ကော်ဖီ၏ အကျိုးကျေးဇူးများ
ကော်ဖီကို နေ့စဉ် 4 ခွက်နဲ့ အထက်သောက်သုံးပါက ရင်တလှပ်လှပ်တုန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ နှလုံးတိုက်ခိုက်ခံရနိုင်ခြင်း စတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်၀န်ဆောင်များနှင့် ကလေးငယ်များမှအပ အမျိုးသားအမျိုးသမီးများအားလုံး မနက်ခင်းနဲ့ နေ့လည်ခင်းတွေမှာ ကော်ဖီ 1-2 ခွက်လောက်တော့ ပုံမှန်သောက်ပေးသင့်ပါတယ်။ အကြောင်းရင်းတွေကတော့
1. စွမ်းအင်တိုးပြီး လန်းဆန်းတက်ကြွစေခြင်း
ကော်ဖီမှာပါ၀င်တဲ့ ကဖင်ဓာတ်ကြောင့် လန်းဆန်းတက်ကြွစေပြီး စွမ်းအင်တိုးစေနိုင်ပါတယ်။ ကဖင်းဓာတ် ဟာ သွေးကြောများကို ကျုံ့ယုံ့စေသော သွေးထဲမှာပါ၀င်တဲ့ ဓာတုပစ္စည်းများကို တားဆီးပေးပြီး ထိုးထွင်းသိမြင် မှုဆိုင်ရာစွမ်းရည်ကို တိုးတက်စေခြင်း၊ စိတ်ခံစားချက်ကောင်းစေခြင်း၊ နိုးနိုးကြားကြားရှိစေခြင်း စတဲ့ ဦးနှောက်ပိုင်း ဆိုင်ရာလုပ်ဆောင်ချက်များကို တိုးတက်ကောင်းမွန်စေပါတယ်။
2. အဆီများကို လောင်ကျွမ်းစေခြင်း
ကော်ဖီဟာ အဆီများကိုလောင်ကျွမ်းရာမှာ များစွာအထောက်အပံ့ပေးနိုင်တဲ့အတွက် သဘာ၀အဆီကျ ဆေးလို့တောင်ခေါ်ဆိုနိုင်ပါတယ်။ အ၀လွန်သူများမှာ အဆီ 10% လောင်ကျွမ်းစေနိုင်ပြီး ကျစ်လျစ်သူတွေမှာ အဆီ 29% လောင်ကျွမ်းစေနိုင်ပါတယ်။
3. အားကစားစွမ်းရည်မြှင့်တင်ပေးခြင်း
ကော်ဖီမှာပါ၀င်တဲ့ ကဖင်းဓာတ်ဟာ အဆီတွေကိုခြေဖျက်ဖို့ အာရုံကြောစနစ်မှတဆင့် အဆီဆဲလ်တွေကို လှုံ့ဆော်မှုတွေ ပြုလုပ်ပေးပါတယ်။ ဒါအပြင် လူကို လှုပ်ရှားတက်ကြွစေတဲ့ Adrenaline ဟော်မုန်းပမာဏ ကိုလည်းမြှင့်တင်ပေးပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်သူ တွေအနေနဲ့ အားကစားရုံသို့မသွားမီ တစ်နာရီအလိုမှာ ကော်ဖီခါးခါးလေးတစ်ခွက်ကို သောက်သွားသင့်ပါတယ်။
4. အာဟာရဓာတ်များကြွယ်၀စွာပါရှိခြင်း
ကော်ဖီမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် B2၊ ဗီတာမင် B3၊ ဗီတာမင် B5၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် စသည်တို့ ကြွယ်၀စွာပါ၀င်ပါတယ်။
5. အမျိုးအစား(၂) ဆီးချိုရောဂါအန္တရာယ်မှ ကာကွယ်ပေးခြင်း
ကော်ဖီဟာ ကမ်ဘာတစ်၀ှမ်း လူသန်းပေါင်း ၃၀၀ ခန့်ခံစားရလေ့ရှိတဲ့ အမျိုးအစား (၂)ဆီးချိုရောဂါ အန္တရာယ်ဆိုးမှ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကော်ဖီကို သကြား (သို့) creamer တွေထည့်ဖျော်ရင်တော့ ဆီးချိုရောဂါကို ကာကွယ်နိုင်ခြင်းမရှိတော့တဲ့အပြင် ဆီးချိုဖြစ်ဖို့ အလားအလာပါ ပိုများလာစေပါတယ်။
