/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်များတွင်-အသည်းရောင်ခြင်းအကြောင်း-သိကောင်းစရာ

ကလေးငယ်များတွင် အသည်းရောင်ခြင်းအကြောင်း သိကောင်းစရာ

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတို့ရဲ့ သားသားမီးမီးလေးဟာ ခုတလော အစာမစားချင်တာမျိုး၊ ဖျားချင်သလိုဖြစ်တာမျိုးနဲ့ ဗိုက်နာတယ်လို့ ပြောနေတာမျိုး ရှိနေပါသလား။
ဒါဆိုရင် အသည်းရောင်ခြင်း ဖြစ်နေတာလားဆိုတာ လေ့လာနိုင်ဖို့အတွက် အသည်းရောင်ခြင်းဆိုင်ရာ ရောဂါလက္ခဏာတွေနဲ့ ကုသနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

>>  ဘာကြောင့် အသည်းရောင်သလဲ?
ပိုးဝင်ခြင်းကြောင့် အသည်းယောင်ခြင်းမှာ
(၁)  ဗိုင်းရပ်စ်
(၂)  မှို
(၃)  ဘက်တီးရီးယား
(၄)  ကပ်ပါးကောင် ဆိုပြီး လေးမျိုးခွဲခြားနိုင်ပါတယ်။
ဗိုင်းရပ်ကြောင့်ဖြစ်သော အသည်းရောင်အသားဝါကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဆိုပြီး ငါးမျိုးခွဲထားပါတယ်။

>>  ပိုးဝင်ခြင်းကြောင့်မဟုတ်တဲ့ အခြားအကြောင်းအရင်းတွေကတော့ -
(၁)  အဆိပ်နဲ့ဆေးများကြောင့်
(၂)  ကိုယ်ခံအားဆိုင်ရာရောဂါများ
(၃)  ကိုယ်တွင်းဇီဝပြောင်းလဲမှုကြောင့် ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။

>>  အသည်းရောင်ခြင်းက ဘယ်လိုကူးစက်ပါသလဲ?
အသည်းရောင်အသားဝါ A ပိုးနဲ့ E ပိုးက မသန့်ရှင်းတဲ့အစာနဲ့ ရေများကို စားသောက်ရာကနေ ကူးစက်ပြီးတော့ အသည်းရောင်အသားဝါ B ပိုး၊ C ပိုးနဲ့ D ပိုးကတော့ ရောဂါရှိသူရဲ့ သွေးနဲ့ ကိုယ်မှထွက်သော အရည်များကနေတစ်ဆင့် ကူးစက်ပါတယ်။
မိခင်တွင် အသည်းရောင်အသားဝါဘီပိုးရှိပါက ကလေးမွေးဖွားချိန်မှာ ရင်သွေးငယ်ကို ကူးစက်နိုင်ပါတယ်။

>>  အသည်းရောင် အသားဝါရောဂါ လက္ခဏာများ
မတ်တပ်ပြေးအရွယ် ကလေးငယ်တွေမှာ အသည်းရောင်အသားဝါ ဖြစ်ပေါ်နေပါက အောက်ပါလက္ခဏာများ တွေ့ရှိနိုင်ပါတယ်။
●  တုပ်ကွေးဖြစ်သလိုလက္ခဏာများ
●  အသားဝါခြင်း
●  ဖျားခြင်း
●  ပျို့အန်ခြင်း
●  အစာမစားလိုခြင်း
●  ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း
●  ဝမ်းအရောင်ဖျော့ခြင်း
●  ဆီးအရောင်ရင့်ခြင်း

>>  အသည်းရောင်အသားဝါရောဂါ မဖြစ်အောင် ကာကွယ်ဆေးရှိသလား?
အသည်းရောင်အသားဝါ စီပိုး၊ ဒီပိုးနဲ့ အီးပိုးများအတွက် ကာကွယ်ဆေးမရှိသော်လည်း အေပိုးနဲ့ ဘီပိုးအတွက်တော့ ကာကွယ်ဆေးများ ရှိပါတယ်။

>>  အသည်းရောင်အသားဝါဖြစ်နေသော ကလေးများအား ဘယ်လိုအစာတွေ ကျွေးသင့်လဲ၊ ဘာတွေရှောင်ရမလဲ?
ကယ်လိုရီများသောအစာကို ကျွေးပါ။ အသည်းရောင်နေသော ကလေးငယ်အနေနဲ့ အစာစားလိုစိတ် မရှိတတ်ပေမယ့် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်သောအစာတွေကို သူူ့အချိန်နဲ့သူ ကျွေးမွေးဖို့ မေမေတို့မှာ တာဝန်ရှိပါတယ်။ မနက်စာကို ပြည့်ဝစွာကျွေးပြီး နေ့လယ်စာနဲ့ ညစာကိုတော့ ပေါ့ပေါ့ပါးပါးဖြစ်မယ့်အစာမျိုးတွေ ကျွေးသင့်ပါတယ်။
အသည်းရောင်အသားဝါဘီပိုး ရှိနေသူတွေအတွက်ကတော့ ရေဓာတ်ပြည့်ဝဖို့ အရမ်းအရေးကြီးတာကြောင့် ရေသောက်ပေးဖို့လိုပါတယ်။ ပျို့ခြင်းနဲ့ အစာစားလိုစိတ် နည်းပါးခြင်းကတော့ အချိန်ကြာတာနဲ့အမျှ ပိုဆိုးတတ်တာမို့ ဆက်တိုက်ပျို့အန်နေမယ်ဆိုပါက သွေးကြောကနေ အရည်ဓာတ်သွင်းခြင်းတို့ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။
အသည်းဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းများအနက်တစ်ခုဖြစ်တာမို့ အသည်းကို ကောင်းစွာ ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် မိမိရင်သွေးလေးတွေမှာ အသည်းရောင်ခြင်း ဖြစ်ပေါ်တယ်လို့ သံသယရှိတယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လည်း အကြံပြုလိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)