ကျန်းမာရေးကောင်းစေမယ့် သက်စောင့်ဓာတ်တွေအကြောင်း
အလွယ်တကူ ဖျားနာခြင်းကို ကာကွယ်ဖို့အတွက် ခိုင်မာကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်တစ်ခု လိုအပ်ပါတယ်။ ကိုယ်ခံအားစနစ် အားကောင်းနေဖို့အတွက် မရှိမဖြစ် အရေးပါတဲ့ သက်စောင့်ဓာတ်တွေက ဘာတွေလဲ?
>> တကယ်လိုအပ်တဲ့ ဗီတာမင်ဒီ
ဗီတာမင်ဒီဓာတ် ချို့တဲ့တာဟာ အရိုးနဲ့သွားတွေ ဖွံ့ဖြိုးခြင်းမှာ အဟန့်အတား ဖြစ်စေတဲ့အပြင် ကိ်ုယ်ခံအားစနစ်နဲ့ နှလုံးသွေးကြောစနစ်ကို ထိခိုက်စေပါတယ်။
ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရရှိနိုင်တဲ့အပြင် -
● ကြက်ဥအကာ
● မှိုအမျိုးမျိုး
● ဆော်လမွန်ငါး
● တူနာငါး
● အမဲအသည်း တွေ စားသုံးခြင်းကနေ ရရှိနိုင်ပါတယ်နော်။
>> ဗီတာမင်စီ ပြည့်ဝ ကျန်းမာမှ အဆင်ပြေမယ်
နာမည်ကျော် ဗီတာမင်စီကတော့ အများသိကြတဲ့အတိုင်း ကိုယ်ခံအား တက်လာစေမယ့် အဓိက တွန်းအားဓာတ်ပါပဲတဲ့။ သုတေသနတွေအရ နာမကျန်းဖြစ်နေတဲ့ လူတွေကို ဗီတာမင်စီ ဖြည့်စွက် တိုက်ကျွေးလိုက်တဲ့အခါ မြန်မြန်နေကောင်း ကျန်းမာလာကြတာကို တွေ့ရပါတယ်တဲ့။
ဗီတာမင်စီ ပြည့်ဝနေတဲ့ အစားအစာတွေကတော့ -
● ဆီးဖြူသီး
● ငရုတ်သီးစိမ်း
● ငရုတ်ပွတောင့်
● သံပရာသီး၊ ရှောက်သီး
● မရမ်းသီး
● ဖန်ခါးသီး တို့ ဖြစ်ပါတယ်။
ဆီးဖြူသီးမှာ သံပရာသီးထက် ဗီတာမင်စီ အဆများစွာ ပါဝင်နေပါတယ်တဲ့။ လတ်ဆတ်တဲ့ ငရုတ်သီးစိမ်း တစ်တောင့်ဟာလည်း ဗီတာမင်ရော အမျှင်ဓာတ်ရော ပြည့်ဝတဲ့အသီးအနှံ ဖြစ်ပါတယ်။
>> ဗီတာမင်အီး ဖြည့်တင်း၊ ဆောင်ကျဉ်း ကျန်းမာခြင်း
ဗီတာမင်အီးဓာတ်ဟာ အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။ အသားအရေ နုပျိုကျန်းမာစေတဲ့ ရုပ်ပျိုဆေး ဗီတာမင်အီး သက်စောင့်ဓာတ်ဟာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ တပ်သားတစ်ဦး ဖြစ်ပါတယ်။ သူ မပါရင် မဖြစ်ဆိုသလိုပဲ သူ့ရဲ့အခန်းကဏ္ဏရဲ့ အရေးပါမှုကြောင့် အလွယ်တကူ မဖျားနာဖို့ ကာကွယ်ရေးမှာ ထိပ်ဆုံးကို ရောက်လာပါတယ်။
ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတွေကတော့ -
● သံလွင်ဆီ
● နေကြာစေ့လှော်
● အယ်လမွန်စေ့
● ထောပတ်သီး
● ဘရိုကိုလီ
● ကြက်ဥ၊ ဘဲဥ
● ငရုတ်ပွတောင့်
● သရက်သီးတွေအပြင်
ပင်လယ်စာတွေဖြစ်တဲ့ -
● ဆော်လမွန်ငါး
● ကျောက်ပုဇွန်
● ရေဘဝဲ တွေမှာလည်း ဗီတာမင်အီး ပေါများစွာ ပါဝင်နေပါတယ်။
ကိုယ်ခံအားအတွက် မရှိမဖြစ် ဗီတာမင်တွေအကြောင်း အခြေခံသိကြပြီမို့ ဖြည့်စွက်ဆေးဝါးဖြင့်သော် လည်းကောင်း၊ အစားအစာဖြင့်သော် လည်းကောင်း ဖြည့်တင်းထားခြင်းဖြင့် အလွယ်တကူ ဖျားနာခြင်းကို ဝေါင်ဝေါင်ရှေးကြပါစို့နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)






























