ကဖင်းပါသောအားဖြည့်အချိုရည်များသည် ကလေးငယ်များအတွက် အဆိပ်အတောက်ဖြစ်စေနိုင််
အသက် ၆ နှစ်အောက်ကလေးငယ်တွေအနေနဲ့ ကဖင်းဓာတ်ပါတဲ့ စွမ်းအားဖြည့်အချိုရည်တွေသောက်ခြင်းဖြင့် အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်းလေ့လာမှုတွေအရ သိရှိခဲ့ရပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်း အမေရိကန်နိုင်ငံရှိအသက် ၆ နှစ်အောက် ကလေးငယ် ၂ ထောင်ကျော်ဟာ စွမ်းအားဖြည့်အချိုရည်သောက်ပြီးနောက် နှလုံးခုန်နှုန်းမူမမှန်ခြင်း၊ ၀က်ရူးပြန်ကဲ့သို့တက်ခြင်း၊ကြွက်သားများတောင့်တင်း၍သတိမေ့သွားခြင်းအစရှိသောရောဂါလက္ခဏာများ ခံစားရခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း လေ့လာမှုတစ်ခုကဖော်ပြထားပါတယ်။
Detroit မြို့ရှိ Michigan ကလေးဆေးရုံမှ ကလေးအထူးကုဆရာ၀န် Dr.Lipshultz က အသက် ၆ နှစ်အရွယ်ကလေးတွေအနေနဲ့တနေ့တာအတွက် ကဖင်းဓာတ် ၅၀ မီလီဂရမ်သောက်သုံးမိလျှင် အဆိပ်ဖြစ်စေနိုင်ပြီး၊ အသက် ၁၀ နှစ်အရွယ်ကလေးတွေအတွက် ကဖင်းဓာတ် ၈၀ မီလီဂရမ်သည် အန္တရာယ်ဖြစ်စေကာအသက် ၁၂ နှစ်အရွယ်ကလေးများအနေနဲ့ ကဖင်းဓာတ် ၁၀၀ မီလီဂရမ်သည် အဆိပ်အတောက်ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒီအချိုရည်တွေကြောင့် နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ အာရုံကြောဆိုင်ရာရောဂါ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်နိုင်ချေ မြင့်မားမှုရှိကြောင်းကိုလည်း ထပ်မံပြောကြားထားပါတယ်။
မိဘတွေအနေနဲ့ ကလေးငယ်တွေအတွက် အချိုရည်တစ်ခုခု၀ယ်မယ်ဆိုရင် ကဖင်းဓာတ်ပါ၀င်နှုန်းကို ဘူးခွံမှာသေချာဖတ်ပြီးမှ ရွေးချယ်၀ယ်ယူသင့်ပါတယ်။
CMS
















