သကြားစားသုံးခြင်းက ကင်ဆာပြန့်ပွားမှုကို မြင့်တက်စေသလား။
သကြားကြောင့် ကင်ဆာပြန့်ပွားနှုန်း မြင့်တက်တယ်ဆိုတဲ့စကားကို ကြားဖူးနား၀ ရှိကြတာကြောင့် တချို့သူတွေဟာ ကင်ဆာပြန့်မှာကြောက်ပြီး သကြားစားခြင်းကို ရပ်တန့်လိုက်ကြပါတယ်။
သုတေသန ပြုလုပ်ချက်တွေအရ ကင်ဆာဆဲလ်တွေဟာ ပုံမှန်ဆဲလ်တွေထက် သကြားသုံးစွဲမှု ပိုမိုမြင့်မားတယ်ဆိုပေမယ့် သကြားစားတာကြောင့် ကင်ဆာကြီးထွားနှုန်း ပိုမိုမြန်ဆန်တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရှိခဲ့ပါဘူး။
ကင်ဆာဆဲလ်တွေ အပါအ၀င် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေအားလုံးဟာ စွမ်းအင်ထုတ်လုပ်ဖို့အတွက် သကြားဓာတ် လိုအပ်ပါတယ်။ သွေးတွင်း သကြားဓာတ်ပမာဏကို အမြဲမပြတ် ပုံမှန်အတိုင်း ဖြစ်နိုင်စေဖို့ရာ ခန္ဓာကိုယ်မှာ အရန်နည်းဗျူဟာပေါင်းများစွာ ရှိပါတယ်။ ကစီဓာတ် မစားသုံးဘူးဆိုရင်တောင် ပရိုတင်းနဲ့ အဆီဓာတ်တွေကနေတစ်ဆင့် သကြားဓာတ်ရအောင် ခန္ဓာကိုယ်က လုပ်ဆောင်နိုင်ပါတယ်။
ကင်ဆာရောဂါကုသစဉ်နဲ့ နာလန်ထခါစ အချိန်များတွင် ခန္ဓာကိုယ်ကစွမ်းအင်တွေ လိုအပ်ပါတယ်။ တကယ်လို့ အစားအသောက် စားသုံးခြင်းကို ကန့်သတ်ထိန်းချုပ်လိုက်ပါက ကင်ဆာရောဂါကို တိုက်ထုတ်ပေးမယ့် စွမ်းအင်အရင်းအမြစ်တွေ ကုန်ခမ်းသွားတာနဲ့ အတူတူပါပဲ။
အခုလိုပြောတာဟာ သကြားဓာတ် မြင့်မားစွာပါ၀င်တဲ့ အစားအစာတွေစားခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သကြား စားသုံးခြင်းမှရရှိတဲ့ ကယ်လိုရီဓာတ်ဟာ များပြားလွန်းတာကြောင့် ကိုယ်အလေးချိန်တိုးခြင်း၊ အ၀လွန်ခြင်း၊ ဆီးချိုရောဂါတွေနဲ့ ဆက်စပ်နေပြီး နောက်ဆက်တွဲအနေနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)