ရင်ပြည့်ရင်ကယ် မပေါ့ဆဖွယ်
ရင်ပြည့်ရင်ကယ်ခြင်းဟာ Lactose လို့ခေါ်တဲ့သကြားဓာတ်ကို ဓာတ်မတည့်ခြင်းကစလို့ ကင်ဆာရောဂါတွေအထိ ဖြစ်နိုင်တာကြောင့် ဘယ်လိုအချိန်မျိုးမှာ စိုးရိမ်သင့်သလဲဆိုတာကို သိထားသင့်ပါတယ်။
>> သတိထားရမယ့်လက္ခဏာများ
၁။ ကိုယ်အလေးချိန်ကျခြင်း
ရင်ပြည့်ရင်ကယ်ဖြစ်ပြီး ဝိတ်မလျှော့ပါဘဲ နဂိုရှိရင်းစွဲထက် ၁၀% ကိုယ်အလေးချိန်ကျနေပါက သတိထားသင့်ပါတယ်။ အူနံရံကို အလုံးအကျိတ်ဖိခြင်းကြောင့်သော်လည်းကောင်း၊ အကျိတ်ကနေထွက်တဲ့ပစ္စည်းတွေက အစားအသောက်ပျက်စေတာကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
၂။ ရေဖျဉ်းဆွဲခြင်း
ရင်ပြည့်ရင်ကယ်ဖြစ်ပြီး ဗိုက်ကြီးဖောလာပါက အသည်းရောဂါသော်လည်းကောင်း၊ ကင်ဆာရောဂါသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ရေဖျဉ်းအပြင် မျက်လုံးနဲ့အသားပါဝါလာပါက အသည်းကိုကင်ဆာပြန့်တာဖြစ်နိုင်သလို အသည်းရောင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Kremil-S 1
၃။ သွေးဝမ်းသွားခြင်း၊ ပုံမမှန်သွေးဆင်းခြင်း
လိပ်ခေါင်း၊ ရာသီစက်ဝန်းမမှန်ခြင်း၊ အသားလုံးနဲ့ သားအိမ်အတွင်းလွှာပါးလာခြင်းတို့ကြောင့် အဖြစ်များပြီး သိပ်ကြောက်စရာမလိုပေမယ့် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာတွေကြောင့်လည်း ဖြစ်နိုင်သေးတာမို့ သတိထားသင့်ပါတယ်။
၄။ အဖျားဝင်ခြင်း
ပိုးဝင်ခြင်းကြောင့်သော်လည်းကောင်း၊ ရောင်ရမ်းခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပြီး သွေးဖြူ ဥတွေများနေခဲ့ရင် ပိုပြီးသတိထားရပါမယ်။
>> ကြောက်စရာရောဂါ ၉ ခု
၁။ အစာအိမ်ကင်ဆာ
အစပိုင်းမှာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာမကြေခြင်း၊ ဗိုက်ပြည့်ခြင်း စတာတွေနဲ့လာနိုင်ပြီး ပိုဆိုးလာတဲ့အချိန်မှာ ကိုယ်အလေးချိန်ကျခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းစတဲ့လက္ခဏာတွေနဲ့ လာတတ်ပါတယ်။
၂။ အူမကြီးကင်ဆာ
အကျိတ်က အူမကြီးအတွင်းပိုင်းကို ပိတ်ဆို့စေပြီး ရင်ပြည့်ရင်ကယ်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင် အူမကြီးအဆုံးသတ်နားမှာရှိနေပါက သွေးဆင်းခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့လက္ခဏာတွေနဲ့လည်း လာနိုင်ပါတယ်။
Kremil-S 2
၃။ အသည်းရောဂါ
ရိုးရိုးအသည်းရောဂါလည်းဖြစ်နိုင်သလို အခြားအင်္ဂါအစိတ်အပိုင်းကင်ဆာတစ်ခုခုက သွေးကနေတစ်ဆင့် အသည်းကို ပြန့် လာတာလည်း ဖြစ်နိုင်ပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အပြင် ရေဖျဉ်းဆွဲခြင်း၊ အသားဝါခြင်း စတာတွေနဲ့ လာတတ်ပါတယ်။
၄။ သားဥအိမ်ကင်ဆာ
