အိပ်နေစဉ်အတောအတွင်း မကြာခဏ ဟောက်တတ်ခြင်းက ရေရှည်မှာကလေးငယ်ရဲ့ ကျန်းမာရေး ကိုထိခိုက်စေတယ်လို့ လေ့လာမှုတစ်ခုမှာဖော်ပြ
ကလေးငယ်အိပ်ပျော်နေစဉ်အတောအတွင်း ဟောက်သံကြားရသော်လည်း မိဘအများစုက ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို သဘောထားတတ်ကြပါတယ်။ အိပ်နေစဉ်အတောအတွင်း မကြာခဏ ဟောက်တတ်ခြင်းက ရေရှည်မှာ ကလေးငယ်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ Inc Journal of Otolaryngology z Otology မှာ ဖော်ပြထားပါတယ်။ ဆွီဒင်နိုင်ငံမှာရှိတဲ့ Gothenburg University မှ သုတေသီများရဲ့ လေ့လာမှုတစ်ခုအရ မကြာခဏဟောက်တတ်ခြင်းနှင့် အိပ်နေစဉ်အတောအတွင်း အသက်ရှုခေတ္တရပ်ဆိုင်းခြင်း (Sleep Apnea) ရှိခြင်းက ကလေးငယ်များရဲ့ ခန္ဓာကိုယ်ကြီးထွား ဖွ့ံဖြိုးမှုနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။
အိပ်နေစဉ်အတောအတွင်း မကြာခဏဟောက်ခြင်းကြောင့် နုံးခွေခြင်း၊ နေ့ဘက်တွင် အိပ်ငိုက်ခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း လျော့ကျခြင်း၊ သင်ကြားရေးတွင် ခက်ခဲမှုရှိခြင်း၊ ဖွ့ံဖြိုးမှုနှောင့်နှေးခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နိုင်ပြီး အိပ်ရာထဲတွင် အိပ်နေစဉ်အတောအတွင်းဟောက်ခြင်းနှင့် အတူ အသက်ရှုခေတ္တရပ်ဆိုင်းခြင်းပါ ခံစားရပါက နေ့စဉ် အသက်ရှင်နေထိုင်မှုဘ၀ပုံစံကိုပါ ပိုမိုထိခိုက်နိုင်တယ်လို့ သိရပါတယ်။
မကြာခဏဟောက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းက အာသီးရောင်ခြင်း ဒါမှမဟုတ် အကျိတ်ရှိခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ခွဲစိတ်မှုနဲ့ ပျောက်ကင်နိုင်တဲ့ ရောဂါအခြေအနေဖြစ်တာကြောင့် ကလေးငယ်မကြာခဏ ဟောက်ပါက မိဘများအနေဖြင့်ပေါ့ဆမနေဘဲ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆရာ၀န်နဲ့တိုင်ပင်ဆွေးနွေး သင့်ကြောင်းအကြံပြုလိုက်ပါတယ်။
Dr. Htet Htet Aung






























