/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်ချိန်မှာ-ဖြစ်တတ်သော-အလွန်အကျွံ-ပျို့အန်ခြင်း

ကိုယ်၀န်ဆောင်ချိန်မှာ ဖြစ်တတ်သော အလွန်အကျွံ ပျို့အန်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          " အဟင်း ... အန်လို့ ပြီးပဲမပြီးနိုင်ဘူး ... "

          အိပ်ရာထဲကနေ အိပ်မှုန်စုန်မွှား ထလာသူ မမျိုးက စိတ်ပျက်လက်ပျက် ညည်းညူလိုက်ပါတယ်။ သို့ပေမယ့် အတူနေ ကိုယ်ဝန်ရှိညီမကိုတော့ ပစ်ပယ်လို်မရဘူး မဟုတ်ပါလား။ အိပ်ရာထဲကနေ ကုန်းကျုံး ထလိုက်ရင်း ညီမလုပ်သူအခန်းသို့ ခြေလှမ်းကျဲကျဲနဲ့ ဝင်သွားပါတယ်။

          " ဟင် ... မရှိပါဘူး ... ဘယ်ရောက်သွားပါလိမ့် "

          " မကြီးရေ ... ငါ ဒီမှာဟ" ဧည့်ခန်းထဲကနေ  အားပြတ်နေတဲ့ အသံလေးယဲ့ယဲ့ ကြားလိုက််ရပါတယ်။  သူမမျက်လုံးတွေ ကျယ်သွားပြီး ဧည့်ခန်းထဲပြေးတော့ မိုးမိုးတစ်ယောက် ဆိုဖာလေးပေါ်မှာ ပျော့ဖတ်လို့ ...

          " မကြီး ... နင့်ကို အားနာလို့၊ ငါ ... တစ်ညလုံး ထအန်နေတာ ... "

          " အစား မှားလို့များလား ဟယ် ... နင် အန်နေတာ ငါးရက်လောက်တောင် ရှိနေပြီ …"

          မမျိုးတစ်ယောက် စိတ်ပူပူနဲ့ အသံတိုးတိုးနဲ့ ဆိုပါတယ်။ မိခင်ကြီးက အိပ်နေဆဲမို့ မနှိုးချင်တာနဲ့ ခိုညည်းသံလေး ထွက်နေတဲ့ ကိုယ်ဝန်သည် အသစ်စက်စက်လေးကို ထားခဲ့ပြီး မီးဖိုထဲပြေး မီးမွှေးရပါတယ်။ ဆန်ပြုတ် ပြုတ်ရမယ်လေ။ ကြောင်အိမ် ဖွင့်လိုက်တော့ မနေ့ညက သူမအတွက် လုပ်ပေးခဲ့တဲ့ ခေါက်ဆွဲပြုတ်ချိုက ဒီတိုင်း။

          အစာလည်း မဝင်ဘူး၊ စိတ်ညစ်ပါတယ်။

          " မကြီးရေ ... မီးခိုးမွှန်တယ်ဟ " ကိုယ်ဝန်သည်လေးဆီက အသံယဲ့ယဲ့ ကြားလိုက်ရပြန်ပါတယ်။ မီးဖိုထဲက မျိုးမျိုး ရှေ့ကို ပြန်ပြေးပြီး ပြတင်းပေါက်တွေ အကုန်ဖွင့်ပေးလိုက်ရပါတယ်။ ဒီလောက် ဆူညံနေတာ အမေလည်း နိုးရော ထင်ပါရဲ့။

          " ဆေးခန်းသွားမယ် ... " ပျော့ခွေနေသော ညီမကို မကြည့်ရက်။ ခင်ပွန်းလုပ်သူက အေ၀းမှာ။

          " ကိုယ်ဝန်ရှိတာ အန်မှာပေါ့ ... အ,အန်ပျောက်ဆေး သွားထိုးမယ် "

          မျိုးမျိုး လမ်းထိပ်က ကားပြေးခေါ်လို့ ကိုယ်ဝန်သည်လေးကို တင်ကာ မနက်ဆေးခန်း ပတ်ရှာရပါတယ်။ အ,အန်ပျောက်ဆေးထိုးရင် အဆင်ပြေလောက်ပါရဲ့။

          " ဘယ်လိုဖြစ်တာလဲ ... အန်တာလား ... ကိုယ်ဝန်ဆောင်က ပျော့ဖတ်နေတာပဲ ... သွေးပေါင်တွေလည်း ကျလို့ "

