/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ပါရာစီတမောဟာ-ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်-စိတ်ချရသလား

ပါရာစီတမောဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် စိတ်ချရသလား?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ပါရာစီတမောဟု လူသိများသည့် Acetaminophen ဆေးဝါးသည် ဖျားနာ ကိုက်ခဲမှုများအတွက် အသုံးများသော ဆေးတစ်မျိုးဖြစ်ပါသည်။ ဆယ်စုနှစ်များစွာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ရုံမျှမက ကိုယ်၀န်ဆောင်ကာလအတွင်း အကိုက်အခဲပျောက်ဆေးအဖြစ်သော်လည်းကောင်း၊ အဖျားကျဆေးအဖြစ်သော်လည်းကောင်း ကျန်းမာရေး၀န်ထမ်းများက ၎င်းဆေးကို အဓိကထားသုံးစွဲရန် ညွှန်းဆိုပေးခဲ့ကြသည်။

          အမှန်တွင် ကိုယ်၀န်ဆောင်ကာလအတွင်း အဖျားကြီးပါက ကလေး၏ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်သောကြောင့် ဆရာ၀န်များက အဖျား 101 ဒီဂရီဖာရင်ဟိုက်ထက်များပါက Acetaminophen ဆေးဝါးကို သောက်သုံးရန်ညွှန်းကြားကြခြင်းဖြစ်ပါသည်။ ဆရာ၀န်ညွှန်ကြားသည့်အတိုင်းသောက်သုံးပါက ကိစ္စမရှိသော်လည်း မိမိသဘောအတိုင်း ကာလရှည်ကြာစွာ အလွန်အကျွံသောက်သုံးမိပါက မိခင်သာမက ကလေးတွင်ပါ အသည်းလုပ်ဆောင်ချက်များ ပျက်စီးစေနိုင်ပါသည်။

          မကြာသေးမီက လေ့လာချက်များအရ Acetaminophen ဆေးဝါးကို ကိုယ်၀န်ဆောင်ကာလအတွင်းသောက်သုံးခြင်းနှင့် ကလေးများ၏ အပြုအမူဆိုင်ရာပြဿနာ (ဥပမာ- ADHD ဟုခေါ်သော ကြာရှည်အာရုံစူးစိုက်မှုမရသောရောဂါ) များနှင့် ဆက်စပ်မှုရှိကြောင်းတွေ့ရှိရသည်။ ၎င်းအကျိုးဆက်သည် Acetaminophen ဆေးဝါးကို ကိုယ်၀န်လရင့်ချိန်တွင် အလွန်အကျွံသုံးစွဲသော မိခင်လောင်းများ၌ ပိုမိုဆိုးရွားကြောင်းသိရပါသည်။ ဤအကြောင်းအရာကိုအတည်ပြုရန် လေ့လာဆန်းစစ်မှုများကို ထပ်မံပြုလုပ်ရန်လိုအပ်သေးသော်လည်း အကောင်းဆုံးကတော့ပုံမှန်ညွှန်းဆိုထားသည်ထက် ပိုမို၍မသုံးစွဲကြရန်လိုအပ်ပါသည်။

 

Dr. Thinzar Wynn (www.drmyanmar.com)