ဝမ်းပျက်ဝမ်းလျှောခြင်းအကြောင်း သိကောင်းစရာ
၀မ်းပျက်၀မ်းလျှောခြင်းဆိုသည်မှာ ၀မ်းအရည်ကျဲကျဲမကြာခဏသွားခြင်းကို ဆိုလိုပါတယ်။ လူအများစုတွင် ၀မ်းပျက်၀မ်းလျှောဖြစ်ခြင်းမှာ ရက်အနည်းငယ်အတွင်း သက်သာသွားလေ့ရှိပါတယ်။ တစ်ခါတရံမှာတော့ ၀မ်းလျှောတာဟာ ရက်သတ္တပတ်အတော်ကြာတဲ့အထိ ပျောက်ကင်းလေ့မရှိပါဘူး။
၀မ်းပျက်၀မ်းလျှောခြင်းသည် စားလိုက်သောအစာနှင့်အရည်များ အူမကြီးတစ်လျှောက် မြန်ဆန်စွာဖြတ်သန်း သွားခြင်းကြောင့်သော်လည်းကောင်း၊ အစာပမာဏများခြင်းကြောင့်သော်လည်းကောင်းဖြစ်လေ့ရှိပါတယ်။ ပုံမှန်အားဖြင့် အူမကြီးသည် စားလိုက်သော အစားအစာများမှ ရေကိုစုပ်ယူသောကြောင့် ၀မ်းသည်အတုံးအခဲဖြစ်နေခြင်းဖြစ်ပါတယ်။ အရည်များကို စုပ်ယူနိုင်ခြင်းမရှိသော အချိန်တွင် အရည်၀မ်းသွားခြင်းဖြစ်ပါတယ်။
♦ ဖြစ်ပွားရသည့် အကြောင်းရင်းများ
၀မ်းပျက်၀မ်းလျှောဖြစ်ရသည့် အကြောင်းအရင်းများမှာ -
၁။ ဗိုင်းရပ်စ်ပိုး - (Norwalk Virus, Rota Virus, Cytomegalovirus)
၂။ ဘက်တီးရီးယားပိုးမွှားနှင့် ကပ်ပါးကောင်များ (Salmonella, Campylobacter, Shigella, Ecoli)
၃။ ပဋိဇီ၀ဆေးဝါးများ- ပဋိဇီ၀ဆေးဝါးများသည် ခန္ဓာကိုယ်အတွင်းရှိ အကျိုးပြုဘက်တီးရီးယားများကို ပျက်စီးစေသဖြင့် မကောင်းသောဘက်တီးရီးယားပိုးမွှားများ၀င်ရောက်လာပြီး ၀မ်းလျှောစေပါသည်။
၄။ နို့နှင့်နို့ထွက်ပစ္စည်းတွင်ပါ၀င်သော လက်တို့စ် (Lactose) သကြားဓာတ်ကို မချေဖျက်နိုင်ခြင်း
၅။ အသီးများနဲ့ ပျားရည်တွင်ပါ၀င်သော ဖရက်တို့ (Fructose) သကြားဓာတ်ကို မချေဖျက်နိုင်ခြင်း
၆။ သကြားအစားထိုး အစားအစာများ(Sorbitol ၊ Mannitol ) တို့နှင့် မတည့်ခြင်း
၇။ ၀မ်းဗိုက်ပိုင်းတွင် ခွဲစိတ်ကုသမှု ခံယူထားခြင်း (ဥပမာ- သည်းခြေအိတ်ဖယ်ထုတ်သည့် ခွဲစိတ်မှု)
၈။ အခြားအစာခြေလမ်းကြောင်းဆိုင်ရာရောဂါများ (Crohn’s Discase, Ulcerative colitis)
♦ ရောဂါလက္ခဏာများ
၀မ်းလျှောခြင်းမှာတွေ့ရတဲ့ ရောဂါလက္ခဏာများမှာ -
- အရည်၀မ်းခဏခဏသွားခြင်း
- ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း
- ဖျားခြင်း
- ၀မ်းထဲတွင်သွေးပါခြင်း
- လေပွခြင်း တို့ဖြစ်ပါတယ်။
♦ အရေးပေါ်အခြေအနေများ
လူကြီးများတွင် -
- နှစ်ရက်ကျော်သည်အထိ အရည်၀မ်းများ ဆက်တိုက်သွားခြင်း
- ရေဓာတ်ခန်းခြောက်ခြင်း
- ဗိုက်နှင့် စအိုနေရာတွင် မခံမရပ်နိုင်အောင်နာခြင်း
- ၀မ်းမည်းမည်းသွားခြင်း (သို့) သွေး၀မ်းသွားခြင်း
