/
news/ကလေးများနှင့်ကျန်းမာရေး/အသက်အရွယ်အစောပိုင်းကာလမှာ-ရရှိတဲ့အာဟာရဟာ-အသက်ကြီးလာတဲ့အခါ

အသက်အရွယ်အစောပိုင်းကာလမှာ ရရှိတဲ့အာဟာရဟာ အသက်ကြီးလာတဲ့အခါ ကလေးရဲ့ကျန်းမာရေးအပေါ် လွှမ်းမိုးမှုရှိပါတယ်

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ဟာ အလျှင်အမြန်ပဲ ကြီးထွားဖွံ့ဖြိုးလာတာကြောင့် ဒီလိုအချိန်မှာ အစားအသောက်ကိုသာ သေချာဂရုစိုက်ပြီးမကျွေးရင် အာဟာရဓာတ်ချိုတဲ့ခြင်း၊ ဒါမှမဟုတ် အာဟာရဓာတ်လွန်ကဲခြင်းတို့ ဖြစ်နိုင်ပါတယ်။ အာဟာရမမျှတတဲ့အခါ ကလေးရဲ့ ကိုယ်၊ စိတ်နှစ်ပါးကျန်းမာရေးကို ထိခိုက်လာနိုင်တာကြောင့် ကလေးအသက်အရွယ်အစောပိုင်းကာလမှာ အာဟာရမျှတအောင် ကျွေးပေးဖို့ အရေးကြီးပါတယ်။

ပြီးပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့အတွက် အသက်အရွယ်အစောပိုင်းကာလမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ခံအားစနစ်၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အရိုးနဲ့ကြွက်သားကျန်းမာရေး ကောင်းမွန်မှာဖြစ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ဟာလည်း ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒီအာဟာရဓာတ်တွေချို့တဲ့ရင် ကလေးအနေနဲ့ လူကောင်သေးတာ၊ ကိုယ်ခံအားနည်းတာ၊ ရောဂါပိုးအလွယ်တကူကူးစက်နိုင်တာမျိုး ဖြစ်လာနိုင်သလို ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီ၊ သကြားနဲ့ တာရှည်ခံအစားအသောက်တွေကို အလွန်အကျွံစားသုံးတဲ့အခါမှာလည်း အဝလွန်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

အသက်အရွယ်အစောပိုင်းကာလမှာ ပြည့်စုံမျှတတဲ့အာဟာရကို ရရှိခဲ့တဲ့ကလေးတွေဟာ အသက်ကြီးလာတဲ့အခါ ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိပြီး အဝလွန်ရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ၊ နှလုံးနဲ့သွေးကြောရောဂါ ဖြစ်နိုင်ခြေတို့ကို လျော့နည်းစေတာကို လေ့လာမှုတွေအရတွေ့ရှိရပါတယ်။ ဒါ့အပြင် ငယ်ရွယ်စဥ်မှာ DHA နဲ့ သံဓာတ်တို့ကို လုံလောက်စွာရရှိခဲ့မယ်ဆိုရင် ဦးနှောက်ဖွံဖြိုးမှုကောင်းမွန်ပြီး ကလေးရဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေလည်း မြင့်မားလာမှာဖြစ်ပါတယ်။ Vitamin A၊ Vitamin C နဲ့ ဇင့်ဓာတ်တို့ကိုသာ လုံလောက်စွာရရှိခဲ့မယ်ဆိုရင် ကိုယ်ခံစွမ်းအားကောင်းမွန်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ Vitamin D၊ ကယ်လ်ဆီယမ်ဓာတ်နဲ့ အသားဓာတ်တို့ လုံလောက်စွာရရှိခဲ့မယ်ဆိုရင် အရိုးတွေသန်မာပြီးတော့ အသက်ကြီးလာတဲ့အခါ အရိုးပါးအရိုးပွရောဂါကြောင့် အရိုးကျိုးနိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ပြည့်စုံမျှတတဲ့အာဟာရဟာ စိုးရိမ်မှုလွန်ကဲရောဂါနဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေတာကြောင့် ကိုယ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့အတွက် ပြီးပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါတယ်။

ဒါကြောင့် ကျန်းမာရေးကောင်းတဲ့ လူကြီးတစ်ယောက်ဖြစ်လာဖို့အတွက် ကလေးအသက်အရွယ် အစောပိုင်းကာလမှာကတည်းက အာဟာရစုံလင်စွာကျွေးပေးဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံရရှိအောင် လေ့ကျင့်ပေးဖို့ အကြံပြုချင်ပါတယ်။

www.drmyanmar.com