/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဟော်မုန်းမညီမျှမှုကို-ပြသနေသော-လက္ခဏာများ-0

ဟော်မုန်းမညီမျှမှုကို ပြသနေသော လက္ခဏာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

1. အမြဲဆာလောင်နေခြင်း

        Thyroid ဟော်မုန်းက ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ပြီး ဒီဟော်မုန်းများလာရင် ကယ်လိုရီတွေမြန်မြန်လောင်ကျွမ်းပြီး ဗိုက်ပိုဆာစေပါတယ်။ Cortisol  လို့ခေါ်တဲ့ စိတ်ဖိစီးမှုများချိန်မှာထွက်လာတဲ့ ဟော်မုန်းတစ်မျိုးကလည်း ဒီလိုအချိန်တွေမှာ လောင်စာပြည့်ဝနေစေဖို့ ပိုစားစေပါတယ်။

 

2. အမွေးပေါက်တာ ပုံမှန်မဟုတ်ခြင်း

        သားဥအိမ်တွင် အရည်အိတ်များစွာဖြစ်သော ရောဂါလက္ခဏာစု (PCOS) ကြောင့် Testosterone (ကျားဟော်မုန်း) များများထွက်လာပါတယ်။ အမွေးပေါက်တဲ့ပုံစံက ယောကျာ်းလေးလိုဖြစ်လာပါတယ်။ ဆံပင်ပါးလာပြီးတော့ ခန္ဓာကိုယ်ရဲ့အခြားနေရာတွေမှာ အမွေးတွေပိုထူလာပါတယ်။ ဒီရောဂါက ဆယ်ကျော်သက်အရွယ်မှာစဖြစ်တတ်ပြီး ရာသီလာချိန်တွေမှစပြလာပါတယ်။ ရာသီပုံမှန်မဟုတ်ဘဲ များများလာတတ်ပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေတွေ့ရင် သတိထားရပါမယ်။

 

3. ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲခြင်း

ဝလာတာပဲဖြစ်ဖြစ်၊ ပိန်သွားတာပဲဖြစ်ဖြစ် အစားပုံမှန်အတိုင်းစားနေတယ်ဆိုရင် ဒါကဟော်မုန်းမညီမျှမှုကိုပြတဲ့ လက္ခဏာပါ။ PCOS ရောဂါက cortisol (သို့) testosterone ဟော်မုန်းတွေထွက်လာစေပြီး “ဝ”လာစေပါတယ်။ Thyroid ဟော်မုန်းအရမ်းများရင်တော့ ရုတ်တရက်ကိုယ်အလေးချိန်ကျသွားတတ်ပါတယ်။

 

4. စိတ်အလိုမကျခြင်း

        ရာသီလာခါနီးအချိန်နဲ့ သွေးဆုံးပြီးချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်မတည်မငြိမ်ဖြစ်တတ်ကြပါတယ်။ Thyroid ဟော်မုန်းကလည်း စိတ်ခံစားမှုကိုထိန်းချုပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေမှာ စိတ်တိုပြီးစိတ်ပူပန်မှုများစေပြီး ဒီဟော်မုန်းနည်းတဲ့ရောဂါရှိသူတွေမှာတော့ စိတ်ဓာတ်ကျပြီး မတုန်မလှုပ်ဖြစ်တတ်ကြပါတယ်။

 

5. လိင်စိတ်လျော့ကျခြင်း

        မျိုးပွားအင်္ဂါတွေကို gonadal axis (ဝင်ရိုး) ကနေပြီး ဦးနှောက်အတွင်းရှိဟော်မုန်းထုတ်လုပ်မှုနဲ့ဆိုင်တဲ့ pituitary gland နဲ့ hypothalamus ဆီကိုဆက်သွယ်ထားပါတယ်။ ဒီသုံးမျိုးကဆက်စပ်နေပြီး တစ်ခုခုမှာပြဿနာရှိရင် လိင်ဆက်ဆံလိုစိတ်ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် ကျား၊ မ ဟော်မုန်းတွေဖြစ်တဲ့ testosterone နဲ့ oestrogen တွေ ပုံမမှန်ဖြစ်စေပါတယ်။ Oestrogen, Testosterone အလွန်နည်းခြင်း (သို့) သိုင်းရွိုက်ဟော်မုန်းအတက်အကျတွေကြောင့် လိင်စိတ်ကိုကျစေပါတယ်။

 

6. ပင်ပန်းနွမ်းနယ်ခြင်း

        ဟော်မုန်းအပါအဝင် ခန္ဓာကိုယ်တွင်းကစနစ်တွေ ပုံမှန်မလည်ပတ်တော့ဘူးဆိုရင် စွမ်းအင်တွေ ကုန်ဆုံးလာစေပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းရင် အရာရာလေးလံနေပြီး များရင်လည်း အရမ်းတက်ကြွလွန် နေစေပါတယ်။ ဒီနှစ်မျိုးလုံးက လူကိုပင်ပန်းနွမ်းနယ်နေစေပါတယ်။ စွမ်းအင်နဲ့ လောင်စာတွေလုံလောက်စွာ မရှိရင် ကြွက်သားတွေက အဆမတန်အလုပ်လုပ်ရပြီး အားအင်ကုန်ခမ်းမောပန်းစေပါတယ်။

 

7. အိပ်စက်ချိန် ပုံမှန်မဟုတ်ခြင်း

        ခန္ဓာကိုယ်အနားရဖို့ အိပ်ချိန်မလုံလောက်ရင် ဟော်မုန်းတွေလည်း မညီမျှဖြစ်တတ်ပါတယ်။ သွိုင်းရွိုက်အလွန်အကျွံလှုံ့ဆော်မှုများခြင်းက အိပ်မပျော်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတိုင်း ပုံမှန်ထက်ပိုပြီးလှုပ်ရှားနေသောကြောင့် အိပ်မပျော်ဘဲနိုးနေပါတယ်။ သွိုင်းရွိုက်နည်းတဲ့ရောဂါမှာတော့ လေးလံထိုင်းမှိုင်းပြီး အလွန်အကျွံအိပ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုအိပ်ချိန်ပုံမမှန်ရင် စစ်ေ်ဆးကြည့်ရပါမယ်။

 

8. ဦးနှောက်ပြဿနာများ

        ကြီးထွားမှုဟော်မုန်းတွေက ဦးနှောက်ကိုအားပေးပါတယ်။ ဒါကြောင့် ဒီဟော်မုန်းနည်းရင် မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်စေပါတယ်။ သွိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့် သတင်းအချက်အလက်တွေကို မှတ်မိဖို့ခက်ခဲပြီး စိတ်ပိုင်းဆိုင်ရာနှေးကွေးလေးလံခြင်းတွေဖြစ်စေပါတယ်။

 

9. အရိုးအားနည်းခြင်း

        အရိုးတွေသန်မာစေဖို့အတွက် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D ကနေ Calcitriol ဆိုတဲ့ဟော်မုန်းအဖြစ်ပြောင်းလိုက်ပါတယ်။ Parathyroid ဟော်မုန်းက သွေးထဲမှာရှိတဲ့ ကယ််လ်ဆီယမ်ကိုထိန်းချုပ်ပြီး အရိုးကျန်းမာရေးအတွက်အရေးပါ,ပါတယ်။

Dr. Mya Myo Myo Swe  (www.drmyanmar.com)