မွေးဖွားချိန်တွေ သာယာဖို့ ကြိုတင်ကာကွယ်ကြပါစို့..
မိခင်တယောက်ဖြစ်လာတော့မယ်ဆိုတဲ့ခံစားချက်က မေမေအလောင်းအလျာလေးတွေကို တကယ့်ကို ထူးခြားရင်ခုန်စေပါတယ်။ မကြာခင်မိခင်ဘဝခံယူတော့မယ့်ကိ်ုယ်ဝန်သည်လေးတွေကို တခြားမိခင်တွေရဲ့ ကိုယ်တွေ ့ ဖြစ်ရပ်လေးတွေနဲ့ ယှဉ်လို့ အသိပညာပေးပါရစေ။
• ဟန်လေးဟာ မွေးပြီး တစ်ပတ်လောက်နေတော့ ရင်ဘတ်တွေအောင့် ခေါင်းတွေထိုးကိုက်ပြီး နေမရထိုင်မရဖြစ်လာပါတယ်၊ဆရာဝန်ပြသဆွေးနွေးလိုက်တဲ့အခါ မီးဖွားပြီးချိန်မှာဖြစ်တဲ့ မီးတွင်းသွေးတက်ရောဂါပါတဲ့။ သွေးပေါင်ချိန်ဆောင့်တက်သွားပြီး သူမဟာ အရေးပေါ်ဌာနမှာ ဆေးသွင်းကုသမှုယူခဲ့ရပါတယ်။ ကိုယ်ဝန်ဆိပ်တက် ရောဂါအကြောင်းသာမက မီးတွင်းသွေးတက်ပါဖြစ်တတ်ကြောင်း အသက်အန္တရာယ်ပါနီးကြောင်း ကြိုတင်ဗဟုသုတရှိထားသင့်တယ်နော်။
• မွေးပြီး သုံးရက်အကြာမှာ အချင်းကျန်တာကြောင့် သွေးဆင်းတဲ့အပြင်ချမ်းဖျားတွေထလာတဲ့ ခင်ခင်တယောက် သားအိမ်ခြစ်ကုသမှုယူခဲ့ရပါတယ်။ ဖျားရင် သွေးဆင်းများရင် မပေါ့ရဘူးနော်။
• တဝေးတလံကဆေးရုံမှာ အပ်ထားတယ်။ မွေးခါနီးတော့ သွားစရာယာဉ်အဆင့်သင့်မရှိဘူး။ မြလေးတယောက် နီးရာဆေးခန်းမှာပဲ အရေးပေါ်မွေးလိုက်ရတယ်။ ကိုယ့်ကိုယ်ဝန်အပ်မယ်ဆိုရင် သွားရေးလာရေးလွယ်ကူပြီး အရာအားလုံးပြင်ဆင်စနစ်ကျနေမှ အဆင်သင့်ဖြစ်မယ်နော်။ အရေးပေါ်မွေးလိုက်ရရင် ကိုယ့်ကိုယ်ဝန်အကြောင်း ဘာမှမသိတဲ့နေရာမှာဆို ကုရတဲ့ဆရာဝန်ဆရာမအခက်တွေ့တာပေါ့။ နီးနီးနားနား မှာ ဗိုက်အပ်နော်။ လစေ့ခါနီးရင် ယာဉ်ရထား စီစဉ်ထား။
• သားဖွားဆရာမ ဆရာဝန်ကို နားထောင်ပေးမယ့်သူရှာပါ။ သိပ်အလုပ်ရှုပ်လွန်းသူ။ မိမိပြောသမျှ ပြဿနာတွေကိုနားမထောင်နိုင်သူကို တိုင်ပင်မိတဲ့အခါ ကိုယ်သိချင်တာလည်း မသိရ။ စိတ်လည်းညစ်ရပါတယ်။ မေလေးဟာ ကိုယ်ဝန်ဆောင်ချိန်အလွန်အကျွံအန်နေပေမယ့် သူအပ်ထားတဲ့ ဆရာဝန်က သူ့ကိုဂရုမစိုက်ပဲ စိတ်မရှည်ဘူးထင်မိတော့ မပြတော့ပဲ ပေနေခဲ့ရင်း ဆေးရုံရောက်ရပါတယ်။ ကိုယ့်ပြသနာတွေနားထောင်မယ့် အချိန်ပေးနိုင်မယ့် ကိုယ်စိတ်ကျေနပ်အားကိုးမယ့် ဆရာဝန်ကို သေချာ ရွေးနော်။
