပါတယ်။ ဒါကြောင့် အိပ်တဲ့အခါ ခြေထောက်အောက်မှာ တစ်ခုခုခံထားပြီး မြှောက်အိပ်သင့်ပါတယ်။
6. ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။
7. မိနး်မကိုယ်က အဖြူတွေဆင်းနေလု့ိလည်း မလန့်သွားပါနဲ့။ အရောင်နောက်လာတာ၊ အနံ့ဆိုးလာတာ၊ အစိမ်းရောင်ပြောင်းလာတာနဲ့ သွေးရောင်ပါလာတာမျိုးမဟုတ်ရင် စိုးရိမ်စရာ မလိုအပ်ပါဘူး။
8. ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေက ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေတဲ့အတွက် နီရဲပြီး ချွေးတစ်အားထွက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
9. အသားတွေတင်းလာတဲ့အတွက် ဗိုက်ယားယံလာတာမျိုး ရှိတတ်ပါတယ်။
10. ခန္ဓာကိုယ်ရဲ့ ဓာတ်အပြောင်းအလဲတွေကြောင့် ကိုယ်သင်းနံ့ဟာ စွဲဆောင်မှုရှိပြီး နွေးထွေးတဲ့ ရနံ့တစ်မျိုးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
11. ဆရာ၀န်ဆီ (သို့) သားဖွားဆရာမဆီကို ကိုယ်ဝန်ရက်ချိန်းအတိုင်း မပျက်မကွက်သွားရောက်ပြသပါ။ အသေးအမွား ပြဿနာတွေတောင် နောက်ကျမှသိရတဲ့ အခါ ဆိုးကျိုးတွေဖြစ်စေနိုင်ပြီး စောစောသိခြင်းက ကြိုတင်ကာကွယ်နိုင်ပါတယ်။
12. လိင်မှုစိတ်ဆန္ဒတွေလည်း ထူးထူးခြားခြား ပြောင်းလဲတတ်ပါတယ်။ ဒါပေမယ့် ယာယီအပြောင်းအလဲမျှသာ ဖြစ်ပါတယ်။
13. ဗိုက်ထဲကသနေ္ဓသားလေးအတွက် သာယာနာပျော်ဖွယ် အကောင်းဆုံးအသံဟာ အမေ့အသံပဲဖြစ်ပါတယ်။ ဒါကြောင့်ပုံပြင်လေးတွေပြောပြပြီး သီချင်းလေးတွေ ဆိုပြပါ။ မွေးလာတဲ့အခါ ကလေးက ချက်ချင်းမှတ်မိပါလိမ့်မယ်။
14. စိတ်ခံစားမှု အပြောင်းအလဲအတက်အကျ များနေပါလိမ့်မယ်။ စိတ်တိုဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ ကြောင်လန့်တာတွေဖြစ်နေတတ်ပြီး ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တာသာ ဖြစ်ပါတယ်။
15. ဒုတိယကိုယ်ဝန်ဖြစ်ခဲ့ပါက ကလေးအကြီးလေးကို မွေးလာမယ့်ကလေးအကြောင်း ပြောပြပြီး အငယ်လေးကို ဂရုစိုက်ရမယ့်အကြောင်း ပြောပြထားရပါမယ်။
16. မမွေးခင်းကတည်း ကလေးမွေးပြီးတဲ့အခါ အမေအလုပ်ပြန်ဝင်ရတာမျိုး၊ ပင်ပန်းလို့ အနားယူနေတဲ့ အခါမျိုးမှာ ကလေးကိုစောင့်ရှောက်ဖို့ လူကြိုရှာထားသင့်ပါတယ်။ ဆွေးမျိုးနီးစပ်တစ်ယောက် ဖြစ်ရင်ပိုကောင်းပေမယ့် မရနိုင်ခဲ့ရင် စိတ်ချယုံကြည်ရမယ့် ကလေးထိန်း၊ သူနာပြုကို ကြိုတင်စီစဉ်ထားပါ။
17. ကေလးမမွေးခင်မှာ မွေးပေးမယ့် ဆရာဝန် (သို့) သားဖွားဆရာမကို မွေးမယ့်အစီအစဉ်ကို သေခါမေးမြန်း ထားရပါမယ်။
18. ကလေးမွေးနေစဉ်မှာ စိတ်ပူပန်လှုပ်ရှားမနေပါနဲ့။ သူများတွေပြောတဲ့ မီးဖွားပုံပြင်ဇာတ်လမ်းတွေကိုလည်း ခေါင်းထဲမထည့်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက်ဟာ ကွဲပြားတတ်ပါတယ်။
19. ဆေးရုံမှာမွေးမယ့်မေမေတွေက ကိုယ်၀န် ၈ လလောက်ကတည်းက ဆေးရုံတက်ရင်လိုအပ်မယ့်ပစ္စည်းများကို ကြိုတင်စီမံထားပါ။
ကိုယ်ဝန်ရဲ့ ပထမကာလတွေဟာ အမျိုးသမီးတစ်ယောက်မှာ စာမျက်နှာအသစ်တွေပဲ ဖြစ်ပါတယ်။ သားဦးကိုယ်ဝန်ဖြစ်ခဲ့ရင် ပိုပြီး စိတ်လှုပ်ရှားနေတတ်ပါတယ်။ ကလေးမွေးခြင်းနဲ့ ပတ်သတ်တဲ့ စာအုပ်စာတမ်းတွေဖတ်ပြီး ဆရာဝန်နဲ့ ပုံမှန်ပြသနေမယ်ဆိုရင် စိတ်ပူပန်မှုကို လျော့နည်းစေနိုင်ပြီး ယုံကြည်မှုအပြည့်နဲ့ မီးတွင်းကာလကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြထားခဲ့တဲ့ အချက်တွေကို သတိပြုလိုက်နာပြီး အမျိုးသမီးတို့ရဲ့ အဓိပ္ပာယ်ရှိတဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို စိတ်ချမ်းမြေ့ကြည်လင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ။
Dr. Emerald (www.drmyanmar.com)






























