/
node/6494

ကလေးမွေးကာနီးပြီလားဆိုတာ ဘယ်လိုသိနိုင်သလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲမှာတော့ ကလေးမွေးရတာအရမ်းမြန်ပြီးတော့ ဇာတ်ဆန်ပါတယ်။ အမေက ဗိုက်နာလာပြီးတာနဲ့ ကလေးထွက်လာတော့တာပဲ။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလောက်မမြန်ပါဘူး။ မွေးဖို့အချိန်ကြာပါတယ်။ ပြီးတော့ မွေးခါနီးအစောပိုင်းလက္ခဏာတွေဆိုရင် သိပ်တောင်မသိသာပါဘူး။ ဒီတော့ မွေးကာနီးမှာပြတတ်တဲ့လက္ခဏာလေးတွေကိုမေမေတွေသိထားဖို့ ပြောပြချင်ပါတယ်။

1. Effacement - သားအိမ်ခေါင်းပါးလာခြင်း

မမွေးခင်မှာဆိုရင်သားအိမ်ရဲ့အောက်ပိုင်းမှာရှိတဲ့သားအိမ်ခေါင်းက 3.5-4 cm ရှည်ပါတယ်။ မွေးခါနီးလာတဲ့အခါမှာ သားအိမ်ခေါင်းက ပျော့လာမယ်၊ တိုလာမယ် ပါးလာပါမယ်။ ဒီအချိန်မှာ မအီမသာခံစားရမယ့် သားအိမ်ကပုံမှန်မဟုတ်တဲ့ ညှစ်တာတွေခံစားရမယ် ဒါမှမဟုတ်လည်း ဘာမှခံစားချင်မှလည်းခံစားရပါမယ်။

သားအိမ်ခေါင်းပါးလာတာကို ဆေးပညာအရဆိုရင်တော % နဲ့ပြောပါတယ်။ 0% ဆိုရင် သားအိမ်ခေါင်းက အနည်းဆုံးတော့ 2 cm လောက်ရှည်သေးပြီးတော့ထူနေပါသေးတယ်။ ရိုးရိုးမွေးဖို့ဆိုရင် မမွေးခင်မှာ သားအိမ်ခေါင်းက 100% ပါးပြီးတိုလာရပါမယ်။

2. Dilatation- သားအိမ်ခေါင်းပွင့်ခြင်း

မွေးခါနီးနောက်ထပ်လက္ခဏာတစ်ခုကတော့ သားအိမ်ခေါင်းပွင့်လာတာပါ။ သားအိမ်ခေါင်းပွင့်တာကို ဆရာဝန်၊ ဆရာမ၊ သားဖွားဆရာမတွေက cm န့ဲတိုင်းပါတယ်။ 0cm  ဆိုရင် လုံးဝမပွင့်သေးဘူး။ 10 cm ဆိုရင် သားအိမ်ခေါင်းအပြည့်ပွင့်ပြီလို့ပြောတာပါ။ ပထမပိုင်းမှာတော့ သားအိမ်ခေါင်းအပြောင်းအလဲကနှေးပေမယ့်လည်း မွေးကာနီးလာတာနဲ့အမျှပိုမြန်လာပါတယ်။

3. မိန်းမကိုယ်မှအချွဲဆင်းတာပိုများလာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ထဲကိုဘက်တီးရီးယားပိုးတွေမဝင်အောင်ကာကွယ်ဖို့အတွက် သားအိမ်ခေါင်းအဝမှာ အချွဲပျစ်ပျစ်တွေနဲ့ပိတ်ဆို့ထားပါတယ်။ မွေးခါနီးလတွေရောက်ရင် ဒီအချွဲတွေက မွေးလမ်းကြောင်းထဲကိုထွက်လာတဲ့အတွက် ပန်းရောင် (သို့) သွေးရောင်နည်းနည်းလွှမ်းတဲ့ (သို့) အကြည်ရောင် ချွဲတွေပိုဆင်းလာတတ်ပါတယ်။ ဒီလိုချွဲတွေဆင်းတာက မမွေးခင် ရက်အတော်ကြာကတည်းကဖြစ်နိုင်သလို မွေးခါနီးမှလည်းဖြစ်နိုင်ပါတယ်။

