/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေမှာ-တွေ့ရတတ်တဲ့-ခြေဖျားထောက်ပြီး-လမ်းလျှောက်ခြင်းအကြောင်း

ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ ခြေဖျားထောက်ပြီး လမ်းလျှောက်ခြင်းအကြောင်း

Category
ကလေးများနှင့်ကျန်းမာရေး

ခြေဖျားထောက်ပြီး လမ်းလျှောက်တာဟာ လမ်းလျှောက်တတ်ခါစ ကလေးအများစု လုပ်လေ့ရှိတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ ဒီလိုခြေဖျားထောက်ပြီး လျှောက်တဲ့အကျင့်ဟာ ကလေးအများစုမှာ အသက် ၃ နှစ်ကျော်လာတဲ့အခါ အလိုလိုပျောက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့သောကလေးတွေမှာ အသက်ကြီးလာတဲ့အထိ ခြေဖျားထောက်ပြီး လမ်းလျှောက်တဲ့အကျင့်က မပျောက်ဘဲ ဆက်ရှိနေပါတယ်။ တကယ်တော့ ခြေဖျားထောက်တဲ့အကျင့်ဟာ ကလေးတွေ လမ်းလျှောက်တတ်ခါစမှာ ကိုယ်တိုင်မတ်တတ်ရပ်ပြီး ကောင်းကောင်း လမ်းမလျှောက်နိုင်သေးခင်မှာ နံရံတွေ၊ ပရိဘောဂတွေကိုကိုင်ပြီး လမ်းလျှောက်တဲ့အချိန်မျိုးမှာ လျှောက်လေ့ရှိတဲ့ အလေ့အကျင့်မျိုး ဖြစ်ပါတယ်။ ဒီလိုလမ်းလျှောက်တာမျိုးက ကလေးအသက် ၃ နှစ်ကျော်တဲ့အထိ ဆက်ရှိနေသေးတယ် ဆိုရင်တော့ ဒီကလေးဟာ လမ်းလျှောက်သင်တာကြောင့်မဟုတ်ဘဲ ခြေဖျားထောက်ပြီးလျှောက်ရတဲ့ တခြားသောအကြောင်းအရင်းတွေ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့်ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့လိုပါတယ်။

Biogesic for kids IA 1

>>  ကလေးတွေ ခြေဖျားထောက်လျှောက်ရခြင်းရဲ့ အကြောင်းအရင်းများ
ပုံမှန်ဆိုရင်တော့ ကလေးတွေမှာ ခြေဖျားထောက်လျှောက်တာဟာ အရမ်းကြီးစိုးရိမ်စရာမလိုတဲ့အထဲမှာ ပါပါတယ်။ ဒါပေမဲ့ ဒီလိုလျှောက်တာဟာ ကလေး အသက် ၃ နှစ် ကျော်လာတဲ့အထိ ဆက်လျှောက်နေမယ်ဆိုရင်တော့ အကြောင်းအရင်းကိုရှာဖို့ လိုပါပြီ။ ကလေးတွေ ခြေဖျားထောက်ပြီး လမ်းလျှောက်ရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးပါမယ်။

၁။  Achilles (အာခီးလီး) အရွတ်တိုနေခြင်း
ခြေဖနောင့်ရဲ့ကပ်ရပ် အပေါ်နားလေးမှာ Archilles ဆိုတဲ့အရွတ်ရ ှိပါတယ်။ ဒီအရွတ်က လမ်းလျှောက်တဲ့အခါ ကျုံ့ခြင်း၊ ဆန့်ခြင်းကို ပြုလုပ်ပြီး လမ်းလျှောက်တာ အဆင်ပြေစေဖို့ လုပ်ဆောင်ပေးပါတယ်။ မွေးရာပါ Archilles အရွတ်တိုနေတဲ့ကလေးတွေမှာ ဆိုရင်တော့ ခြေဖဝါးကို ရေပြင်ညီလျှောက်ဖို့ အဟန့်အတားဖြစ်စေပြီးတော့ ခြေဖျားထောက်လျှောက်တဲ့အကျင့် ဖြစ်စေပါတယ်။

