ကူးစက်တတ်သော ခဏတာလေပြွန်ရောင်ခြင်း
ရောဂါပိုး၀င်ခြင်းကြောင့်ဖြစ်တဲ့ ခဏတာလေပြွန်ရောင်ခြင်းက လေမှတစ်ဆင့် ကူးစက်တတ်ပြီး စကားပြောတဲ့အခါ၊ နှာချေချောင်းဆိုးတဲ့အခါမှာ ရောဂါပိုးပါတဲ့ ရေမှုန်လေးတွေကတစ်ဆင့် လေထဲကို ပျံ့နှံ့သွားပါတယ်။ ဒါ့အပြင် ရောဂါပိုးရှိသူနဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ ထိတွေ့ခြင်းတို့ကနေ တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေက အမျိုးအစားအပေါ် မူတည်ပြီး ခန္ဓာကိုယ်ပြင်ပမှာ မိနစ်၊ နာရီ အတော်ကြာအောင် ရက်အတော်ကြာအောင် အသက်ရှင်သန်နိုင်ပါတယ်။ ဒါကြောင့် တံခါးလက်ကိုင်ဘု၊ စက်လှေကားလက်ရမ်းစတဲ့ ပိုးရှိနေတဲ့အရာတွေကို ထိတွေ့ပြီး ဒီလက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်ခြင်းအားဖြင့် ရောဂါကူးစက်နိုင်ပါတယ်။
ခေတ္တလေပြွန်ရောင်ခြင်းက တုပ်ကွေးအနေနဲ့ စပြီးဖြစ်တာများတဲ့အတွက် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။
ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လေပြွန်ရောင်ခြင်းက ခုခံအားကျဆင်းနေတဲ့သူတွေ၊ နာတာရှည်ရောဂါပိုးရှိတဲ့သူတွေ၊ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေမှာ ကူးစက်ပိုခံရနိုင်ပါတယ်။
လေပြွန်ရောင်ခြင်း အဖြစ်များစေတဲ့ ဘက်တီးရီးယားပိုးတွေကတော့ Bordetella Pertussis, Streptococcus Species, Mycoplasma Pneumonia, Chlamydia Pneumonia တို့ ဖြစ်ကြပါတယ်။
♦ ရောဂါလက္ခဏာများ
ခေတ္တလေပြွန်ရောင်ရမ်းခြင်းက ရောဂါပိုး စ၀င်ပြီး 4-6 ရက်လောက်မှ ရောဂါလက္ခဏာ စပြပါတယ်။ အစဦးလက္ခဏာတွေအနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုနှာစေးခြင်း၊ လည်ချောင်းနာခြင်း စတာတွေကို စပြီး ခံစားရပါတယ်။
ရောဂါလက္ခဏာ စပေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် အကြာမှာ ပျောက်ကင်းသွားတတ်ပြီး ချောင်းဆိုးတစ်မျိုးကတော့ ရက်သတ္တပတ် အတော်ကြာအောင် ဆက်ရှိနေတတ်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ -
• ချောင်းဆိုးခြင်း
• ရင်ကြပ်ခြင်း
• အသက်ရှူရခက်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• သလိပ်အကြည်ကနေပြီး စိမ်းဝါရောင်များ ထွက်ခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• ကိုယ်ငွေ့ငွေ့လေးပူခြင်း
• ချမ်းတုန်ခြင်းတို့ ဖြစ်ကြပါတယ်။
♦ ဘယ်လိုအခြေအနေဆိုရင် ဆရာ၀န်သွားပြမလဲ?
ခေတ္တလေပြွန်ရောင်ခြင်းက ရက်သတ္တပတ် အတော်ကြာရင် သူ့အလိုလို ပြန်ပျောက်သွားလေ့ ရှိပါတယ်။ နေမကောင်းတာ အရမ်းဆိုးပြီး အောက်ပါလက္ခဏာတွေ ခံစားရရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြပါ။
• ကိုယ်အပူချိန် 100.4ºF (38ºC) အထက်
• သုံးပတ်ထက် ပိုပြီးချောင်းဆိုးခြင်း
• ရင်ကြပ်ခြင်း၊ အသက်ရှူမြန်ခြင်းကြောင့် လုပ်နေကျအလုပ်တွေတောင်မှ မလုပ်နိုင်တော့ခြင်း
• ပါးစပ်၊ နှာခေါင်းတို့မှ သွေးပါသော အချွဲသလိပ်များထွက်ခြင်း
လေပြွန်ရောင်ခြင်းကနေပြီး အဆုတ်ရောင်တဲ့အထိ ဖြစ်နိုင်တဲ့အတွက် စိုးရိမ်ရတဲ့ လက္ခဏာတွေ တွေ့ရင် (သို့) ရောဂါလက္ခဏာတွေက ကြာသင့်တဲ့အချိန် ပိုကြာနေရင် ဆရာ၀န်နဲ့ ပြသဖို့ အရေးကြီးပါတယ်။
မကြာခဏ လေပြွန်ရောင်နေရင်လည်း နာတာရှည် လေပြွန်ရောင်ခြင်း ဖြစ်သွားနိုင်တဲ့အတွက် ဆရာ၀န် သေချာပြပါ။
♦ ကုထုံးများ
ဗိုင်းရပ်ကြောင့် ဖြစ်တာဆိုရင် များများအနားယူပြီး အရည်ဓာတ် များများသောက်ရင် ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လေပြွန်ရောင်ခြင်းတွေအတွက် ပဋိဇီ၀ဆေးတွေက အသုံးမ၀င်ပါဘူး။
♦ သိမှတ်စရာ
ကာလတိုလေပြွန်ရောင်ခြင်းက အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သူ့ဘာသာပဲ ပြန်ပျောက်တတ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင်တော့ ကုသမှု သေချာခံယူခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ အဆုတ်ရောင်ခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























