စိတ်ဖိစီးမှုဖြစ်ရင် ကလေးစောမွေးတတ်သလား
ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့လက္ခဏာတွေကိုရင်ဆိုင်ဖြတ်သန်းနေရတာတောင်မှ စိတ်ပင်ပန်းပါတယ်။ ဒီအချိန်မှာ စိတ်ဖိစီးမှုဖြစ်လာပြီးဆိုရင်တော့ ပိုဆိုးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေရင်ဆိုင်ရတာက တကယ်ခက်ခဲတယ်ဆိုပေမယ့်လည်း ကြိုးစားပြီးတော့ စိတ်ကိုဖြေလျှော့ပါ။ စိတ်ဖိစီးမှု အထူးသဖြင့် ကာလကြာရှည်စွာစိတ်ဖိစီးနေတာက လမရင့်သေးဘဲကလေးမွေးတာ၊ ကလေးသေးသေးလေးမွေးတာတွေဖြစ်နို်င်ချေများစေပါတယ်။
>> စိတ်ဖိစီးမှုနှင့် ကလေးစောမွေးခြင်း
ကလေးမွေးဖွားဖို့အစပြုတဲ့ဖြစ်စဉ်က ရှုပ်ထွေးပြီးနားလည်ရခက်ပါတယ်။ ဒီဖြစ်စဉ်ထဲမှာဆိုရင် မိခင်ရော ကလေးရောရဲ့ ဟော်မုန်းတွေ၊ စနစ်တွေရောယှက်ပါဝင်ပါတယ်။ ပြီးတော့ ဘယ်အချိန်မွေးမယ်ဆိုတာလည်း အတိအကျခန့်မှန်းရတာအရမ်းခက်ပါတယ်။ ဒီလိုရှုပ်ထွေးတဲ့အတွက်ကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ စိတ်ဖိစီးမှုကြောင့် ကလေးစောမွေးနို်င်တယ်လို့လည်း တထစ်ချမပြောနိုင်ပါဘူး။ လေ့လာမှုတွေမှာတော့စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေက ကလေးစောမွေးလေ့ရှိတာကိုတွေ့ရတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုက ကလေးစောမွေးနိုင်ချေများတယ်လို့တော့ ကောက်ချက်ချထားပါတယ်။
စိတ်ဖိစီးမှုတွေများတဲ့အခြေအနေတစ်ခုမှာ ခန္ဓာကိုယ်က နည်းလမ်းမျိုးစုံနဲ့ပြန်လည်တုန့်ပြန်ပါတယ်။ ဥပမာပြောရရင် စိတ်ဖိစီးလာပြီဆိုရင် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေတက်လာတယ်၊ ဟော်မုန်းတွေကလည်းတက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒီစိတ်ဖိစီးမှုက ယာယီလား၊ အကြာကြီးဖြစ်နေတာလားဆိုတာကိုလည်း ခွဲခြားသိဖို့အရေးကြီးပါသေးတယ်။
1.ယာယီစိတ်ဖိစီးမှု - ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေကလည်းခဏတာပါပဲ။ ပြီးရင်ပုံမှန်ပြန်ဖြစ်သွားပါတယ်။
2.ကာလရှည်ကြာစိိတ်ဖိစီးမှု - ဒီမှာဆိုရင်တော့ ဆက်တိုက်စိတ်ဖိစီးမှုဖြစ်နေတာလား၊ စိတ်ဖိစီးမှုက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာလားဆိုတာက စိတ်ရှုပ်စရာပါပဲ။ ဒီတော့ ခန္ဓာကိုယ်ကလည်း ပုံမှန်အခြေအနေကိုဘယ်တော့မှပြန်မရောက်တော့ပါဘူး။
ပြောရမယ်ဆိုရင် ခဏတာစိတ်ဖိစီးမှုကြောင့်ကလေးစောမွေးနို်င်ချေမများစေပါဘူး။ အမျိုးသားနဲ့ တစ်ခါတစ်လေစကားများရန်ဖြစ်တာတွေ၊ ဘေတွေမပေးနိုင်တာတွေက သိပ်ပြီးဖြစ်နိုင်ချေမများစေပါဘူး။
ဒါပေမယ့်လည်း နာတာရှည်စိတ်ဖိစီးမှုတွေကြောင့်တော့ ကလေးစောမွေးနိုင်ချေများပါတယ်။ ဒီစိတ်ဖိစီးမှှုတွေကြောင့် ခန္ဓာကိုယ်ရဲ့သွေးကြောစနစ်တွေ၊ ဟော်မုန်းပမာဏတွေနဲ့ ရော၈ါပိုးတိုက်ဖျက်နိုင်စွမ်းတွေမှာ ကြာရှည်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီးတော့ ဒါတွေက ကလေးလမစေ့ခင်မှာ မွေးနိုင်ချေကိုသွားပြီးလှုံ့ဆော်နေပါတယ်။ ဥပမာ- လင်မယားကွာရှင်းပြတ်ဆဲခြင်း၊ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက်သေဆုံးခြင်း၊ အကြာကြီးအလုပ်လက်မဲ့ဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်နဲ့ဆိုင်တဲ့စိုးရိမ်ပူပန်မှု စတာတွေအားလုံးက ကလေးစောမွေးနိုင်ချေများစေတဲ့ နာတာရှည်စိတ်ဖိစီးမှုတွေပါပဲ။
>> ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေကိုဘယ်လိုလျှော့ချကြမလဲ
ကိုယ်ဝန်ဆောင်ချိန်မှာရော မဆောင်ချိန်မှာပါ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ အကောင်းဆုံးနည်းလမ်းတွေရှိပါတယ်။
• အတိုင်ပင်ခံဆွေးနွေးမှုခံယူခြင်း - လေ့လာမှုလေးတစ်ခုအရ စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံဆွေးနွေးမှုခံယူထားတဲ့ ကာလရှည်ကြာစွာစိတ်ဖိစီးမှုခံစားနေရတဲ့မိခင်တွေမှာ ကလေးစောမွေးနို်င်ချေနည်းတယ်လို့တွေ့ရှိထားပါတယ်။
• လေ့ကျင့်ခန်းလုပ်ခြင်း - လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုတွေကိုသက်သာစေဖို့အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့်လည်း အချို့လေ့ကျင့်ခန်းတွေက ကိုယ်ဝန်ဆောင်အတွက် မသင့်တော်လို့ မလုပ်ခင်မှာတော့ ဆရာဝန်ကိုသေချာမေးပြီးမှလုပ်ပါ။ ရောဂကျင့်ခြင်းက ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးရှိပြီးတော့ ကလေးစောမွေးနိုင်ချေကိုလည်းလျော့ကျစေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေမှာလုပ်ဖို့လည်း စိတ်ချရပါတယ်။ ဒါပေမေယ့်လည်း ဆရာဝန်နဲ့တော့အရင်တိုင်ပင်ပါ။ တခြားအနေနေဲ့ဆိုရင်တော့ လမ်းအမြန်လျှောက်ြခ်ငး၊ ရေကူးခြင်း၊ လှေကားတက်ခြင်းတို့လုပ်ပေးလို့ရပါတယ်။
• အခြားကုထုံးများ - နှိပ်နယ်ပေးခြင်း၊ အပ်စိုက်ခြင်း၊ aromatherapy, hypnotherapy စတာတွေကလည်း စိတ်ဖိစီးမှုကိုလျော့ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























