မေမေအသစ်တို့ သိစေဖို့ ...
သားဦးကလေးမွေးမယ့် မေမေအသစ်အတွက်ကတော့ အရမ်းကို စိတ်လှုပ်ရှားဖွယ်ရာအချိန် ဖြစ်ပါတယ်။ ဒီလို အရမ်းကို စိတ်ခံစားချက်တွေ များတဲ့အချိန်မှာ သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
>> မေမေအသစ်တို့ လုပ်သင့်တဲ့အရာ (၅) မျိုး
1. တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားပါ။ ကလေးထိန်း အသင့် ရှာထားပါ။ သေးခံဝတ်နဲ့ ဆေးရုံတက်ဖို့အတွက် အဝတ်အိတ်ကို အသင့်ပြင်ထားပါ။ ကျန်းမာရေးအာမခံ အချက်အလက်တွေနဲ့ အရေးကြီးတဲ့ ဖုန်းနံပါတ်တွေ အပါအဝင် အရေးကြီး စာရွက်စာတမ်းတွေပါတဲ့ ဖိုင်တစ်ခု အသင့်ပြင်ထားပါ။
2. ကလေးလေး မရောက်လာခင် အချိန်လေးမှာ ကိုယ့်မှာရှိတဲ့ အချိန်လေးတွေကို ကောင်းကောင်း အသုံးချထားပါ။ ကောင်းကောင်း အိပ်စက် အနားယူထားပါ။ တီဗွီကို အနှောင့်အယှက်မရှိ ကြည့်ထား၊ ကိုယ့်ရဲ့ခင်ပွန်းနဲ့ ချိန်းပြီး ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေကို ရယူထားပြီး အခြားမိမိနှစ်သက်ရာ လုပ်ဆောင်ချက်တွေကိုလည်း စိတ်ကြိုက်လုပ်ထားပါ။
3. အကူအညီ တောင်းပါ။ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို အဝတ်လျှော်ဖို့၊ ချက်ပြုတ်ဖို့၊ ကလေးထိန်းဖို့ အကူအညီတောင်းပါ။
4. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ၊ တူနာ၊ မြေပဲထောပတ်စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပါ။ ကိုယ့်ရဲ့ခင်ပွန်းနဲ့ ယုံကြည်ရတဲ့ မိသားစုဝင်တွေကို ကလေး ကူကြည့်ပေးဖို့ အကူအညီတောင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချိန်ရအောင် ယူပါ။ အကြောတွေ ပြေလျော့စေဖို့အတွက် အနှိပ်ခံပါ။
5. ကြည်နူးစရာ အချိန်တိုလေးတွေကို ခံစားနိုင်ဖို့အတွက် လုပ်ရမယ့်အလုပ်တွေကို ခဏရပ်ထားလိုက်ပါ။ လျှော်ရမယ့်အဝတ်တွေနဲ့ ဆေးရမယ့်ပန်းကန်တွေ စုပုံနေနိုင်ပါတယ်။ ဒါပေမဲ့လည်း ကလေးလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေးတွေ၊ ပုခက်ထဲမှာ အိပ်ပျော်နေတာကို ကြည်ကြည်နူးနူး စောင့်ကြည့်ပါ။
>> အမေအသစ်တို့ မလုပ်ရမယ့်အရာ (၅) ခု
1. ဈေးကွက်မှာ ရှိသမျှစာအုပ်တွေတိုင်းကို လိုက်ဖတ်ဖို့ ကြိုးစားမနေပါနဲ့။ ယနေ့ခေတ်မှာ ကျွမ်းကျင်သူတွေ ရေးတဲ့စာအုပ်တွေအပြင် လူသိများ ကျော်ကြားသူတွေ တော်တော်များများကလည်း သူတို့ရဲ့ ကိုယ်ဝန်ဆောင်နဲ့ မိဘ ဘဝအတွေ့အကြုံတွေကို ရေးသားမျှဝေထားကြပါတယ်။ ဒီစာအုပ်တွေကိုသာ အကုန်လိုက်ဖတ်နေမယ်ဆိုရင် အချက်အလက်တွေ အရမ်းစုပုံပြီး ရှုပ်ထွေးသွားပါလိမ့်မယ်။ ကိုယ် တကယ်စိတ်ဝင်စားတဲ့စာအုပ် (သို့) ယုံကြည်ရတဲ့သူ တစ်ယောက်ယောက်က လမ်းညွှန်တဲ့စာအုပ်တွေပဲ ဖတ်ပါ။
2. ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့။ တချို့မိခင်တွေက အိမ်ရဲ့စီးပွားရေးအခြေအနေအပေါ် မူတည်ပြီး ကလေးမွေးပြီး မကြာခင်ပဲ အလုပ်ထွက်လုပ်ကြရပါတယ်။ ကလေး မွေးပြီးနောက်မှာ အိမ်မှာနေပြီး ကလေးပြုစုတာပဲဖြစ်ဖြစ်၊ အလုပ်ပြန်ဝင်တာပဲဖြစ်ဖြစ် ဘယ်လိုလုပ်တာက မှန်တယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ရဲ့မိသားစု အခြေအနေအပေါ် မူတည်ပြီး လုပ်ဆောင်ကြရတာပါပဲ။
3. တစ်သီးတစ်သန့် မနေပါနဲ့။ မိခင်အသစ် ဖြစ်ရတာက အထီးကျန်သလို ခံစားချက်ကို ခံစားရစေနိုင်ပါတယ်။ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အိမ်ကို ဖိတ်ခေါ်ပြီး စကားပြောပါ။ လူမှုကွန်ရက်တွေပေါ်က အမေအုပ်စုတွေကို ဆက်သွယ်ပြီး စကားပြောပါ။ လူတွေနဲ့ ထိတွေ့မှုရှိဖို့အတွက် ဈေးဝယ်ထွက်ပါ။
4. ကိုယ်လုပ်နိုင်တာထက် ပိုပြီး အလွန်အကျွံ မလုပ်ပါနဲ့။ အဝတ်သေးခံတွေ၊ အိမ်တွင်းလုပ် ကလေးအတွက် အစားအစာတွေနဲ့ အလုပ်မှာ မိခင် နို့ညှစ်ထားဖို့တွေက ကိုယ့်အတွက် အဆင်မပြေဘူးဆိုရင် မလုပ်ပါနဲ့။ အဆင်ပြေပါတယ်။
5. တခြားသူတွေကိုလည်း ယဉ်ကျေးစွာ ငြင်းပယ်ဖို့ မကြောက်ပါနဲ့။ ကိုယ့်ရဲ့မိခင်၊ အိမ်နား စတိုးဆိုင်ကလူတွေ အပါအဝင် လူတိုင်းလိုလိုက ကလေးပြုစု စောင့်ရှောက်တာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ ပေးလိုကြပါတယ်။ ဒီလိုတွေ ပြောလာရင် ကျေးဇူးတင်ပါတယ်။ ကျွန်မကလေးကို ကျွန်မ နည်းလမ်းနဲ့ ပြုစုစောင့်ရှောက်ပါမယ်လို့ ယဉ်ကျေးစွာ ပြောဆိုပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