အဖြစ်နည်းပေမယ့် အသက်အန ္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ကင်ဆာတစ်မျိုးပဲ ဖြစ်ပါတယ်။ အသက်၅၀ကျော် အမျိုးသမီးတွေမှာဖြစ်တတ်ပြီး ကလေးမရှိသူ၊ အသက်ကြီးမှကလေးရသူ၊ အဝလွန်သူ၊ မိသားစုရာဇဝင်ရှိသူ၊ မျိုးရိုးရှိသူတွေနဲ့ ဟော်မုန်း အစားထိုးကုသမှုခံယူထားသူတွေမှာ အဓိကတွေ့ရတတ်ပါတယ်။ ရင်ပြည့်ရင်ကယ်ခြင်း၊ ဗိုက်ပြည့်လွယ်ခြင်း၊ ခါးအောက်ပိုင်းနာခြင်း တဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။
၅။ သားအိမ်ကင်ဆာ
ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အပြင် ပုံမမှန်သွေးဆင်းခြင်း၊ အဖြူ ဆင်းခြင်း၊ ခါးအောက်ပိုင်းနာကျင်ခြင်း၊ ဆီးသွားချိန်၊အတူနေချိန် နာကျင်ခြင်း စတဲ့လက္ခဏာရပ်တွေနဲ့ လာနိုင်ပါတယ်။ Tamoxifenကင်ဆာဟော်မုန်းဆေးသောက်ခြင်း၊ အီစထရိုဂျင်ဟော်မုန်းဆေးသောက်ခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း၊ သားအိမ်ကင်ဆာမိသားစုရာဇဝင်ရှိခြင်း၊ မျိုးရိုးလိုက်အူမကြီးကင်ဆာရှိခြင်း စတဲ့အကြောင်းရပ်တွေရှိသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
၆။ ပန်ကရိယကင်ဆာ
မျက်လုံးနဲ့အသားဝါခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ခါးကိုအနာပြန့်လာခြင်း၊ လတ်တလောဆီးချိုရောဂါဖြစ်လာခြင်းစတဲ့ လက္ခဏာတွေတွဲနေပါက ပန်ကရိယကင်ဆာကို စဉ်းစားသင့်ပါတယ်။
၇။ အူသိမ်မြွားရောင်ခြင်း
အူမကြီးကနေ ထွက်နေတဲ့ အူသိမ်မြွားလေးဟာ အသက်၅၀ကျော်အရွယ်မှာ ရောင်တတ်ပြီး ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဖျားခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်းတွေနဲ့ လာတတ်ပါတယ်။
၈။ တင်ပါးဆုံပိုင်းပိုးဝင်ခြင်း
ကလေးမွေးခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ သားအိမ်ပစ္စည်းထည့်ခြင်းတို့ကြောင့် Chlamydia သို့မဟုတ် Ganorrhoeaပိုးတွေဝင်တဲ့အခါ သားအိမ်အတွင်းသား၊ သားဥပြွန်၊ သားဥအိမ်တွေ ရောင်ရမ်းလာတတ်ပါတယ်။ ဖျားခြင်း၊ တင်ပါးဆုံအောက်ပိုင်းနာခြင်း၊ အဖြူ ဆင်းခြင်း စတဲ့လက္ခဏာရပ်တွေနဲ့လာတတ်ပါတယ်။
၉။ Crohn’s disease
ခုခံအားကမောက်ကမနဲ့ ကိုယ့်ခန္ဓာကိုယ်ပြန်တိုက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အူသိမ်နဲ့ အူမကြီးတို့မှာ ဖြစ်တတ်ပါတယ်။ အစောပိုင်းတွေမှာ ရင်ပြည့်ရင်ကယ်ပြီးလာတတ်ပြီး နောက်ပိုင်းမှာ အူကျဉ်းပြီး အူပိတ်သွားတဲ့အခါ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းထဲသွေးပါခြင်းစတာတွေအပြင် ပါးစပ်အနာပေါက်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ အရေပြားအနာဖြစ်ခြင်းနဲ့ မျက်လုံးရောင်ခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။
ကံကောင်းထောက်မတာကတော့ ရင်ပြည့်ရင်ကယ်ခြင်းဟာ ကင်ဆာ၊ ပိုးဝင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်တာနည်းပါတယ်။ မသေချာရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသကြည့်တာဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















