/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/vitamin-ဆိုတာ

Vitamin A ဆိုတာ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        Vitamin A 2 မျိုးရှိပါတယ်။ Preformed vitamin A(Retinoids)ကို တိရစ္ဆာန်ထွက် ပစ္စည်းတွေမှာတွေ့ရပြီး Pro-vitamin A (Carotenoids) ကိုတော့ အပင်ထွက်ပစ္စည်းတွေမှာ တွေ့ရမှာ ဖြစ်ပါတယ်။

        Vitamin A ဟာပုံမှန်  ဆဲလ်တွေ ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်ပြီးအမြင်အာရုံအတွက် အဓိကအခန်းကဏ္ဍတစ်ရပ်အနေနဲ့  ပါ၀င်နေပေမယ့်လည်း ကိုယ်ခံအားကောင်းမွန်စေခြင်း၊ မျက်စိနဲ့ အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားရာတွင် ကူညီထောက်ပံ့ပေးနိုင်ခြင်းစတဲ့ ကျန်းမာရေးကဏ္ဍတွေမှာလည်းများစွာအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါ့အပြင် Vitamin A ဟာ အောက်ပါ ရောဂါများကိုသက်သာအောင် ကုသပေးနိုင်ခြင်း၊ မဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်းစတဲ့ အစွမ်းသတ္တိလည်းရှိပါတယ်။

 

1. ၀က်ခြံ      

2. နှင်းခူ

3. မှတ်ဉာဏ်ချို့ယွင်းလာတဲ့ရောဂါ (အယ်လ်ဇိုင်းမားစ်)       

4. အထီးကျန်စိတ်ဝေဒနာ (အော်တစ်ဇင်)

5. ညဘက်၌ကောင်းစွာမမြင်ရတဲ့ အမြင်အာရုံ ချို့ယွင်းမှုရောဂါ

6. နေလောင်ကွက် / မီးလောင်နာ

7. ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာ   

8. အရိုးပွရောဂါ

 

Vitamin A ရရှိနိုင်သောအစားအစာများ

        Vitamin A ရရှိနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်များက

1. ငါးကြီးဆီ

2. ဥအမျိုးမျိုး

3. Vitamin A ဖြည့်စွက်ထားသောကောက်နှံအစားအစာများ

4. Vitamin A ဖြည့်စွက်ထားသော နွားနို့

5. လိမ္မော်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများ

6. အသည်း (အထူးသဖြင့် အသည်းနဲ့ ငါးကြီးဆီတို့မှာ Vitamin A ပါ၀င်မှု အများဆုံးဖြစ်ပါတယ်။)

 

Vitamin A ချို့တဲ့ခြင်း၏ ဆိုးကျိုးများ

          အကြောင်းအမျိုးမျိုးကြောင့် Vitamin A ချို့တဲ့မှု ဖြစ်စေနိုင်ပါတယ်။ အစာခြေမှုစနစ်မှာရောဂါ တစ်ခုခုဖြစ်ရင် Vitamin A စုပ်ယူမှုလျော့နည်းစေနိုင်ခြင်း၊ Zinc ဓာတ်အလုံအလောက်မရရှိခြင်းကြောင့် Vitamin A ချို့တဲ့ ခြင်း၊ ရောဂါသက်သာစေတဲ့ ဆေးဝါးတွေဖြစ်တဲ့ ၀မ်းပျော့ဆေးတွေ၊ ပဋိဇီ၀ဆေးဝါးတွေနဲ့ သန္ဓေတားဆေးတွေဟာလည်း Vitamin A ချို့တဲ့စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ဟာ Vitamin A ချို့တဲ့စေတဲ့ အဓိကအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဖျားနာနေချိန် နဲ့ ကိုယ်၀န်ဆောင်နေစဉ် အတောအတွင်းမှာ Vitamin A အလုံအလောက်ရရှိဖို့ လိုအပ်ပါတယ်။

 

         Vitamin A ချို့တဲ့ခြင်းကို ဖော်ပြပါရောဂါလက္ခဏာများအရ သိရှိနိုင်ပါတယ်။

(1) ညာဘက်၌ကောင်းစွာမမြင်ရခြင်း

(2) မျက်မှေးခြောက်နာဖြစ်ခြင်း

(3) လန်းဆန်းတက်ကြွမှုမရှိခြင်း

(4) အသားရေခြောက်သွေ့ခြင်းနှင့် မျက်သားခြောက်ခြင်း

(5) ခံတွင်းပျက်ခြင်း

(6) ကိုယ်ခံစွမ်းအားစနစ်ကျဆင်းခြင်း

(7) ကြီးထွားနှုန်းနှေးကွေးခြင်း

 

Vitamin A လွန်ကဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ

          တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း Vitamin A တွေ လွန်ကဲလွန်းရင်လည်း အဆိပ်ဖြစ်စေနိုင်ပါတယ်။ HypervitaminosisAလို့ခေါ်တဲ့ Vitamin A လွန်ကဲခြင်းဟာ ဖြစ်လေ့ရှိပေမယ့်ဖြစ်ခဲပါတယ်။ Vitamin A ရယူမှု လိုအပ်တာထက် ပိုလျှံသွားခြင်းကြောင့် ဖြစ်ရတာပါ။ Vitamin A လွန်ကဲနေခြင်းကိုသိရှိနိုင်မယ့် ရောဂါလက္ခဏာတွေကတော့ -

(1) အမြင်အာရုံဝေဝါးလာခြင်း                            

(2) အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်း               

(3) လက်သည်းများကြွပ်ဆတ်လာခြင်း

(4) မူးဝေခြင်း

(5) ကတုန်ကယင်ဖြစ်ခြင်း                                  

(6) နှုတ်ခမ်းကွဲခြင်း

(7) အရေပြားယားယံခြင်း

(8) ပင်ပန်းနွမ်းနယ်ခြင်း

(9) သွားဖုံးရောင်ခြင်း

(10) ဆံပင်ကျွတ်ခြင်း

(11) ခေါင်းကိုက်ခြင်း

(12) အသည်းနဲ့ဆိုင်တဲ့ရောဂါများ ဖြစ်ခြင်း

(13) ပျို့အန်ခြင်း

        Vitamin A ကြောင့် အဆိပ်ဖြစ်ရခြင်းဟာ မွေးရာပါချို့ယွင်းချက်ပါရှိခြင်းနဲ့ အသည်းလုပ်ဆောင်ချက်များ မူမမှန်ခြင်းနဲ့လည်း ပါ၀င်ပတ်သက်နေပါတယ်။ Vitamin A လွန်ကဲခြင်းကြောင့် အရိုးသိပ်သည်းဆ (BMI) ကို လျော့နည်းစေပြီးအရိုးပွရောဂါဖြစ်နိုင်ချေကို မြင့်မားစေတဲ့အပြင် တင်ပါးဆုံရိုးကျိုးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

 

နေ့စဉ် Vitamin A လိုအပ်ချက်

        တစ်နေ့တာအတွက် Vitamin A လိုအပ်ချက်ကတော့

1. အရွယ်ရောက်ပြီးအမျိုးသားများ - 900 mcg

2. အရွယ်ရောက်ပြီးအမျိုးသမီးများ - 700 mcg

3. ကိုယ်၀န်ဆောင်မိခင်များ - 770 mcg

4. နို့တိုက်မိခင်များ - 1300 mcg တို့ ဖြစ်ပါတယ်။

 

 CMS  (www.drmyanmar.com)