၂။  Cerebral Palsy
Cerebral Palsy ဆိုတာကတော့ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းတစ်မျိုး ဖြစ်ပါတယ်။ Spastic cerebral palsy ဆိုတဲ့ ရောဂါအမျိုးအစားဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို တောင့်တင်းနေစေတာ ဖြစ်ပါတယ်။ ဒါကြောင့် ခြေထောက်နဲ့ ခြေဖဝါးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေကို အလွန်တောင့်တင်းနေစေပြီး လမ်းလျှောက်တဲ့အခါ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒီအခါမှာ ကလေးမှာ ခြေဖျားထောက်ပြီး လမ်းလျှောက်တဲ့အကျင့် ဖြစ်လာတာဖြစ်ပါတယ်။

၃။  အာရုံကြောရောဂါ
Periventricular Leukomalacia ရောဂါကတော့ အာရုံကြောထိခိုက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး လမစေ့ဘဲ မွေးဖွားတဲ့ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒီရောဂါကလည်း လမ်းလျှောက်တာမှာ အခက်အခဲဖြစ်စေနိုင်ပြီး ခြေဖျားထောက် လမ်းလျှောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၄။  Spastic Hemiplegia
ဒီရောဂါကလည်း ခန္ဓာကိုယ်ကို တောင့်တင်းနေစေတဲ့ရောဂါဖြစ်ပြီး ကလေးတွေမှာ Archillies tendon ကို တောင့်တင်းနေစေတ်ပါတယ်။ ဒီလိုတောင့်တင်းနေတဲ့အခါ ခြေဖဝါးကို ရေပြင်ညီချပြီး လမ်းမလျှောက်နိုင်တော့ဘဲ ခြေဖျားထောက်ပြီးသာ လမ်းလျှောက်နိုင်တော့တာ ဖြစ်ပါတယ်။

Biogesic for kids IA 2

၅။  အော်တစ်ဇင်နဲ့ တခြားသောဖွံဖြိုးမှု နှေးကွေးစေသောရောဂါများ
အော်တစ်ဇင်ရောဂါနှင့် တချို့သော ဖွံဖြိုးမှုနောက်ကျစေသော ရောဂါတွေကို ခံစားနေရတဲ့ကလေးတွေမှာ လူမှုရေးနဲ့ စကားပြောခြင်း အခက်အခဲတွေအပြင် ခြေဖျားထောက်ပြီး လမ်းလျှောက်တတ်တဲ့အကျင့်ပါ တွဲပြီးဖြစ်နေတတ်ပါတယ်။

၆။  အကြောင်းအရင်း တိတိကျကျမရှိခြင်း
အပေါ်မှာဖော်ပြခဲ့တဲ့ ရောဂါတွေမရှိဘဲ ကလေးဟာ ခြေဖျားထောက်ပြီး လမ်းလျှောက်နေပြီဆိုရင် သူ့ရဲ့ခြေကျင်းဝတ်မှာ ပြဿနာတစ်ခုခု ရှိနေသလားလို့ စမ်းသပ်ကြည့်ရပါမယ်။ ဒီလိုမှမရှိဘူးဆိုရင်တော့ ကလေးက ခြေဖျားထောက်ပြီး လမ်းလျှောက်တာ အကျင့်ပါသွားတာကြောင့် လျှောက်နေတာလို့ပဲ ယူဆလို့ရပါတယ်။

>>  နောက်ဆက်တွဲဆိုးကျိုးများ
ကလေးတစ်ယောက်ဟာ ၃ နှစ်ကျော်လာတဲ့အထိ ခြေဖျားထောက်ပြီး လမ်းလျှောက်နေမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ သူ့ရဲ့ အရိုး၊ အဆစ်တွေ ပျက်စီးနိုင်ပါတယ်။ ခြေထောက်ရဲ့ကြွက်သားတွေ ထိခိုက်နိုင်သလို လဲကျဖို့၊ ထိခိုက်ဒဏ်ရာရဖို့ အခွင့်အရေးပိုများပါတယ်။ ဒါ့အပြင် အသက်ကြီးတဲ့အထိ ဒီလိုလမ်းလျှောက်တဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် မေမေတို့အနေနဲ့ ဂရုစိုက် သတိပြုသင့်ပါကြောင်း မျှဝေပေးလိုက်ပါတယ်။
 

ဒေါက်တာအောင် (www.drmyanmar.com)