/
node/11207

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအစားအသောက်ကို ရှောင်ကြဥ်သင့်သလဲ ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကဖင်းဓာတ်ပါ၀င်သော အစားအသောက်များ

        ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ ချောကလက်နဲ့ အားဖြည့်အချိုရည်တွေမှာ ကဖင်းဓာတ် ပါ၀င်ပါတယ်။ ကဖင်းဓာတ် အလွန်အကျွံမှီ၀ဲမိရင် ကိုယ်၀န်ပျက်ကျနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် ကိုယ်၀န်ဆောင်စဉ်မှာ တစ်နေ့ကို ကော်ဖီတစ်ခွက် (ကဖင်းဓာတ် 200 mg) သာ သောက်သုံးသင့်ပါတယ်။

 

ငါးအစိမ်း၊ မကျက်တကျက် အသားငါး

        မချက်မပြုတ်ဘဲ စားရတဲ့အသားတွေနဲ့ မကျက်တကျက်ချက်ထားတဲ့ အသား၊ ပင်လယ်စာ စတာတွေဟာ ကိုယ်၀န်ဆောင်စဉ်မှာ လုံး၀ရှောင်ရှားသင့်တဲ့ အစားအစာတွေပါ။ အဲဒီအစားအစာတွေမှာ Toxoplasma နဲ့အခြားသော ဘက်တီးရီးယားပိုးတွေရှိနေနိုင်တာကြောင့် အစာအဆိပ်သင့်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်၀န်ဆောင်စဉ် ကာလတလျှောက်လုံး ငါးနဲ့ပင်လယ်စာတွေကို ကျက်အောင်သေချာစွာ ချက်ပြုတ်ပြီးမှ စားရမယ်လို့ FDA က အကြံပြုထားပါတယ်။

 

အကင်များနှင့် ကျပ်တိုက်ထားသောအသားများ

        အကင်များ၊ ကျပ်တိုက်ထားသောအသားများ၊ ရေခဲသေတ္တာထဲမှာ အကြာကြီးသိမ်းဆည်းထားတဲ့ ပင်လယ်စာများမှာ အစာအဆိပ်သင့်တာကို ဖြစ်စေတဲ့ Listeria ပိုးမွှားများပေါက်ဖွားနေနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်ပြီး သေသေချာချာချက်ပြုတ်ထားသော အသားငါးတွေကိုသာ စားသင့်ပါတယ်။

 

အရက်

        ကိုယ်၀န်ဆောင်ချိန်မှာ အရက်သောက်တာကြောင့် သနေ္ဓသားပေါ်မှာ ပြင်းထန်ဆိုးရွားတဲ့ ထိခိုက်မှုများ ရှိလာပါတယ်။ အရက်အလွန်အကျွံသောက်တာကို မဆိုထားနှင့်၊ နည်းနည်းလောက်သောက်တာနဲ့တင် သနေ္ဓသားအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ 

 

အေးခဲထားသော အသားစဉ်းကောများ

        ရေခဲသေတ္တာထဲမှာ အကြာကြီးသိမ်းထားတဲ့ အသားစဉ်းကောများဟာ ပုပ်သိုးလွယ်ပြီး Listeria ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်ခြင်းကြောင့် သနေ္ဓသားအတွက် အန္တရာယ်ရှိပါတယ်။

 

မာကျူရီဓာတ်ပါသောငါးများ

          မာကျူရီဓာတ်ဟာ သနေ္ဓသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် Omega 3 ပါ၀င်ပြီး မာကျူရီဓာတ်နည်းပါးသော ဆာဒင်းငါးနဲ့ တူနာငါးများကိုသာ ရွေးချယ်စားသုံးပါ။

 

အသင့်စားသုံးနိုင်သော ဒိန်ခဲအပျော့

        ဒိန်ခဲအမာတွေကို သေချာကျက်အောင် ကျိုထားတဲ့နွားနို့နဲ့ပြုလုပ်လေ့ရှိပေမယ့် ဒိန်ခဲအပျော့ကိုတော့ နွားနို့အစိမ်းနဲ့သာပြုလုပ်ထားပါတယ်။ ဒါကြောင့် Ecoli နဲ့ အခြားပိုးမွှားများရှိနေနိုင်ပြီး အစာအဆိပ်သင့်ရုံသာမက ကိုယ်၀န်ပျက်ကျတဲ့အထိ ဖြစ်နိုင်တာကြောင့် သတိပြုစားသုံးသင့်ပါတယ်။