** သွေးဆင်းများတာကတော့ ပြသနာတစ်ခုခုကြောင့်ဖြစ်နို်င်တဲ့အတွက် ဆရာဝန်၊ ဆရာမနဲ့ပြသပါ။

4. အားအင်များပြည့်ဝလာခြင်း

မနက်ခင်းမှာ အားအင်တွေအပြည့်နဲ့ အိမ်မှာစားစရာတွေအပြည့်ဝယ်ဖြည့်ချင်တဲ့စိတ်၊ ကလေးအတွက် အဝတ်အစားရောင်စုံလေးတွေဝယ်ချင်တဲ့စိတ်နဲ့နိုးထလာတတတ်ပါတယ်။ ဒါကတော့ မိခင်တွေရဲ့အာရုံရမှုပါ။ ဒီလိုစိတ်က ကို်ယ်ဝန်ဆောင်ဘယ်အချိန်မှာမဆိုပေါါ်လာနိုင်ပေမယ့်လည်း အချို့မိခင်တွေအတွက် ဒါက မွေးခါနီးတဲ့လက္ခဏာတစ်ခုပါ။ လုပ်ရမှာတွေကိုလုပ်ပါ။ ဒါပေမယ့်အားအကုန်မသုံးလိုက်ပါနဲ့၊ မွေးဖွားတဲ့အချိန်မှာအားသုံးဖို့ချန်ထားပါဦး။

5. ကလေးအောက်ဆင်းလာတယ်လို့ခံစားရခြင်း

ကလေးခေါင်းက သားအိမ်အရိုးကွင်းထဲကိုလာစိုက်တဲ့အခါမှာ ဗိုက်ထဲမှာပေါ့သွားသလိုခံစားရတတ်ပါတယ်။ ဒီလိုပြောင်းလဲမှုမျိုးကို မွေးခါနီး ရက်သတ္တပတ်အနည်းငယ်ကနေပြီးတော့ နာရီအနည်းငယ်အတွင်းခံစားရလေ့ရှိပါတယ်။

6. ရေမွှာပေါက်ခြင်း

ကလေးလေး မိခင်ဗိုက်ထဲမှာရှိတဲ့အချိန်မှာ ရေမွှာရေတွေအပြည့်ရှိတဲ့ရေမွှာအိတ်နဲ့ကလေးကို ကာကွယ်ပေးထားပါတယ်။ မွေးဖို့စလာပြီ (သို့) မွေးတော့မယ်ဆိုရင် ရေမွှာအိတ်အမြှေးပါးပေါက်ထွက်ပြီးတော့ ရေတွေထွက်ကျလာတာကိုရေမွှာပေါက်တယ်လို့ ခေါ်ပါတယ်။ ရေမွှာပေါက်ပြီဆိုရင် မိန်းမကိုယ်ကနေပြီးတော့ ရေတွေတစ်စက်စက်ဆင်းလာတာ (သို့) ရေပွက်ခနဲဆင်းလာတာမျိုးကိုခံစားရပါလိမ့်မယ်။ ရေမွှာရေဆင်းတာလား ဆီးထွက်တာလာ်း မသေချာဘူးဆိုရင်တော့ ဆေးခန်းအမြန်သွားလိုက်ပါ။

ရေမွှာပေါက်ထွက်သွားပြီဆိုရင်တော့ အချိန်ကအရေးကြီးလာပါပြီ။ ရေမွှာပေါက်ချိန်ကြာလာတဲအ့ခါမှာ ကလေးရောမိခင်ပါ ရောဂါပိုးဝင်နိုင်ချေများပါတယ်။ သူ့ဟာသူဗိုက်မနာသေးဘူးဆိုရင် ဆရာဝန်က ဗိုက်နာဖို့အတွက် ဆေးသွင်းပါလိမ့်မယ်။