- အဖျား 102 ဒီဂရီဖာရင်ဟိုက်အထက်ရှိခြင်းတို့ဖြစ်ပါက ဆရာ၀န်နှင့် ချက်ချင်းပြသရန်လိုအပ်ပါ သည်။
ကလေးများတွင် -
- 24 နာရီအတွင်း ၀မ်းသွားသည့်အကြိမ်ရေနှင့် ပမာဏလျော့မသွားခြင်း
- အဖျား 102 ဒီဂရီဖာရင်ဟိုက် အထက်ရှိခြင်း
- ၀မ်းမည်းမည်းသွားခြင်း (သို့) သွေး၀မ်းသွားခြင်း
- အာခေါင်ခြောက်ခြင်း၊ ငိုလျှင် မျက်ရည်မထွက်တော့ခြင်း
- ပုံမှန်မဟုတ်ဘဲ မှိန်းနေခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ စိတ်တိုခြင်း
- မျက်တွင်းနှင့် ပါးများချိုင့်ခြင်း
-၀မ်းဗိုက်အရေပြားကိုဆွဲပြီး ပြန်လွှတ်ကြည့်ပါက ကျုံ့နေခြင်း တို့ကိုတွေ့ရပါက ဆရာ၀န်နှင့် ကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။
♦ စမ်းသပ်စစ်ဆေးခြင်း
၀မ်းပျက်၀မ်းလျှောဖြစ်နေကြောင်းကို အထွေထွေစစ်ဆေးခြင်းဖြင့် လည်းကောင်း၊ သောက်သုံးနေသော ဆေးများကို စစ်ဆေးခြင်းဖြင့်လည်းကောင်း၊ သွေးနှင့်၀မ်းကို စစ်ဆေးခြင်းဖြင့်လည်းကောင်း သိနိုင်ပါတယ်။
♦ ကုသခြင်း
၀မ်းပျက်၀မ်းလျှောဖြစ်သူအများစု ၂ ရက်အတွင်း သူ့အလိုလိုသက်သာသွားလေ့ရှိပါတယ်။
(၁) Probiotics (အကျိုးပြုဘက်တီးရီးယားများပါ၀င်သောဆေး)
သဘာ၀အရ အစာခြေစနစ်အတွင်းမှာ ပြင်ပက၀င်ရောက်လာမည့် ပိုးမွှားတွေရန်က ကာကွယ်ဖို့အတွက် အကျိုး ပြုဘက်တီးရီးယားတွေရှိပါတယ်။ ဒါကြောင့် ၀မ်းပျက်နေတဲ့အချိန်မှာ Probiotics ဆေးဝါးတွေကိုသောက်ခြင်းဖြင့် အကျိုးပြုဘက်တီးရီးယားကောင်ရေကိုတိုးစေပြီး အစာခြေလမ်းကြောင်းထဲရောက်နေတယ့် ပိုးမွှားတွေကို ၀ိုင်း၀န်းကူညီ သုတ်သင်ပေးနိုင်ပါတယ်။
ဒိန်ချဉ်နဲ့ဒိန်ခဲတို့မှာလည်း အကျိုးပြုဘတ်တီးရီးယားတွေဟာ ပါ၀င်ပါတယ်။
(၂) ပဋိဇီ၀ပိုးသတ်ဆေးဝါးများ
ပဋိဇီ၀ပိုးသတ်ဆေးဝါးများဟာ ဘတ်တီးရီးယားပိုးမွှားများနဲ့ ကပ်ပါးကောင်များကြောင့်ဖြစ်သော ၀မ်းလျှောခြင်းကို သက်သာစေပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ၀မ်းလျှောခြင်းကိုတော့ မကုသနိုင်ပါဘူး။
(၃) ဆုံးရှုံးသွားသော ရေဓာတ်များကို ပြန်လည်ဖြည့်တင်းပါ။
ရေ(သို့)ဓာတ်ဆားရည်(သို့)သစ်သီးဖျော်ရည်(သို့)စွပ်ပြုတ်စတာတွေကို များများသောက်ပေးပါ။
(၄) ဆေးဝါးပမဏကို ပြန်လည်ချိန်ဆပါ။
ပဋိဇီ၀ဆေးဝါးများကြောင့် ၀မ်းလျှောတယ်ဆိုရင်တော့ ဆေးပမာဏကိုလျော့ချခြင်းနဲ့ အခြားဆေးပြောင်း သောက်ခြင်းတို့ လုပ်ပေးရပါမယ်။
(၅) နောက်ခံရောဂါကို ကုသပါ။
၀မ်းလျှောတာဟာ နောက်ခံရောဂါတစ်ခုခုကြောင့်ဆိုလျှင် ဒီရောဂါကို ကုသဖို့လိုအပ်ပါတယ်။