 စားကြွင်းစားကျန်များ

        စားသောက်ဆိုင်မှာ စားလို့ကျန်တဲ့အစားအစာများကို အိမ်သို့ပြန်သယ်မလာပါနဲ့။ ကားရဲ့ အပူချိန်ကြောင့် ထုတ်ပိုးထားသောအစားအစာများမှာ ဘက်တီးရီးယား ပိုးမွှားများပေါက်ဖွားနှုန်းကို အားပေးပါတယ်။

 

ကွတ်ကီးမုန့်ပြုလုပ်ရန်အတွက် ပြင်ဆင်ထားသော ဂျုံကြမ်း

        ဒါကတော့ ကွတ်တီးလုပ်ရတာကို ဝါသနာပါတဲ့ ကိုယ်၀န်ဆောင်မိခင်များ အထူးသတိပြု သင့်တဲ့အချက်ပါ။ ကွတ်ကီးပြုလုပ်နေရင်းနဲ့ ပြင်ဆင်ထားတဲ့ဂျုံကြမ်းကို ပါးစပ်ထဲထည့်မိလေ့ရှိပါတယ်။ အဲဒီဂျုံကြမ်းမှာ ကြက်ဥစိမ်းပါတာကြောင့် ဘက်တီးရီးယားပိုးမွှားများလည်း ပါ၀င်နေပါတယ်။ ဒါကြောင့် ကွတ်ကီးပြုလုပ်နေစဉ်မှာ ဂျုံမှုန့်ကို မမြည်းမိအောင် ဂရုစိုက်ပါ။

 

အိမ်တွင်ပြုလုပ်သောဆော့စ်များ

        ကြက်ဥစိမ်းများပါ၀င်တဲ့ အိမ်လုပ်ဆော့စ်များအစား ပိုးသတ်ထားသော ကြက်ဥဖြင့်ပြုလုပ်ထားသော ကျန်းမာရေးနှင့်ညီညွတ်သည့် ဆော့စ်များကိုသာရွေးချယ်ပေးပါ။

 

ကြက်ကောင်လုံးအစာသွပ်

        အစာသွပ်ထားတဲ့ ကြက်သား သို့မဟုတ် ကြက်ဆင်သားဟာ အရသာရှိလှသော်လည်း သေချာ ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။ အသားမှထွက်လာသောအရည်နှင့် သွပ်ထားသောအစာများကြောင့် ဘက်တီးရီးယား ပိုးမွှားများ ပေါက်ဖွားနိုင်ပါတယ်။ ဒါ့ကြောင့် အပူချိန် 180 ဒီဂရီမှာထားပြီး ချက်ပြုတ်ထားတဲ့ ကြက်ကောင်လုံး အစာသွပ်ကိုသာ ရွေးချယ်စားသုံးပါ။

 

ဟင်းသီးဟင်းရွက်အစိမ်းများ

        ပဲပင်ပေါက်၊ မုန်လာဥစတာတွေကို အစိမ်းမစားပါနဲ့။ ၎င်းတို့မှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေက ရေဖြင့်ဆေးကြောရုံနဲ့ မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် သေချာကြော်လှော် ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။

 

ကြက်ဥစိမ်းဖြင့် ပြုလုပ်ထားသော သားရေစာများ

        ပူတင်းစတဲ့ သရေစာများလုပ်တဲ့အခါ ကြက်ဥ၊ ဘဲဥအစိမ်းများကိုသာ သုံးလေ့ရှိတာကြောင့် Salmonella ပိုးတွေပါ သွားတတ်ပါတယ်။ ဒါကြောင့် ပူတင်းလုပ်တဲ့အခါမှာ သေချာ ပိုးသတ်ထားတဲ့ နွားနို့နဲ့ကြက်ဥတို့ကိုသုံးပြီး အပူချိန် 160 ဒီဂရီထိ ပေါင်းသင့်ပါတယ်။

 

သေသေချာချာ မကျိုထားသောနွားနို့

        သေချာမကျိုထားသောနွားနို့များတွင် Listeria နဲ့ Ecoli တို့ ပါ၀င်တာကြောင့် အစာအဆိပ်သင့်တာအပြင် ကိုယ်၀န်ပျက်ကျသည်အထိ ပြင်းထန်နိုင်ပါတယ်။

 

 Dr. Htet Htet Aung  (www.drmyanmar.com)