ညဘက် ကလေးတိုးလို့ အိပ်ရေးပျက်တဲ့ မေမေတို့အတွက် နည်းလမ်းကောင်းများ
မေမေ့တို့ဗိုက်ထဲက ရင်သွေးလေးတွေဟာ မွေးကင်းစကလေးတွေကဲ့သို့ အချိန်တိုင်းလိုလို အိပ်စက်နေကြပါတယ်။ ၃၂ ပတ်အရွယ် သန္ဓေသားလေးအနေနှင့် ကိုယ်အစိတ်အပိုင်းတွေ ကောင်းစွာဖွံ့ဖြိုးနေပြီဖြစ်တာမို့ ပြင်ပအသံများကို နားထောင်နိုင်သလို စိတ်ကူးတွေနှင့် မှတ်ဉာဏ်တွေတောင် ဖန်တီးနေနိုင်ပါပြီ။ တစ်ကိုယ်လုံးကိုလည်း လှုပ်ရှားမှုများ ပြုလုပ်နိုင်ပြီဖြစ်လို့ ကလေးတိုးခြင်းကို မေမေတို့ စတင်ခံစားရမယ့်အချိန်လည်း ဖြစ်ပါတယ်။ကလေးတွေဟာ များသောအားဖြင့် ညဘက်မှာ အလှုပ်များတဲ့အတွက် စိတ်ပူနေကြတဲ့မေမေတွေလည်း ရှိပါတယ်။
● ၇ လအရွယ် သန္ဓေသားတစ်ယောက်ဟာ တစ်နာရီမှာ ၅၀ ကြိမ်လောက် လှုပ်ရှားနေတတ်ပါတယ်။ မိခင်ကခံစားလို့ရနိုင်တဲ့ လှုပ်ရှားမှုတွေကတော့ အကြောဆန့်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းတို့ ဖြစ်ပါတယ်။ ကလေးတိုင်းလိုလိုဟာ ဒီအရွယ်မှာ လှုပ်ရှားမှုများစွာ ပြုလုပ်လေ့ရှိတာကြောင့် ကောင်းသည်ဆိုးသည် မှတ်ချက်ချဖို့ မလွယ်လှပါဘူး။
● လေ့လာချက်များအရ ကလေးအများစုဟာ ညဘက်မှာ ပိုမိုတက်ကြွလေ့ရှိတာမို့ မေမေ့အနေနှင့် ညဘက်မှာ ကလေးတိုးတာကို ပိုမိုခံစားရလေ့ရှိပါတယ်။ ဒီလိုကန်ခြင်းဟာလည်း သက်သောင့်သက်သာမရှိခြင်း၊ အကြောဆန့်ဖို့နေရာ လုံလောက်စွာမရှိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆရာဝန်များရဲ့ ယူဆချက်အရ ကလေးဟာ ကြီးထွားလာတာနှင့်အမျှ မွေးကင်းစကလေးတွေနည်းတူ စူးစမ်းမှုတွေ ပြုလုပ်လာကြခြင်းကြောင့် ဒီလိုလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ဒါကြောင့် ညဘက်ကလေးတိုးခြင်းဟာ စိတ်ပူရမယ့်အချက် မဟုတ်ပါဘူး။
>> ညဘက် ကလေးအလွန်တိုးခြင်းကြောင့် အိပ်ရေးပျက်ရတဲ့ မိခင်တွေအနေနှင့် အောက်ပါ နည်းလမ်းကောင်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
(၁) သီချင်းဆိုပြပါ။
တီးလုံးဖွင့်ပြမယ့်အစား မေမေကိုယ်တိုင် သီချင်းဆိုပြပါ။ လေ့လာချက်များအရ မိခင်ရဲ့အသံဟာ ကလေးငယ်ကို ငြိမ်သက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ သိပ်တဲ့အခါ အိပ်ရာဝင်တေးများ ဆိုပြရခြင်းဖြစ်ပါတယ်။
(၂) နေ့ဘက်မှာလည်း ညဘက်လုပ်ငန်းဆောင်တာတွေ ပြုလုပ်ပါ။
တီဗီကြည့်ခြင်း၊ လှဲလျောင်းခြင်း၊ စာအုပ်ဖတ်ခြင်း၊ ငြိမ်သက်စွာ နားနေခြင်းစတဲ့ လှုပ်ရှားမှုများကို နေ့ဘက်တွေလည်း ပြုလုပ်ခြင်းဖြင့် ကလေးကို ငြိမ်သက်ခြင်းနှင့် လိုက်လျောညီထွေရှိစေနိုင်ပါတယ်။
(၃) စူးစမ်းပါ။
နေ့ခင်းဘက်မှာ အချိန်ပေးပြီး ကလေးကို လေ့လာကြည့်ပါ။ ဒီအခါမှာ ကလေးရဲ့သဘောသဘာဝကို သိရှိလာပါလိမ့်မယ်။ နေ့ခင်းဘက်မှာကော ကလေးတိုးလား ခံစားကြည့်ပါ။ လှုပ်ရှားသောကလေးများဟာ ကျန်းမာရေး ကောင်းမွန်တတ်ပါတယ်။
မေမေတို့ရေ ညဘက် ကလေးတိုးလွန်းတာဟာ စိတ်ပူစရာမဟုတ်ဘူးဆိုတာ သိရှိကြပြီနော်။ ကလေးအများစုဟာ ညဘက်လိုပဲ နေ့ဘက်မှာလည်း လှုပ်ရှားကြလေ့ရှိပါတယ်။ တကယ်လို့ စိုးရိမ်စရာတစ်ခုခု ရှိတယ်ဆိုပါက သင့်အိုဂျီနှင့်တိုင်ပင်ပါ။ ကလေးလေးဟာ မေမေရဲ့ပူပန်မှုတွေကို ခံစားနိုင်တဲ့အတွက် တတ်နိုင်သမျှ စိတ်အေးချမ်းအောင် နေထိုင်ဖို့ အကြံပြုလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