          " အန်နေတာ ဆရာ လေးငါးရက် ရှိပြီ ... အစာ မဝင်ဘူး "

          " စားလို့မရဘူး ဆရာ ... စားတာနဲ့ အန်တာပဲ "

          " မနေ့ကရော ... စားလား "

          မျိုးမျိုး ခေါင်းယမ်းပြပါတယ်။

          " တမြန်နေ့ကရော ... "

          ဆရာက အသာအယာ ခေါင်းညိတ်လိုက်ကာ ဆက်ပြောနေပါတယ်။

          " အန်တာ နည်းနည်း ကြာနေပြီ ... သွေးပေါင်လည်း ကျ ... အချိူလည်း ကျနေတယ် ... လူလည်း ပျော့နေတယ် ... အ,အန်လွန်ပြီး သွေးထဲကဓာတ်တွေ နည်းမှာ ... မမှန်ကန်တာတွေ ဖြစ်မှာကို စိတ်ပူတယ် ... သားဦးလည်းဖြစ်တော့ ကလေးလည်း အန္တရာယ်မဖြစ်ရအောင် ဆေးရုံတင်မယ် "

          နောက်ဆုံးတော့ သားဦး ကိုယ်၀န်ဆောင်လေး မိုးမိုးကို  ဆေးရုံမှာ ပုလင်းကြီးတွေ ချိတ်ပြီး သေချာ ကုသလိုက်ရပါတယ်။ ဆေးရုံမှာလည်း တဝေါ့ဝေါ့ အန်နေဆဲပါ။ ပုလင်းတွေချိတ် ကုသပြီးနောက်မှာတော့ သူမ နည်းနည်း ထူထူထောင်ထောင် ဖြစ်လာခဲ့ပါတယ်။

==========================================================

          ကိုယ်ဝန်ရှိစဉ် ရှိစမှာ အလွန်အကျွံ အန်တယ်ဆိုတာ တကယ်တော့ ဖြစ်ရိုးဖြစ်စဉ်ထက် များသွားပါပြီ။ ဖြစ်ရိုးဖြစ်စဉ်က Morning Sickness လို့ခေါ်ပြီး ခဏတဖြုတ်ပဲဖြစ်ပြီး သက်သာသွားပါတယ်။ Hyperemesis လို့ခေါ်တဲ့ မခံမရပ်နိုင်အောင် ဆက်တိုက် ပျို့အန်ခြင်းကတော့ မိခင်ရော၊ ကလေးရောရဲ့ ကျန်းမာရေးအတွက် အထူးစိုးရိမ်ရတာမို့ လိုအပ်ရင် ဆလိုင်းချိတ် အရည်တွေ သွေးပြန်ကြောကနေ သွင်းပြီး ကုသရပါတယ်။ သွေးထဲက ဇီဝဓာတ်တွေကလည်း အ,အန်လွန်တဲ့အခါ ကမောက်ကမ ဖြစ်တတ်တာကြောင့် အစိုးရိမ်ရဆုံး အခြေအနေထိ ရောက်တတ်ပါတယ်။ မစားနိုင်တော့  အာဟာရဓာတ်တွေလည်း တစ်စတစ်စ ဆုံးရှုံးလာတာကြောင့် အာဟာရချို့တဲ့တာတွေ ဖြစ်နေနိုင်ပါတယ်။

          တကယ်တော့ ဟိုက်ပါအီမီးစစ်ဆိုတဲ့ အလွန်အကျွံ ပျို့အန်ခြင်းဆိုတာ ကိုယ်ဝန်ဆောင်ဘဝရဲ့ အမှောင်ကာလတစ်ရပ်ပါပဲလို့ ခံစားဘူးတဲ့ ကိုယ်ဝန်ဆောင်လေးတွေက ရင်ဖွင့်ကြပါတယ်။ ဘာပဲပြောပြော ကိုယ်ဝန်ဆောင်စဉ် အလွန်အကျွံ ပျို့အန်နေခဲ့ရင် လူလည်း ခံစားရတဲ့အပြင် မမြင်နိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ များပြားတာကြောင့် သားဖွားမီးယပ်ဆရာဝန်ကို အမြန်ဆုံးပြသ အကူအညီ တောင်းလိုက်ပါတော့လို့ အကြံပြု လိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)






















==========================================================