• မသန့်က နယ်မှာနေတာပါ။ ရွာနဲ့မြို့ကနီးနီးလေး။ ကလေးထွားလို့ မွေးရခက်မှာမှန်းသိသိကြီးနဲ့ ရွာကဆရာမနဲ့ဇွတ်မွေးတယ်။ မွေးချိန်ကြာပြီး ကလေးကထွက်သွားပေမယ့် သွေးတွေတရဟောသွန်တယ်။ မြို့ကို ချက်ချင်းတက်လာရပြီး ဆေးရုံကြီးကိုအရေးပေါ်တင်လိုက်ရပြီးနောက် ကုသမှုပေး သွေးပါသွင်းလိုက်ရတယ်။ ကံကောင်းလို့သားအိမ်မထုတ်ရတာ။ ဒီတော့ ဘာထူးသေးလဲ မမတို့။ အစကတည်းက အန္တရာယ်ရှိတဲ့ကိုယ်ဝန်မှန်းသိရင် စိတ်ချကောင်းမွန်တဲ့ နေရာတနေရာမှာ စိတ်ချရတဲ့ ကျွမ်းကျင်သားဖွားမီးယပ်ဆရာဝန်နဲ့ မွေးလိုက်မယ်ဆိုရင် ဘယ်လောက်တောင် အရှူပ်ထုပ်တွေ ရှောင်ပြီးသား ဖြစ်မလဲနော်။ အခုတော့ အချိန်ကုန်ငွေကုန်လူပန်းတာပါပဲ။
• ရိုးရိုးဆရာဝန်ထက် သားဖွားမီးယပ်ဆရာဝန်ကတော့ ပိုမိုကျွမ်းကျင်တာပေါ့။ အရပ်ထဲကဆရာဝန်က လိုအပ်လို့ ဗိုက်ကို သားဖွားမီးယပ်ကိုပြပါလို့ပြောရင် ဆရာပဲကြည့်ပေးပါလို့ ဇွတ်မပြောပါနဲ့။ ပညာရှင်အချင်းချင်း လိုအပ်လို့လွှဲအပ်ကုသတဲ့နေရာကို ရောက်အောင်သွားပြပါ။ကိုယ်ဝန်ဆောင်ချိန် မွေးဖွားချိန်နဲ့ ပြသနာအထွေထွေကို ရှောင်ပြီးဖြစ်ပါလိမ့်မယ်။
• နောက်တခုက ကိုယ်ဝန်ဆောင်နဲ့ အာဟာရဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်လေးတွေ အာဟာရပြည့်ဝကျန်းမာအောင်ဘာစားသင့််လဲဆိုတာ ကြည့်ရှုစောင့်ရှောက်နေတဲ့ ဆရာဝန်ဆရာမ ကို တိုင်ပင်ပါ၊ အာဟာရပြည့်ဖို့ သံဓာတ်အားကောင်းဖို့ ဘာတွေစားရမလဲဆိုတာ မိသားစုရော ကိ်ုယ်ဝန်ဆောင်လေးရောသိရမယ်နော်။
• ပရိုတင်းအသားဓာတ်နဲ့ သံဓာတ်ပြည့်ဝအောင်စားပေးရမယ် အစားအစာတွေက အမဲသား၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းနုနွယ်၊ ကန်ဇွန်း၊ မုန်လာ၊ အာလူး၊ ကွာစေ့လှော်၊ နေကြာစေ့၊ သံပရာ၊ ရှောက်သီး နဲ့ ပဲအမျိုးမျိုး တို့ဖြစ်ပါတယ်။
• နောက်ဆုံးအနေနဲ့ မေးခွန်းမေးပါ။ သားလားသမီးလားနဲ့တင်ရပ်မသွားပါနဲ့။ ဆရာဝန်ကိုဆရာမကို မေးပါ။ ဒီကိုယ်ဝန်မှာ နောက်ဆက်တွဲအကျိုးဆက်တွေ ဘာတွေရှိနိုင်လဲ။ သွေးလိုအပ်တဲ့အချိန်အဆင့်သင့်ရှိပါ့မလား။ မွေးရင်ဘာတွေကြုံနိုင်လဲ။ မွေးပြီးတဲ့အခါ သတိထားရမှာ ဘာတွေလဲ ။ အချင်းနေရာမှန်လား။ ကလေးနေရာမှန်လား။ ဘယ်မှာမွေးရင်အဆင်ပြေမလဲ။စေ့စေ့စပ်စပ် အကုန်တိုင်ပင်ဆွေးနွေးထားခြင်းဖြင့် မီးဖွားချိန်မှာကြုံရမယ့် ကသိကအောင့်အရာတွေကို ကောင်းကောင်းရှောင်နိုင်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)






























