/
node/6079

ကိုယ်ဝန်မဆောင်ခင်နှင့် ဆောင်နေစဉ်အတွင်း ထိုးနှံထားသင့်သော ကာကွယ်ဆေးများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ကာကွယ်ဆေးတွေက အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်ပြီးတော့ တုပ်ကွေး၊ အသည်းရောင်အသားဝါနဲ့ ရေကျောက် စတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်တော့ မိခင်ရောကလေးကိုပါ ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးသင့်တဲ့ ကာကွယ်ဆေးများစွာ ရှိပါတယ်။

          ဒီထဲကမှ အချို့ကာကွယ်ဆေးတွေက ကိုယ်ဝန်မဆောင်ခင်ထိုးရင် စိတ်ချရပြီး အချို့ကတော့ ကိုယ်ဝန်ဆောင်နေစဉ်ထိုးမှ စိတ်ချရပါတယ်။ ဘယ်ကာကွယ်ဆေးမဆို မထိုးခင်မှာ အရင်က ထိုးဖူးပြီးသားလားဆိုတာကို သိထားသင့်ပါတယ်။

          ဒါကို သိဖို့အတွက်ဆိုရင် ကျောင်းကာကွယ်ဆေးမှတ်တမ်းတွေ၊ ဆေးခန်း၊ ဆေးရုံ စတာတွေမှာ ကာကွယ်ဆေးထိုးထားတဲ့မှတ်တမ်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသွားဖို့ အစီအစဉ်ရှိတယ်ဆိုရင် ကိုယ်သွားမယ့်နိုင်ငံမှာ လိုအပ်တဲ့ကာကွယ်ဆေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီကာကွယ်ဆေးထိုးဖို့ စိတ်ချရ၊ မရ ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။

>>    ကိုယ်ဝန်ဆောင်ချိန်မတိုင်မီ ထိုးသင့်သော ကာကွယ်ဆေးများ

●        MMR - ဝက်သက်၊ ပါးချိတ်ရောင်နဲ့ rubella ကာကွယ်ဆေးတွေကို ကလေးဘဝကတည်းက ထိုးတဲ့ ကာကွယ်ဆေးတွေမှာ ပါဝင်ပြီးသားပါ။ ဒါပေမဲ့လည်း ဒီကာကွယ်ဆေး မထိုးဘူးသေးဘူး ဆိုရင်တော့ အထူးသဖြင့် rubella က ကလေးမှာ တစ်သက်တာလုံးအတွက် ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးကို ဖြစ်စေနိုင်တဲ့အတွက် ကာကွယ်ဆေးထိုးထားဖို့ အရေးကြီးပါတယ်။

●        Rubella ကာကွယ်ဆေးကို ကိုယ်ဝန်ယူဖို့ မကြိုးစားမီ တစ်လလောက်ကတည်းက ထိုးထားသင့်ပါတယ်။ TDap- the TDap ကာကွယ်ဆေးက မေးခိုင်၊ ဆုံဆို့နဲ့ ကြက်ညှာချောင်းဆိုးရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒီကာကွယ်ဆေးကိုတော့ ကိုယ်ဝန်မဆောင်မီ (သို့) ကိုယ်ဝန် အပတ် ၂၀ ကျော်ရင် ထိုးနိုင်ပါတယ်။

●        ရေကျောက်ကလည်း ကလေးဘဝမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ခံရပါက မွေးရာပါ ချို့ယွင်းမှုတွေ (သို့) ကိုယ်ဝန်ဆောင် နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ MMR နဲ့အတူ ဒီကာကွယ်ဆေးတွေကိုလည်း ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားခင် အနည်းဆုံး တစ်လလောက် ကြိုထိုးထားသင့်ပါတယ်။

 

>>    ကိုယ်ဝန်ဆောင်စဉ် ထိုးရမည့် ကာကွယ်ဆေးများ

●        အသည်းရောင် အသားဝါ B - ဒါကတော့ ပိုးရှိတဲ့ သွေး (သို့) ခန္ဓာကိုယ် အရည်တွေကနေတစ်ဆင့် ကူးစက်တဲ့ ပြင်းထန်တဲ့ အသည်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးရှိတဲ့ မိခင်ကနေ သနေ္ဓသားကို ပိုးကူးစက်နိုင်ချေ များပါတယ်။ ကာကွယ်ဆေးက ကလေးကို မကူးစက်အောင် ကာကွယ်နိုင်ပါတယ်။

●        တုပ်ကွေး ကာကွယ်ဆေး - ကိုယ်ဝန်ဆောင် ဘယ်အချိန်မှာမဆို တုပ်ကွေးကာကွယ်ဆေးကို စိတ်ချစွာ ထိုးနိုင်ပြီးတော့ တုပ်ကွေးရာသီဖြစ်တဲ့ အောက်တိုဘာကနေ မေလအတွင်းမှာထိုးဖို့ အကြံပြုထားပါတယ်။

>>    ကာကွယ်ဆေးများနှင့် အော်တစ်စင် (Autism)

          လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လေ့လာမှုတစ်ခုမှာ MMR ကာကွယ်ဆေးက ကလေးတွေကို Autism ဖြစ်စေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပြီးနောက်မှာတော့ ပုဂ္ဂလိကနဲ့ အစိုးရ ကျန်းမာရေးစင်တာတွေက ဒီလေ့လာမှုကို ပြန်လည်ဖန်တီးဖို့ ကြိုးစားခဲ့ပြီး ဘာရလဒ်မှ မရရှိခဲ့ပါဘူး။ ဒီအပေါ် မူတည်ပြီး ဆေးပညာ အသိုင်းအဝိုင်းက ကာကွယ်ဆေးနဲ့ အော်တစ်စင် ဘာမှဆက်သွယ်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

          နောက်ဆုံး ကောက်ချက်ကတော့ MMR ကာကွယ်ဆေးကို ကလေးကိုထိုးဖို့ စိတ်ချရရုံသာမက ကျန်းမာရေးဝန်ထမ်းအများစုက ထိုးဖို့ကို အကြံပြုထားပါတယ်။ ဒီကာကွယ်ဆေး မထိုးတာကသာ ကလေးအတွက် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကို ရရှိစေနိုင်ပါတယ်။

          အမျိုးသမီးအများအပြားက အခုအချိန်အထိ ကာကွယ်ဆေးနဲ့ အော်တစ်စင်ရောဂါနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတုန်းပါပဲ။ သူတို့က ကာကွယ်ဆေးထိုးဖို့ တွန့်ဆုတ်တာ၊ ကာကွယ်ဆေး မထိုးတာ (သို့) ကာကွယ်ဆေးထိုးဖို့ ရက်နောက်ကျတာတွေ ရှိနေပါတယ်။

          ဒီတော့ သုတေသနတွေကိုကြည့်ပြီး မိခင်နဲ့ကလေးအတွက် အကောင်းဆုံးတွေကို သင်ယူဖို့ လိုပါတယ်။ ကိုယ့်မှာ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေ ပိုရှိတယ်ဆိုရင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ ပိုပြီးယုံကြည်မှု ရှိလာပါမယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)








 









Dr. Mya Myo Myo Swe (www.drmyanmar.com)