6. အယ်ဇိုင်းမားရောဂါမှ ကာကွယ်ပေးခြင်း
အသက် 65 နှစ်ကျော်သူတွေမှာဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်စေသော အယ်ဇိုင်းမားရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အယ်ဇိုင်းမားရောဂါကို ကုသနိုင်ဖို့ ခဲယဉ်းပေမယ့် ရောဂါဖြစ်နိုင်ချေမှ ကာကွယ်ပေးနိုင်တဲ့နည်းလမ်းတွေဖြစ်သော ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာများစားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့အပြင် ကော်ဖီသောက်သုံးခြင်းဟာလည်း ရောဂါဖြစ်နိုင်ချေ ကို 65% ထိ လျှော့ချပေးနိုင်ပါတယ်။
7. ပါကင်ဆန်ရောဂါဖြစ်နိုင်ချေမှ လျော့ချပေးခြင်း
အယ်ဇိုင်းမားရောဂါပြီးနောက် ပါကင်ဆန်ရောဂါဟာ ဒုတိယဖြစ်နိုင်ချေအများဆုံးရောဂါဖြစ်ပြီး ကုသမှုထက် ကာကွယ်မှုကသာ ပိုပြီးထိရောက်စေပါတယ်။ ကော်ဖီမသောက်သူတွေထက် ကော်ဖ်ီသောက်သူတွေအနေနဲ့ ပါကင်ဆန်ရောဂါဖြစ်နိုင်ချေ 60% အထိ ကာကွယ်နိုင်စွမ်းရှိပါတယ်။
8. နှလုံးရောဂါနှင့်လေဖြတ်ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးခြင်း
ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ သွေးဖိအားကိုမြင့်တက်စေနိုင်တာ မှန်ပေမယ့်လည်း 1-2 ခွက်သောက်ရုံနဲ့တော့ ဆိုးကျိုးမရှိပါဘူး။ လေ့လာမှုများအရ ကော်ဖီပုံမှန်သောက်သူတွေအနေနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ နည်းစေတဲ့အပြင် လေဖြတ်နိုင်ချေကို 20% လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
9. အသက်ရှည်စေခြင်း
ကော်ဖီသောက်ခြင်းဖြင့် ရောဂါများ၀င်ရောက်စေခြင်းမှ ကာကွယ်ပေးနိုင်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ချေမှ လျော့နည်းစေပါတယ်။ 24 နှစ်ကြာ လေ့လာမှုများအရ ကော်ဖီသောက်သူအမျိုးသားတွေအနေနဲ့ ငယ်ရွယ်စဉ် သေဆုံးနိုင်ချေ 20% လျှော့ကျပြီး အမျိုးသမီးတွေအနေနဲ့ 26% လျော့ကျစေနိုင်ပါတယ်။
10. ကင်ဆာရောဂါကာကွယ်ပေးခြင်း
ကော်ဖီသောက်သူတွေအနေနဲ့ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အခြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေမှ လျော့နည်းစေပါတယ်။
11. အင်တီအောက်ဆီးဒင့်ကြွယ်၀စွာပါရှိခြင်း
ကော်ဖီမှာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်ဟာ သစ်သီး၀လံနဲ့ ဟင်းသီးဟင်းရွက်များမှာ ပါ၀င်နှုန်းထက် ပိုများပါတယ်။ ဒါကြောင့် ကော်ဖီကို ကျန်းမာရေးအတွက် လိုအပ်ချက်တစ်ခုအနေနဲ့ သောက်ပေးသင့်ပါတယ်။
CMS (www.drmyanmar.com)