7. ဗိုက်နာစိပ်လာခြင်း

မွေးဖွားခါနီးလတွေမှာ သားအိမ်ကြုံ့ပြီးတော့နာတာကို တစ်ခါတစ်လေခံစားရပါလိမ့်မယ်။ ဒါတွေကို Braxton Hicks contractions လို့ခေါ်ပါတယ်။ Braxton Hicks contractions နဲ့ မွေးခါနီးလို့အမှန်တကယ်ဗိုက်နာတာနဲ့ကို ခွဲခြားတတ်ဖို့လိုပါတယ်။

• ဗိုက်နာတာ ပုံမှန်ပဲလား - ဆိုလိုတာကတော့ ဗိုက်နာတာစတဲ့အချန်ကနြေ့ီေးတာ့ နောက်တစ်ခါထပ်နာတဲ့အချိန်ကိုမှတ်ထားပါ။ နာတာကပုံမှန်ဖြစ်နေပြီးတော့ ပိုပိုတိုးလာတယ် စိပ်လာတယ်ဆိုရင် ဒါက မွေးကာနီးလို့နာတာပါ။

• တစ်ခါနာရင်ဘယ်လောက်ကြာလဲ - ဗိုက်တစ်ခါနာရင်ဘယ်လောက်ကြာလဲဆိုတာကိုမှတ်ထားကြည့်ပါ။ ဗိုက်တကယ်နာတာက 30-70 စက္ကန့်လောက်ကြပါတယ်။

• ဗိုက်နာတာ ရပ်သွားသလား - တကယ်ဗိုက်နာတယ်ဆိုရင် ဘယ်လိုပုံစံနဲ့ပဲနေနေ၊ ဘာလှုပ်ရှားမှုပဲလုပ်လုပ် ဆက်ပြီးနာနေမှာပါပဲ။ တကယ်နာတာမဟုတ်ဘူးဆိုရင် လမ်းလျှောက်လိုက်ရင်၊ နားလိုက်ရင် (သို့) ပုံစံတစ်ခုခုပြောင်းလိုက်ရင် နာတာရပ်သွားပါလိမ့်မယ်။

တကယ်မွေးခါနီးမဟုတ်ဘဲဖြစ်တတ်တာတွေလည်းရှိပါတယ်။

ဘာကြောင့်ကလေးမွေးတာကိုပိုလှု့ံဆော်လည်းဆိုတာကို ဘယ်သူမှအတိအကျမသိသလို တစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံတွေလည်းမတူကြပါဘူး။ တစ်ခါတစ်လေဆိုရင် ဘယ်အချိန်မွေးမယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ မွေးခါနီးပြီးလား မနီးသေးဘူးလားဆိုတာမသေချာရင် ကိုယ့်ရဲ့ဆရာဝန်ကို ဖုန်းဆက်မေးဖို့ မကြောက်ပါနဲ့။ ကိုယ်ဝန် ၃၇ ပတ်မတိုင်ခင်မှာ မွေးဖို့လက္ခဏာတွေပြလာတယ်ဆိုရင် (သို့) ရေ၊ သွေးတစ်ခုခုဆင်းတယ်ဆိုရင် ဆရာဝန်၊ ဆရာမနဲ့တိုင်ပင်ပါ။

တကယ်မွေးခါနီးမဟုတ်ဘဲနဲ့ ဆေးရုံသွားမိတာကလည်း ရှက်စရာမလိုပါဘူး။ ဒါက ဖြစ်လေ့ရှိတဲ့ အခြေအနေတစ်ခုပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

























Dr. Mya Myo Myo Swe (www.drmyanmar.com)