(၆) စအိုနာကျင်ခြင်းကို သက်သာအောင်ပြုလုပ်ပါ။
၀မ်းလျှောခြင်းကြောင့် စအိုတစ်၀ိုက်အသားများ နာကျင်ခြင်းတို့ကိုသက်သာစေရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။
- နူးညံ့သော အိမ်သာသုံးစက္ကူကိုသာ သုံးစွဲပါ။
- ရေနွေးဖြင့် ရေချိုးပါ။
- ရေချိုးပြီးချိန်တွင် နူးညံ့သောအစဖြင့် စအိုတစ်၀ိုက်သုတ်ပေးပါ။ မပွတ်ပါနဲ့။
- ဗက်ဆလင်း (Vaseline), ဇင့် (Zinc) ခရင်မ်စတာတွေကိုလိမ်းပေးပါ။
- လေ၀င်လေထွက်ကောင်းသော အတွင်းခံများကို ၀တ်ဆင်ပါ။
♦ ၀မ်းလျှောနေစဉ် စားသင့်သော အစားအစာများ
ဓာတ်ဆားရည်၊ ပဲနို့၊ ကြက်စွပ်ပြုတ်၊ ရေ၊ အာလူး၊ ထမင်း၊ ခရက်ကာ၊ ပေါင်မုန်၊ ငှက်ပျောသီး၊ ကြက်သား၊ အမဲသား၊ ငါး၊ ကြက်ဥတို့ကို စားသုံးပေးသင့်ပါတယ်။
♦ ၀မ်းလျှောနေစဉ် ရှောင်ကြဉ်သင့်သော အစားအစာများ
အစေ့အဆံများ၊ သစ်သီးခြောက်နှင့် သစ်သီးအစိုများ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာထုပ်နှင့် ပဲအမျိုးမျိုး၊ အမျှင်ဓာတ် ပါ၀င်မှုများသော ကောက်ပဲသီးနှံများ၊ အဆီများသောအစားအစာများ၊ နွားနို့၊ ထောပတ်၊ ရေခဲမုန့်၊ ဒိန်ခဲ၊ အရက်၊ ကဖင်းဓာတ်ပါသော အဖျော်ယမကာများ၊ သကြားအစားထိုး အစားအစာများကို ရှောင်ကြဉ်ရပါမယ်။
♦ ၀မ်းပျက်၀မ်းလျှောမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း
၀မ်းပျက်၀မ်းလျှောဖြစ်ခြင်းမှကာကွယ်ရန် အောက်ပါနည်းလမ်းများကို လုပ်ဆောင်ပေးပါ။
- လက်ကို အစားမစားမီ၊ အစားအစာမပြင်ဆင်မီနှင့် အိမ်သာမှထွက်လာချိန်တို့တွင် ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။
- ဆပ်ပြာမရှိပါက အရက်ပျံပါ၀င်တဲ့ လက်ဆေးရည်များ (Hand Gel) ကို အသုံးပြုနိုင်ပါတယ်။
- အစားအစာများကို သင့်တော်တဲ့အပူချိန်မှာထားပေးပါ။ (သို့) ရေခဲသေတ္တာထဲမှာထည့်ထားပါ။ ချက်ပြုတ်ပြီး နောက်ပိုင်း အခန်းအပူချိန်မှာပဲထားတာက ဘက်တီးရီးယားပေါက်ဖွားမှုကို အားပေးတဲ့အတွက် အပြင်မှာကြာကြာ မထားသင့်ပါဘူး။
- အစားအစာပြင်ဆင်ချက်ပြုတ်သောနေရာကို မကြာခဏဆေးကြောပေးပါ။
♦ အခြားသော နေရာဒေသများသို့သွားရောက်လည်ပတ်ပါက ၀မ်းပျက်၀မ်းလျှောမဖြစ်စေရန်
- သေချာစွာချက်ပြုတ်ပြင်ဆင်ထားပြီး ပူနွေးသောအစားအစာများကို စားသုံးပါ။
- သန့်ရှင်းသောရေကိုသာ သောက်သုံးပါ။
- ခရီးမသွားမီ ပဋိဇီ၀ပိုးသတ်ဆေးဝါးများ ကြိုတင်သောက်သုံးထားရန် လိုမလိုကို ဆရာ၀န်နှင့် တိုင်ပင်ပါ။
Dr. Htet Htet Aung (www.drmyanmar.com)