/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးအရောင်ဘာလို့နောက်ရသလဲ

ဆီးအရောင်ဘာလို့နောက်ရသလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပုံမှန်ဆီးက ကြည်နေပြီးတော့ အဝါရောင်လေး နည်းနည်းသန်းပါတယ်။ ဆီးနောက်တာ၊ အရောင်ပြောင်းတာက ဆီးလမ်းကြောင်း ပိုးဝင်လို့၊ ကျောက်ကပ် ကျောက်တည်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနဲ့ ရေဓာတ် ခန်းခြောက်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဆီးကို ကြည့်လိုက်လို့ ပုံမှန်နဲ့မတူဘဲ တစ်ခုခုပြောင်းလဲနေတာ တွေ့ပြီးတော့ နည်းနည်းစောင့်ကြည့်လို့မှ ပုံမှန် ပြန်မဖြစ်ရင်တော့ ဆေးခန်းသွားပြဖို့ လိုပါတယ်။

 

>>    ဆီးနောက်ရသော အကြောင်းအရင်းများ

●        ရေဓာတ် ခန်းခြောက်ခြင်း

          ရေ လုံလုံလောက်လောက် မသောက်မိလို့ ရေဓာတ် ခန်းခြောက်နေတဲ့အခါမျိုးတွေမှာ ဆီးနောက်တတ်ပါတယ်။ တခြားလက္ခဏာတွေ ဘာမှလည်းမရှိဘူး၊ ရေဓာတ် ပြန်ပြည့်တာနဲ့ ဆီးလည်း ပုံမှန်အတိုင်း ဖြစ်သွားတယ် ဆိုရင်တော့ စိတ်ပူစရာမရှိပါဘူး။ ဒီတော့ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်လောက် သောက်ဖြစ်အောင် သောက်ပါ။ ဆီးနောက်တယ်၊ ဆီးရောင် ရင့်နေတယ်ဆိုရင် ရေ ပိုသောက်ပေးပါ။ အရက်တွေ၊ ကော်ဖီတွေကလည်း ရေဓာတ် ခန်းခြောက်စေတဲ့အတွက် ဒါတွေကို အကန့်အသတ်နဲ့ပဲ သောက်ပါ။ ရေ ပိုသောက်တာတောင်မှ ဆီးနောက်နေတုန်းပဲ ဆိုရင်တော့လည်း ဆေးခန်းသွားပြပါ။

 

●        ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

          ဆီးနောက်ပြီး အနံ့လည်း နံတယ်ဆိုရင်တော့ ဆီးလမ်းကြောင်း ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့ ဆီး မကြာခဏ သွားချင်ခြင်း၊ ဆီးသွားလှျှင် နာခြင်း၊ ပူခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးရောင် ပန်းရောင် (သိို့) အနီရောင်ရှိခြင်းနဲ့ ဗိုက်အောက်ပိုင်း အောင့်ခြင်းတို့ ဖြစ်ကြပါတယ်။ ရောဂါပိုးဝင်တဲ့ ဘက်တီးရီးယားတွေ၊ ပြည်တွေနဲ့ သွေးတွေကြောင့် ဆီးနောက်ရပြီးတော့ အနံံ့နံရတာပါ။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါမှာ ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးပြွန် စတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်လုံး ပါဝင်ပြီးတော့ အဖြစ်အများဆုံးကတော့ ဆီးအိမ်နဲ့ ဆီးပြွန်မှာ ပိုးဝင်အများဆုံးပါပဲ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ သူတို့မှာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်နေတယ်လို့ သံသယရှိရင်တော့ ဆေးခန်း မြန်မြန်သွားပြပါ။ မဟုတ်ရင် မကုဘဲထားမယ်ဆိုရင် လမစေ့သေးဘဲ ကလေးမွေးတာ၊ ပေါင်မပြည့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

●        ကျောက်ကပ် ကျောက်တည်ခြင်း

          ဆီးနောက်၊ အနံ့နံပြီးတော့ ဆီးထဲမှာ အမှုန်အမွှားလေးတွေ ပါလာတယ်ဆိုရင်တော့ ကျောက်ကပ် ကျောက်တည်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒီကျောက်တည်စေတဲ့ အရာလေးတွေက အရွယ်အမျိုးမျိုးရှိပြီးတော့ ကျောက်ကပ်ထဲကနေ ဆီးလမ်းကြောင်းထဲကို မထွက်လာမချင်း လက္ခဏာပြလေ့ မရှိပါဘူး။ တခြားလက္ခဏာတွေကတော့ နောက်ကျော (သို့) ဘေးဘက်များ အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ဆီး မကြာခဏ သွားလိုခြင်းတို့ ဖြစ်ကြပါတယ်။

 

●        လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ

          ဆီးပူညောင်းကျရောဂါနဲ့ chlamydia စတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကြောင့် မိန်းမကိုယ်လမ်းကြောင်း၊ အမျိုးသား လိင်တံတွေကနေပြီး အရည်တွေ ဆင်းစေတဲ့အခါမှာ ဆီးထဲကိုပါလာပြီး ဆီးနောက်တတ်ပါတယ်။

