ဆီးချို၊ သွေးချို ရဲ့နောက်ဆက်တွဲပြဿနာတွေကို ရှောင်ကြဉ်နိုင်ဖို့
၁။ ကိုယ်အလေးချိန်လျော့ချပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ထားရှိခြင်းက သွေးတွင်းအချိုဓာတ်ကို ပုံမှန်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်၊ အာဟာရပညာရှင်၊ ကာယဆရာတို့နဲ့ တိုင်ပင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။
၂။ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း သွေးချိုပုံမှန်တိုင်းပါ။ ဒီလိုတိုင်းတာမှသာ ကိုယ့်ရဲ့သွေးတွင်းအချိုဓာတ်ဟာ သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်းမှာ ရှိ၊ မရှိကို သိနိုင်မှာပါ။ ရလာတဲ့အဖြေတွေကို စာအုပ်သီးသန့်တစ်အုပ်မှာရေးမှတ်ထားပြီး ကိုယ်ရဲ့အစားအသောက်၊ လှုပ်ရှားမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကိုပါ မှတ်ထားနိုင်ရင် ပိုကောင်းပါတယ်။ (ဥပမာ - ရှမ်းခေါက်ဆွဲစားပြီးနောက်ရက် သွေးတွင်းအချိုဓာတ် ..mg/dl)
၃။ ဆီးချို၊ သွေးချိုအညွှန်းကိန်း HbA1c သွေးဖောက်စစ်ပါ။ လွန်ခဲ့တဲ့ ၂လ - ၃လအတွင်းမှာ ဆီးချိုဘယ်လောက်ရှိသလဲ သိနိုင်ဖို့အတွက် HbA1c ဖောက်စစ်နိုင်ပါတယ်။ ဆီးချိုရောဂါအမျိုးအစား၂မှာ A1c ၇%အောက်ရှိရပါမယ်။ ဘယ်နှစ်ကြိမ်လောက် စစ်သင့်သလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
၄။ စားသမျှ ကစီဓာတ် (ထမင်း၊ ခေါက်ဆွဲ၊…) ကိုမှတ်ထားပါ။ ကစီဓာတ်ဘယ်လောက်စားနေတယ်၊ ဘယ်နှစ်ကြိမ်စားတယ်ဆိုတာတွေကို မှတ်ထားသင့်ပါတယ်။ ကစီဓာတ်စားတာကို ထိန်းချုပ်ခြင်းက ဆီးချိုရောဂါထိန်းချုပ်ရာမှာ အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်များတဲ့ အစိမ်းရောင်အသီးအရွက်၊ ပဲနဲ့ အရောင်မချွတ်ထားတဲ့ နှံပြောင်းတွေကို စားပေးပါ။
၅။ သွေးတိုး၊ သွေးတွင်းအဆီဓာတ် ကိုလက်စထရောနဲ့ Triglycerideတွေကို ထိန်းချုပ်ပါ။ ဆီးချိုရောဂါဟာ နှလုံးရောဂါကို ပိုဖြစ်စေနိုင်တဲ့အတွက် သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်တို့ကို သတိထားရပါမယ်။ ဒါကြောင့် သွေးတိုး၊ ကိုလက်စထရောနဲ့ triglyceride အဆီဓာတ်တွေကို ဘယ်လိုထိန်းချုပ်ရမယ်၊ ဘယ်ဆေးတွေသောက်သင့်တယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
၆။ လှုပ်လှုပ်ရှားရှားနေပါ။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းက စိတ်ဖိစီးမှုကို ကျစေနိုင်တဲ့အပြင် သွေးတိုး၊ ကိုလက်စထရောနဲ့ triglycerideအဆီဓာတ်တွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၅ရက် တစ်နေ့ကို နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ လမ်းလျောက်ခြင်း၊ ကခုန်ခြင်း၊ အေရိုဗစ်၊ ရေကူးခြင်း၊ တင်းနစ်ရိုက်ခြင်း၊ စက်ဘီးစီးခြငး် စတဲ့လေ့ကျင်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်နေကျမဟုတ်သူတွေမှာ ဖြည်းဖြည်းချင်းစီ စနိုင်ပါတယ်။ မိနစ်၃၀ ဆက်တိုက်မဟုတ်ပဲ ၁၀မိနစ်စီ ခွဲလုပ်တာ၊ ထမင်းစားပြီးချိန် ၁၀မိနစ်လောက်လမ်းလျောက်တာ၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို တစ်ချို့ရက်တွေမှာ လုပ်ပေးတာ စသည်ဖြင့် ကိုယ်လက်လုှပ်ရှားမှုတွေ လုပ်ပေးပါ။
၇။ အိပ်ပါ။ အိပ်ရေးမဝသူတွေဟာ ပိုပိုပြီးစားချင်စိတ်တွေ ဖြစ်လာတတ်ပြီး ဝလာတတ်ပါတယ်။ အိပ်ရေးဝတဲ့ ဆီးချိုသမားတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နိုင်ပြီး ဆီးချိုပမာဏကို ထိန်းချုပ်နိုင်ပါတယ်။
၈။ စိတ်ဖိစီးမှုနည်းအောင်နေပါ။ စိတ်ဖိစီးမှုများခြင်းဟာ ဆီးချိုတက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေပျောက်အောင် ၁၅မိနစ်ခန့် ငြိမ်ငြိမ်လေးထိုင်နေတာ၊ တရားထိုင်တာ၊ ယောဂကျင့်တာတွေ လုပ်နိုင်ပါတယ်။
၉။ ဆရာဝန်နဲ့ပြသပါ။ အနည်းဆုံးတစ်နှစ်တစ်ကြိမ် ဆရာဝန်နဲ့ ပြသပြီး မျက်လုံးစစ်ဆေးမှု၊ သွေးပေါင်ချိန်၊ ခြေထောက်စစ်ဆေးမှုနဲ့ ကျောက်ကပ်၊ အာရုံကြောနဲ့ နှလုံးရောဂါ စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိမရှိကို စစ်ဆေးကြည့်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