 

●        မိန်းမကိုယ် ရောင်ရမ်းခြင်း

          မှိုစွဲခြင်း (သို့) အခြားသော မွေးလမ်းကြောင်းထဲမှာ ဖြစ်ပေါ်တဲ့ မညီမျှမှုတွေကြောင့် မိန်းမကိုယ် ရောင်ရမ်းတဲ့အခါမှာ ထွက်လာတဲ့အရည်တွေကြောင့်လည်း ဆီးနောက်စေနိုင်ပါတယ်။

 

●        ဆီးချို

          သွေးတွင်း သကြားဓာတ်ပမာဏ မြင့်မားခြင်း၊ အမျိုးအစား ၁ (သို့) ၂ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပြဿနာဖြစ်ခြင်း၊ အင်ဆူလင် လိုအပ်ခြင်းတွေကြောင့်လည်း ဆီးနောက်နိုင်ပါသေးတယ်။ ခန္ဓာကိုယ်ကနေပြီးတော့ အဆီတွေကို ဖြိုခွဲလို်က်တဲ့အခါမှာ ဘေးထွက်ပစ္စည်းအနေနဲ့ ထွက်လာတဲ့ ketones တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ဆီးနောက်တာက ဆီးချိုရဲ့ ပထမဆုံး သတိထားမိတဲ့လက္ခဏာ ဖြစ်နေတတ်ပါတယ်။

 

>>    ဆီးနောက်တာက ဒါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

●        ဆီးကျိတ်ကြီးခြင်း (သို့) ရောဂါပိုး ဝင်ခြင်း

●        ကျောက်ကပ်ရောဂါ၊ ရေဓာတ် ခန်းခြောက်ခြင်း၊ ဖျားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း စတာတွေကြောင့် ဆီးထဲတွင် ပရိုတင်းများ ပါဝင်ခြင်း

●        ရောဂါပိုး တစ်ခုခုဝင်ခြင်းကြောင့် ဆီးထဲတွင် သွေးပါခြင်း

●        ဆီးထဲတွင် ဘက်တီးရီးယားပိုးများ၊ အချွဲများ၊ ဆဲလ်များ၊ သွေးနီဆဲလ်၊ သွေးဖြူဆဲလ်များ၊ ဖော့ဖရပ်၊ ပြည် စသည်တို့ ပါဝင်ခြင်း (ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးချိုရောဂါ၊ ကျောက်ကပ် (သို့) ဆီးအိမ်ထဲ ပိုးဝင်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်)

          ဆီးကျိတ်ကင်ဆာကို ကုသမှု ခံယူပြီးတဲ့နောက်မှာလည်း ဆီးနောက်တာ၊ ဆီးထဲ သွေးပါတာတွေ ဖြစ်လေ့ရှိပါတယ်။

 

>>    အခြားဆီးအရောင်များ

          ဆီးနောက်တာ တစ်ခုတည်း မဟုတ်ပါဘူး။ ဆီးက အနီရောင်၊ အညိုရောင်၊ အကြည်ရောင်၊ လိမေ္မာ်ရောင်၊ အပြာရောင်၊ အမည်းရောင်၊ အစိမ်းရောင်၊ အစိမ်းရင့်ရောင်ဆိုပြီး အရောင်အမျိုးမျိုးကိုလည်း ပြောင်းနိုင်ပါသေးတယ်။ ဒီအရောင်တွေ ပြောင်းရတာကတော့ သောက်နေတဲ့ဆေးဝါးတွေ၊ ဆိုးဆေးတွေ၊ အစားအစာတွေရဲ့ သဘာဝအရောင်တွေ၊ ရောဂါပိုးဝင်ခြင်း (သို့) ရောဂါတစ်ခုခု စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

 

>>    ဘယ်အချိန်မှာ ဆေးခန်းသွားပြဖို့ လိုပြီလဲ?

          ဆီးနောက်တာက ခဏတာမဟုတ်ဘဲ အချိန်အတော်ကြာနေတယ် ဆိုရင်တော့ ဆရာဝန် သွားပြပြီး ကုသမှု ခံယူပါ။ ဆီးနောက်တာနဲ့အတူ ဗိုက်ထဲက စူးပြီးအောင့်တာ၊ ဆီးထဲ သွေးပါတာတွေပါ ဖြစ်ရင်တော့ ဆေးခန်း ချက်ချင်းသွားပြပါ။ ဘာကြောင့်ပဲ ဆီးထဲမှာ သွေးပါပါ၊ ဆီးရောင် ပုံမမှန်ဘူး ဆိုရင်တော့လည်း ဆရာဝန် သွားပြတာ ကောင်းပါတယ်။ ဆရာဝန်က ဆီးစစ်ကြည့်ပြီးတော့ ဘာကြောင့် ဆီးနောက်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို ရှာပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)